သတင်း

မကွေးတိုင်းတော်လှန်ရေးအဖွဲ့များ၏ ယာယီစုရပ် ဗုံးကြဲခံရ၊ ၇ ဦးထက်မနည်း သေဆုံး 

မြိုင်နှင့်ပခုက္ကူနယ်ထဲ ဝင်ရောက်နေသော စစ်ကြောင်းတစ်ခုကို ပိတ်ဆို့ဖြတ်တောက်မည့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တချို့ စုဝေးနေကြစဉ် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သူ များပြားခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်စပ်ရှိ ကျေးရွာစာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲချခဲ့ရာ လက်နက်ကိုင်တော်လှန်ရေးသမား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့် မေ ၅ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ စောင်ကျမ်းကုန်းရွာစာသင်ကျောင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ  တည်းခိုနေကြရာ ည ၈ နာရီအချိန်ခန့်၌ လေယာဉ်က ထိုနေရာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူများမှာ အသက် ၂၆ နှင့် ၃၀အကြားဖြစ်ကြပြီး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၄ ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ ၃ ဦး ပါဝင်ကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ 

၆ ဦး ပွဲချင်းပြီး သေဆုံးသည်၊ ဒဏ်ရာရသူ ၄ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၁ ဦးမှာ မေ ၇ ရက်နေ့က သေဆုံးခဲ့သည်ဟု ဆိုသည်။ 

“ဒဏ်ရာတွေ ကြည့်မယ်ဆိုရင် ရေချိုးနေရင်းနဲ့ နောက်ကနေ ထိတဲ့ဒဏ်ရာတွေဖြစ်မယ်၊ ကျွန်တော်တို့ ပေါက်(မြို့နယ်) က တော်တော်များများကျတာဆိုရင်ပေါ့နော်။ ထိခိုက်ဒဏ်ရာရတွေဆိုရင်လည်း နောက်စေ့ပွင့်တာတွေရှိမယ်။ နောက်ကနေမှန်ပြီးတော့ ဂုတ်ရိုးနားကနေ အာရုံကြောတွေ ထိသွားတာပေါ့” ဟု အထက်ပါ ဒေသခံက ပြောသည်။ 

“တစ်ယောက်ကတော့ အိမ်သာတက်နေရင်းနဲ့ ဗိုက်ကိုမှန်တာ။ ကျန်တဲ့ ၃ ယောက်ကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေတော့မရှိဘူး။ နောက် ၂ ယောက်ကတော့ နောက်စေ့ပွင့်တာတွေ။ နောက်စေ့မှန်ပြီး ဦးနှောက်တွေ ထွက်တာပေါ့” 

ဒဏ်ရာရထားသော ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- ပေးပို့)

ထိုလေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၉ ဦးခန့်ရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။  

အိုရင်း – ကမ္မ ကားလမ်းဘေးမှ စောင်ကျမ်းကုန်းရွာမှာ ပခုက္ကူမြို့မှ အနောက်ဘက် ၁၉ မိုင်ခန့်အကွာတွင် ရှိပြီး အိမ်ခြေ ၈၀ ခန့် ရှိသည်။ 

မြိုင်နှင့်ပခုက္ကူနယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ဖြတ်တောက် တိုက်ခိုက်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုက ထိုနေရာသို့ စုဖွဲ့ရောက်ရှိနေကြခြင်းဖြစ်သည် ဟု သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီက ပစ်မှတ်ထားတတ်သည့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦများတွင် အခြေချတပ်စွဲခြင်းမရှိသော်လည်း ယခုဖြစ်စဉ်တွင် ရပ်ဝေးမှတပ်ဖွဲ့များ ယာယီစုရပ်အဖြစ်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုက ဆိုသည်။ 

လေယာဉ်က စောင်ကျမ်းကုန်းရွာကို ဗုံးကြဲပြီးနောက် ထိုရွာနှင့်ကပ်လျက် အိုရင်းရွာသစ်ရွာအနီး တစ်ကြိမ်ဗုံးကြဲသည်၊  ရွာပြင်ယာတောအနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း မြေပြင်အခြေအနေသိရှိသည့် ဒေသခံများက ပြောသည်။ 

