
အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသွားသည့် စက်ရုံအလုပ်သမား ၃၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅၄ ဦးတို့ လုပ်ခလစာနှင့် နစ်နာကြေး အပြည့်အ၀ မရကြသေးကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(ABFTU) ထံက သိရသည်။
ထိခိုက်သေဆုံးသူများမှာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ J.L.P.C အထပ်သား စက်ရုံ၊ ပုလိပ်မြို့ရှိ မားမားခေါက်ဆွဲစက်ရုံ နှင့် E.A.P.C အချိုရည်စက်ရုံ၊ ပြည်ကြီးတံခွန်မြို့နယ်မှ ရသာကောင်း ချိုချဉ်စက်ရုံနှင့် ဆွီတီးဟုမ်းမွေ့ယာစက်ရုံတို့မှ ဖြစ်သည်ဟု ABFTU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရဲဘော်ဖိုးကျော်က Myanmar Now သို့ ပြောသည်။
စက်ရုံများကို ယာယီပိတ်ထားပြီး ဒဏ်ရာရ အလုပ်သမားတို့ အလုပ်ပြန်လည်ရရန်လည်း မသေချာသေးဟု သူကဆိုသည်။
“(သေဆုံးသူ မိသားစုတွေကို) ကရုဏာကြေးသဘော ပေးကြတာရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးဝါးကုသစရိတ် မပေးပါဘူး၊ မိသားစုကပဲ ကုရတာ။ စက်ရုံယာယီပိတ်ထားတော့ အလုပ်သမားတွေက သူတို့နေရပ်ပြန်ကြရတယ်၊ အလုပ်ပြန်ဖွင့်နိုင်ရင် ဆက်သွယ်မယ်ဆိုတာကိုပဲပြောလို့ အလုပ်ရောပြန်ရပါ့မလားဆိုပြီး စိုးရိမ်နေကြတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)မှ တာဝန်ရှိသူတစ်ဦးကလည်း မန္တလေးတိုင်းအတွင်းရှိ အထက်ပါစက်ရုံ ၅ ရုံတွင် အလုပ်လုပ်ကိုင်နေသော ၎င်းတို့ သမဂ္ဂအဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ဝန်းကျင် ဒဏ်ရာရသွားကြောင်း၊ ထိုအလုပ်သမားများကို အလုပ်ရှင်များက ထိထိရောက်ရောက် ကူညီဆောင်ရွက်ခြင်း မရှိကြောင်း ပြောသည်။
“သူတို့တွေ (အလုပ်ရှင်တွေ) ဘက်က ဘယ်လိုစီစဉ်ဆောင်ပေးမယ် ဆိုတာမျိုးကို တိတိကျကျ ဘာမှ မပြောဘူး” ဟု သူက ဆိုသည်။
သေဆုံး ထိခိုက်မှု များပြားသော စက်ရုံပိုင်ရှင်များသည် လျော်ကြေးအများအပြား မပေးလိုခြင်း၊ လူမှုဖူလုံကြေးနှင့် ကျန်းမာရေးအာမခံ အပြည့်အ၀ ပေးသွင်းမထားခြင်းတို့ကြောင့် ထိခိုက်သေဆုံးစာရင်းအရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ တိမ်းရှောင်နေကြသည်ဟု MICS-TUsF မှ တာဝန်ရှိသူက ဆိုသည်။
လွတ်လပ်စွာ လှုပ်ရှားခွင့် မရှိသည့်အခြေအနေတွင် ငလျင်ဘေးအတွင်း ထိခိုက်သေဆုံးခဲ့ရသော အလုပ်သမားများ၏ စာရင်းအတိအကျကို အလုပ်သမား သမဂ္ဂများက
တရားဝင် ကောက်ခံရန် ခက်ခဲနေကြောင်း၊ မန္တလေးတိုင်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ နှင့် အလုပ်ရှင်များက အလုပ်သမား ထိခိုက်သေဆုံးမှုများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ငလျင်ဘေးအတွင်း ထိခိုက်ခဲ့သော အလုပ်သမားများ လူမှုဖူလုံကြေး အာမခံပေးသွင်းထားပါက မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အနေဖြင့် လစာ၏ ၄၀ ရာခိုင်နှုန်း ရရှိရန် လျှောက်ထားနိုင်ကြောင်း မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုထောက်ပံ့ကြေး လျှောက်ထားမှုကို အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ရက်မှ ၃ လအတွင်း လျှောက်ထားရမည်ဟု အလုပ်သမား ဝန်ကြီးဌာနက ဆိုထားသည်။

