
ရုရှားနိုင်ငံရောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယကမ္ဘာစစ်ဆိုင်ရာ အခမ်းအနားတက်ရောက်သည့် နိုင်ငံခေါင်းဆောင်တချို့နှင့်တွေ့ဆုံဖွယ်ရှိပြီး ယမန်နေ့ (မေ ၈) တွင် ကာဇက်စတန်သမ္မတနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရာမှ ပေါ်ပေါက်လာသော၊ လူဦးရေ သန်း ၂၀ ရှိသော ကာဇက်စတန်နိုင်ငံ၏ သမ္မတနှင့်တွေ့စဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာငလျင် အရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
တစ်နေ့တည်းမှာပင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံသည်၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ယမန်နေ့ညက ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ညစာစားပွဲ ပြုလုပ်စဉ် ရုရှားသမ္မတနှင့် စစ်ခေါင်းဆောင် လက်ဆွဲနှုတ်ဆက်နေပုံ ရုပ်သံ ထွက်ပေါ်လာသည်၊ သို့သော်လည်း ၎င်းတို့နှစ်ဦး သီးခြားစီ တွေ့ဆုံရန် ရှိမရှိ မသိရသေးပေ။
ယနေ့ (မေ ၉ ရက်နေ့) တွင် ကျင်းပသည့် ဒုတိယကမ္ဘာစစ်အတွင်းမဟာမိတ်တပ်များ၏အောင်ပွဲနေ့ နှစ်(၈၀) ပြည့်အခမ်းအနား တက်ရောက်ရန် ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ မော်စကိုရောက်နေခြင်း ဖြစ်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ အဆိုပါအခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း စစ်ခေါင်းဆောင်က သီးခြား တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေချိန် နိုင်ငံအများအပြား၏ ဆန့်ကျင်မှုကို ခံနေရသဖြင့် မော်စကို အခမ်းအနားသို့ တက်ရောက်သည့် ထိပ်တန်းခေါင်းဆောင်များမှာ ရုရှား၏ မိတ်ဆွေနိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည်။
အခမ်းအနားတက်သည့် ရုရှား၏ မိတ်ဆွေနိုင်ငံခေါင်းဆောင်များအနက် အရေးပါသူတစ်ဦးမှာ တရုတ်သမ္မတ Xi Jinping ဖြစ်ပြီး သူ့ကို ပူတင်က တလေးတစား ကြိုဆိုနှုတ်ဆက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း စစ်ခေါင်းဆောင် တွေ့ခွင့်ရမည့်သူများထဲတွင် တရုတ်သမ္မတ ပါဝင်ခြင်း ရှိမရှိ မသိရသေးပေ။
ထိုခရီးစဉ်အတွင်း ရုရှားနှင့်လည်း နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်စေရန် ဆောင်ရွက် သွားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
ရုရှားခရီးတွင် စစ်ခေါင်းဆောင်နှင့်အတူ ၎င်း၏ ဇနီး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီးတို့အပါအဝင် စစ်တပ် အရာရှိများ လိုက်ပါသွားကြသည်။
စစ်ခေါင်းဆောင်၏ ဇနီးက ရုရှားလွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ လိုက်ပါခြင်းဖြစ်ပြီး ၎င်းနှင့် တွေ့ဆုံမည်၊ ထို့ပြင် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ Ms. Anna Nesterova နှင့်လည်း တွေ့မည်ဟု ဆိုသည်။
စစ်ခေါင်းဆောင်နှင့်အဖွဲ့ မေ ၇ ရက် မွန်းလွဲပိုင်း မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့စဉ် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး Mr. Andrey Rudenko က လာကြိုခဲ့သည်။
စစ်ခေါင်းဆောင်သည် မတ်လဆန်း ရုရှားခရီးစဉ်တွင် မော်စကိုမြို့ရှိ Grand Kremlin နန်းတော်၌ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သေးသည်။
ထိုတွေ့ဆုံမှုအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယားဓာတ်အားစက်ရုံနှင့် စွမ်းအင်လုပ်ငန်း ၊ နည်းပညာ၊ သတင်းအချက်လက်နှင့် ဆက်သွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူခဲ့ကြသည်။