ထိုနေ့က ဗုံးကျသည့်နေရာတွင် ချိုင့်ကျင်းတစ်ခု ဖြစ်သွားသည်ဟု ဆိုသည်။ 

“ကျင်းကြီးက လူ့တစ်ရပ်လောက်ပေါ့။ အရပ် လေးပေ၊ ငါးပေလောက်ရှိတဲ့ လူဆင်းလိုက်ရင် အဲ့ဒီကျင်း ကြီးက မြုပ်တယ်ဗျ။ ကျင်းက အဲ့လောက်နက်တယ်။ ဘေးနားက ထန်းပင်တွေကလည်း အသီးတွေ ပြတ်ကျတယ်။ သစ်ပင်တွေ ပြတ်ကျတယ်”ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

ဧပြီလကုန်မှစပြီး ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်ရင်းမှထွက်လာသည့် အင်အား ၁၀၀ ကျော်စီ ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုသည် ပခုက္ကူမြို့နယ်၊ မြစ်ခြေဘက်မှတဆင့် ဒေသတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

ပထမ စစ်ကြောင်းသည် မြိုင်မြို့နယ်ထဲ ရောက်ရှိသွားချိန် မေလဆန်းမှစပြီး တော်လှန်ရေးအင်အားစုက ပိတ်ဆို့တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ကလည်း လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲခဲ့သည်။  

ထိုအချိန်တွင် ကပ်လျက်၊ ပခုက္ကူမြို့နယ်တွင် ကျန်ရှိနေသည့် ဒုတိယစစ်ကြောင်းကိုလည်း ဖြတ်တောက် တိုက်ခိုက်ရန်အတွက် ဒေသတော်လှန်ရေးအင်အားစုများမှာ စောင်ကျမ်းကုန်းရွာတွင် ယာယီစုရပ် လုပ်စဉ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

“မြိုင်နယ်ထဲရောက်သွားတဲ့ ပထမစစ်ကြောင်းကို အဖွဲ့တွေအကုန်လုံးနဲ့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ နောက် စစ်ကြောင်းကို ဖြတ်စောင့်နေတဲ့ ရဲဘော်တွေကို လေယာဉ်နဲ့ လာပစ်သွားတာ”ဟု ပခုက္ကူမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြိုင်မြို့နယ်အတွင်းရှိ တစ်ပတ်နီးပါးကြာဝင်ရောက်ခဲ့သည့်စစ်ကြောင်း   တိုက်ခိုက်ခံရမှုကြောင့် ထိုစစ်ကြောင်းမှာ ရှေ့ဆက်မတိုးနိုင်ဘဲ ဧပြီ ၇ ရက်နေ့တွင် ပခုက္ကူမြို့ဘက်သို့  ပြန်လည်ဆုတ်ခွာသွားသည်။

ထို့ပြင် ပခုက္ကူမြို့နယ်ထဲမှ စစ်ကြောင်းမှာလည်း ယမန်နေ့ (ဧပြီ ၈)ရက်က ပခုက္ကူ – မြစ်ခြေလမ်းမှ တဆင့် ပခုက္ကူမြို့သို့ ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။ 

ထိုစစ်ကြောင်းမဆုတ်ခွာမီ ၎င်းတို့ တပ်စွဲခဲ့ရာ လေးတန်းရွာဘုန်းကြီးကျောင်းကို မီးရှို့ခဲ့သလို မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်းရွာ အိမ် ၃၃ လုံးနှင့် သစ်ကြီးတောရွာမှအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ယခုနှစ်ဖေဖော်ဝါရီလလယ်က မြိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးခဲ့ပြီးနောက် နှစ်လအကြာတွင် တကျော့ပြန် စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များထံ အင်အားဖြည့်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း အညာမြေတပ်ပေါင်းစုမှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မှတ်ချက်ပြုသည်။ 

စစ်တပ်က မြိုင်မြို့ပေါ်ရှိ ရပ်ကွက်များကို ထိန်းချုပ်ထားပြီး စစ်တပ်လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး(ပြည်သူ့စစ်)များ အားကောင်းရာ တွင်းမ၊ သရက်ကန်နှင့် ကန်နီရွာတို့ခြေကုပ်ယူထားသည်။ 

ထိုရွာများမှအပ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။ 

မြိုင်နယ်အရှေ့တောင်ပိုင်း၊ ​ လေးတန်းရွာဘုန်းကြီးကျောင်း မီးရှို့ခံရသည်ကို မေ ၅ ရက် ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ- အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ရုပ်သံမှ)

Related Articles

Back to top button