လတ်တလောတွင် ငလျင်ဘေးသင့်ခဲ့သော စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့များမှ ပြိုကျပျက်စီးခဲ့သော စက်ရုံများစာရင်းနှင့် ထိခိုက်သေဆုံးခဲ့သော အလုပ်သမားစာရင်းများ တိတိကျကျရရှိနိုင်ရန် အလုပ်သမား သမဂ္ဂများက ပူးပေါင်း စာရင်းကောက်နေသည်။
“ကျွန်တော်တို့ သေဆုံးစာရင်းအတည်မပြုနိုင်သေးတဲ့ မန္တလေးမြို့က စက်ရုံ ၁ ရုံဆိုရင်
အလုပ်သမားတွေနေတဲ့ အဆောင်က မြေကြီးထဲကျွံဝင်သွားတာ၊ ညဆိုင်းဆင်းရတဲ့ အလုပ်သမားတွေနဲ့ မြေအောက်ခန်းမှာရှိတဲ့ အလုပ်သမားတွေပါကုန်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ ရဲဘော် ဖိုးကျော်က ပြောသည်။
“သူတို့အစီအစဥ်နဲ့ပဲ ပြိုကျတာတွေရှင်းပြီး ကွန်ကရစ်လောင်းပစ်လိုက်တယ်။ အလောင်းတွေလည်း မထုတ်ဘူး၊ မိသားစုက လာရောက်မေးမြန်းတဲ့အခါမှာလည်း သူတို့စက်ရုံမှာ ဒီလူတွေ အလုပ်မလုပ်ပါဘူးလို့ ငြင်းထုတ်ကြတယ်”
ထိုစက်ရုံ၏ အမည်ကို Myanmar Now က မေးမြန်းသောအခါ လတ်တလောတွင် စုံစမ်းနေဆဲဖြစ်၍ နာမည်ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း သူက ဆိုသည်။
မန္တလေးတိုင်းအတွင်းရှိ ငလျင်ကြောင့် ပြိုကျသွားသော စက်ရုံတစ်ခုသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလုပ်သမားများအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များကို ဝင်ခွင့်မပေးဘဲ ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ခဲ့သည်ဟု အလုပ်သမားအဖွဲ့များက ပြောဆိုသည်။
မန္တလေးတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စက်ရုံများသည် ယာယီရပ်ထားရ၍ အလုပ် သမားအများစု အလုပ်လက်မဲ့ဖြစ်နေပြီး မည်သည့်အချိန်တွင် အလုပ်ပြန်လည်ဆင်းရမည်ကို မသိရှိကြရသေးသလို စက်ရုံရပ်နားထား၍ လုပ်ခလစာခံစားခွင့်နှင့်ပတ်သက်ပြီးလည်း တိကျသေချာသော ဆွေးနွေးထားမှုများမရှိပေ။
ပြိုကျသွားသော စက်ရုံတချို့မှ အလုပ်သမားများသည် ငလျင်လှုပ်ခတ်ခဲ့သော မတ်လအတွက် လုပ်ခလစာကိုပင် မရရှိကြသေးသည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FGWM) တွဲဖက်အတွင်းရေးမှူး မအိက ပြောသည်။
“ကျွန်မတို့ အထင်က ဒီစက်ရုံတွေက မန္တလေးမှာ လည်ပတ်တော့မှာမဟုတ်ဘူး။ တခြားကို ပြောင်းနိုင်တယ်၊ ဘာလို့ဆိုရင် သူတို့လျော်ကြေးပေးရမှာတွေ၊ အလုပ်သမားတွေကို တာဝန်ယူရမယ့် ကိစ္စကို ရှောင်ပြေးချင်လို့” ဟု သူက ဆိုသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် မေလ ၄ ရက်နေ့ထိ စစ်ကောင်စီစာရင်းများအရ သေဆုံးသူ ၃၇၈၅ ဦးထိရှိသည်။ ဒဏ်ရာရ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ဦးထိရှိပြီး မန္တလေးမြို့သည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် အလုပ်သမားသမဂ္ဂ နှင့် အလုပ်သမားအရေးလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ခလစာနည်းပါးမှု နှင့် အလုပ်ရှင်၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုများကို အလုပ်သမားများ ရင်ဆိုင်နေကြရသည်။
ထို့ပြင် ပြည်တွင်း၌ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကာ စစ်သားစုဆောင်းမှု အစရှိသော အခြေအနေများကြောင့် အလုပ်သမားအများအပြားသည် အိမ်နီးချင်းနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာနေကြရာ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားလိုအပ် ချက်မြင့်မားနေသည်။