အမေရိကန်အပါဝင်အနောက်နိုင်ငံများ၏ စီပွားရေးပိတ်ဆို့မှုဒဏ်ခံနေရသော်လည်း ရုရှား နှင့်မြန်မာ အပြန်အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာသည်ဟု ရုရှားဝန်ကြီး ချုပ် Mr. Mikhail Vladimirovich Mishustin က မတ် ၄ ရက်နေ့ စစ်ခေါင်းဆောင်နှင့်တွေ့ စဉ် ပြောကြားခဲ့ကြောင်း ရုရှားအစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားခရီးစဉ်များနှင့် တိုးတက်လာသောဆက်ဆံရေး
အာဏာသိမ်းပြီး ၅ လခန့်အကြာ ပထမတစ်ကြိမ်အဖြစ် ရုရှားနိုင်ငံခရီးစဉ်မှာ မော်စကိုတွင် ကျင်းပသော Moscow Conference on International Security 2021 သို့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ မှ ၂၇ ရက်နေ့အထိ စစ်ခေါင်းဆောင်က သွားရောက်ခဲ့သည်။
ထို့နောက် ၂၀၂၂ စက်တင်ဘာလတွင် ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU)၌ ပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022) တက် ရောက်ခဲ့ပြီး ရုရှားသမ္မတနှင့် ဖိုရမ်တွင်သာ တွေ့ဆုံခဲ့ပြီး သီးခြားတွေ့ဆုံမှု မရှိခဲ့ပေ။
ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရုရှားနိုင်ငံပိုင် Sputnik News Agency နှင့် မြဝတီ ရုပ်မြင်သံကြားတို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုခရီးစဉ်အတွင်း ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးခဲ့သည်၊ စီးပွားရေး ဆိုင်ရာ ဆွေးနွေးမှု ရလဒ်များ ပေါ်ထွက်လာစေရန် ဖော်ဆောင်နိုင်ခဲ့သည်ဟု စစ်ကောင်စီက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
၎င်းပြန်ရောက်ပြီး နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှု မြှင့်တင် ရေး၊ ရုရှားမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရေး၊ မြန်မာမှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ တွင်းထွက်နှင့် သဘာဝသယံဇာတပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေးများ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၌ ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။
ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations က ထိုစင်တာ ဖွင့်နိုင်ရေး ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ထိုလထဲမှာပင် ၁၆ ရက်နေ့၌ ရုရှားနှင့်မြန်မာသံတမန်ဆက်သွယ်ထူထောင်မှု (၇၅)နှစ်မြောက်အဖြစ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ပြုလုပ်ရာ စစ်ခေါင်းဆောင် တက်ရောက်ခဲ့သည်။
ရုရှားနှင့် ဆက်ဆံရေးတိုးတက်လာသော ပြယုဂ်အနေဖြင့် ၂၀၂၃ ဇွန် ၃၀ ရက်နေ့တွင် စစ်ခေါင်းဆောင် က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံမတ်ကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံတည်ဆောက်နိုင်ခဲ့သည့်အတွက်ဟုဆိုကာ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သည်။
ယင်းနှစ် မတ်လအတွင်း ရှေ့နေချုပ် H.E. Mr. Igor Krasnov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာ ရောက်မှုလည်း ရှိခဲ့သလို ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း( 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၌ နိုဝင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုပွဲသို့ ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက် ရောက်ခဲ့ကြသည်။
ထို့နောက် ၂၀၂၅ မတ် ၃ ရက်နေ့တွင် စစ်ခေါင်းဆောင် ရုရှသို့ သွားခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ကောင်စီဝန်ကြီးများဖြစ်သော ဦးသန်းဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ စစ်ကောင်စီပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့ လိုက်ပါသွားသည်။