သတင်း

ဗန်းမော်မြို့ပေါ်တွင် စစ်ရှောင်များခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ၁၅ ဦး သေဆုံး

စစ်ရှောင် ၄၀၀ ကျော်ခန့် ခိုလှုံနေသော ဘုန်းကြီးကျောင်းတစ်ခုကို လေတပ်က တိုက်ခိုက်နေသဖြင့် နေရာပြောင်းရွှေ့ပေးနေစဉ် စစ်လေယာဉ်က ဗုံးထပ်ကြဲရာ သက်ကြီး ရွယ်အိုနှင့်ကလေးများ ပါဝင်သော ၁၅ ဦး သေဆုံးခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် ဘုန်းကြီးကျောင်းတစ်ခု၌ ခိုလှုံနေသည့် ဒေသခံများကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA) နှင့်ပူးပေါင်းတပ်များက ယမန်နေ့ (မေ ၈) တွင် ကယ်ထုတ်စဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲချရာ စစ်ရှောင် ၁၅ ဦးခန့် သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။

မြို့မြောက်ဘက် ညောင်ပင်ရပ်ကွက်၊ တောင်လေးလုံးဘုန်းကြီးကျောင်းတွင် ရှိသည့် စစ်ရှောင် ၄၀၀ ကျော်က ၎င်းတို့ကို ကယ်ထုတ်ပေးရန် တောင်းဆိုကြသည့်အတွက် ယမန်နေ့က သွားကယ်ထုတ်ခဲ့သည် ဟု KIA စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ကယ်ထုတ်နေစဉ် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ကင်းထောက်ပြီးနောက် တိုက်ခိုက်ရေးလေယာဉ်ဖြင့် နှစ်ကြိမ်  ‌ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု နှစ်ခေါက်လုပ်တယ်၊ တစ်ခါလုပ်ရင် ဗုံးနှစ်လုံးနဲ့ လေးလုံးကြဲတယ်၊ ကြဲပြီးတော့မှ စက်သေနတ်တွနဲ့ ပစ်တဲ့အခါကျတော့ ရောက်ရှိနေတဲ့နေရာမှာတင် ၁၅ ယောက် သေသွားတယ်” ဟု အဆိုပါ သတင်းရင်းမြစ်အမျိုးသားက ပြောသည်။

သေဆုံးသူတို့မှာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်အများစု ဖြစ်ကြသည်၊ လူ ၃၀ ကျော်ဒဏ်ရာရကာ ၅ ဦးခန့် ပျောက်ဆုံးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ရုပ်အလောင်းများကို မကောက်ယူနိုင်သေးကြောင်း သိရသည်။

 KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ထိုဖြစ်ရပ်ကို အတည်ပြုသည်။  

“KIA တပ်ပေါင်းစုတွေက  သူတို့ကို သွားကြိုပြီးမှ လုံခြုံတဲ့နေရာဘက်ကို ရွှေ့ထားတယ် တဲ့။ အယောက် ၄၀၀ လောက်ရှိမယ်၊ အဲဒီ ညနေပိုင်းမှာ ဘုန်းကြီးကျောင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတယ် တဲ့။ အဲဒီမှာ သေတဲ့ သူတွေလည်း ပါတယ်၊ ဒဏ်ရာရတဲ့ သူတွေလည်း ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက  Myanmar Now ကို ပြောသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် စာမျက်နှာများတွင် စစ်တပ်ဒရုန်း ကင်းထောက်သည့် ရုပ်သံများ တင်ထားခဲ့ရာ ဘုန်းကြီးကျောင်းအနီးမှ စစ်ရှောင်အများအပြား ထွက်လာသည်ကို တွေ့မြင်ရသည်၊ ကင်းထောက်ပြီး နောက် လေကြောင်းမှ ထိုနေရာကို ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

မေ ၇ ရက်နေ့က ဗန်းမော်မြို့တွင်း စစ်တပ်တိုက်ခိုက်မှုတစ်ခု။

တောင်လေးလုံးဘုန်းကြီးကျောင်း

ယခုနှစ် ဧပြီ ၂၅ ရက်နေ့မှ စတင်ကာ KIA, KPDF ပူးပေါင်းတပ်များက ဗန်းမော်မြို့ကို တကျော့ပြန် ထိုးစစ်ဆင်နေရာ တောင်လေးလုံးရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာတချို့ကို သိမ်းပိုက်နိုင် ခဲ့ရာ စစ်ကောင်စီတပ်စွဲခဲ့သည့် တောင်လေးလုံးဘုန်းကြီးကျောင်းလည်း ပါဝင်သည်။

ထို့နောက် ရပ်ကွက်အတွင်း ပြန့်ကျဲနေသည့် စစ်ရှောင်များကို တောင်လေးလုံးကျောင်းတွင် စုပေါင်းထား စဉ် မေ ၇ ရက်နေ့တွင် စစ်ကောင်စီလေတပ်က ထိုကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ KIA သတင်းရင်းမြစ်က ပြောသည်။

“ဒီဘုန်းကြီးကျောင်းထဲမှာ အရပ်သားတွေရှိတာသိတယ်။ သူတို့ အရင်က တပ်စွဲခဲ့တဲ့နေရာ အဲဒီနေရာ၊ အဲဒါကို ကြဲတာ” 

ဗုံးကြဲမှုကြောင့် ထိုနေ့က စစ်ရှောင် နှစ်ဦးသေဆုံးခဲ့ရာ အများစုက ထိုဘုန်းကြီးကျောင်းတွင် ဆက်လက် မနေရဲကြတော့သဖြင့်  နေရာပြောင်းပေးရန် တောင်းဆိုခဲ့ကြ၍  KIA နှင့် ပူးပေါင်းတပ်များက ယမန်နေ့တွင် ကယ်ထုတ်နေစဉ် ထပ်မံဗုံးကြဲခံရခြင်းဖြစ်သည်။

ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ထိုဘုန်းကြီးကျောင်းမှ စစ်ရှောင် ၃၈၇ ဦးကို ၁၂ဘီးကား ခြောက်စီးဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ရှောင်များထဲတွင်  စစ်ကောင်စီတပ်မိသားစုဝင် များ ပါဝင်နေသည်ဟု သိရသည်။ အရေအတွက် မည်မျှရှိကြောင်း မသိရသေးပေ။

KIA ပူးပေါင်းတပ်များက ဗန်းမော်နှင့် မံစီမြို့တို့ရှိ စစ်စခန်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီသည်၊  ဇန်နဝါရီ ၈ ရက်တွင် မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဗန်းမော်ရှိ အဓိကစခန်းကြီးဖြစ်သည့် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဝင်းနှင့် ဗန်းမော်မြို့တွင်း တိုက်ပွဲများဆက်ဖြစ်နေသည်။

ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်၏ စကခ(၂၁)၊ မြို့တောင်ဘက်ရှိ အမှတ်(၄၇)ခြေလျင်တပ်ရင်း၊ တာမိုင်းလုံဘက်ရှိ တပ်မ(၈၈)တပ်တချို့၊ နည်းပညာတပ်တချို့၊ ထောက်ပို့တပ် စုစုပေါင်း စခန်း ၇ ခု ခန့် ကျန်ရှိနေသေးသည်ဟု KIA ထံက သိရသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများရှိ ဒရုန်းရုပ်သံများတွင် KIA, KPDF တပ်ဖွဲ့ဝင်များကို  တိုက်ခိုက်နေပုံနှင့် မြို့တွင်းအပျက်အစီးများကို တွေ့ရသည်။

ဗန်းမော်တွင် မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ အဝင်၊အထွက်လမ်းများကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က အင်အား ၆၀၀ ခန့်ဖြင့် ဖားကန့်မြို့ကို စစ်ကြောင်းထိုးနေသည်။

အဆိုပါ စစ်ကြောင်းမှာ ဖားကန့်မြို့နှင့် မိုင်၂၀ ခန့်အကွာ ကပ်မှော်ကျေးရွာတွင် ရောက်ရှိနေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကပ်မှော်ဆိုတဲ့ ရွာဘက်မှာ ဆိုင်းဖရာဘက်ကနေတက်လာတဲ့ စစ်ကြောင်းတွေကို မနေ့က ခုခံတိုက်ပွဲတွေ တော်တော်ပြင်းပြင်းထန်ထန်ရှိတယ်လို့ ပြောတယ်။ စကစ ဘက်ကလည်း တော်တော်များများ အထိနာပြီးမှ နန့်ယာရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ပြောတယ်” 

“ ၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် ရှမ်းမြောက်မှ MNDAA နှင့် TNLA အဖွဲ့တို့ တရုတ်၏ ဖိအားကို ရင်ဆိုင်နေရချိန် ကချင်ပြည်နယ်တွင် KIA က မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်နေသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယမန်နှစ် နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က မြို့အများအပြား သိမ်းပိုက်ထားနိုင်သည်။

ဧပြီ ၃၀ ရက်က ညောင်ပင်ရပ်ကွက်ကို ဗုံးကြဲပြီးနောက် မီးလောင်နေသည်ကို တွေ့ရစဉ်။

Related Articles

Back to top button