သတင်း

မန္တလေး သပိတ်ကျင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ တစ်ဦးသေပြီး ၉ ဦးဒဏ်ရာရ

နှစ်ရွာပေါင်း လူ ၅၀ ကျော် သေဆုံးထားသော သပိတ်ကျင်းနယ်မှ ရွာ နှစ်ရွာကို လေတပ်က ဗုံးထပ်ကြဲခဲ့စဉ် ဒေသခံ ၁၀ ဦး ဒဏ်ရာရသည့်အနက်မှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးသွားသည်။

မကြာသေးမီက  ဗုံးကြဲတိုက်ခိုက်မှုများကြောင့်  ကလေးများအပါအဝင်  အစုလိုက်အပြုံလိုက် သေဆုံးခဲ့သော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာနှင့် လိပ်ကျရွာကို ယမန်နေ့တွင် လေတပ်က ထပ်မံဗုံးကြဲခဲ့ကြောင်း သိရှိရသည်။ 

ဗုံးကြဲမှုကြောင့် ဒေသခံ ၁၀ ဦး ဒဏ်ရာ ရရှိ၍ ထိုအထဲမှ အမျိုးသားတစ်ဦး ယနေ့နံနက်တွင် သေဆုံးသွားခဲ့သည်။ 

ယမန်နေ့ ​မွန်းတည့် ၁၂နာရီကျော်ခန့်က ရေထွက်ရွာ ရွာလယ်လမ်းဆုံကို ဗုံးကြဲကြောင်း၊ ရွာချင်းဆက်နေသည့် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်ရှိ လိပ်ကျရွာကိုပါ ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရတယ်။ ၇ ဦးထဲက အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ အဆောက်အဦပျက်စီးမှုက နေအိမ် ၅ လုံးလောက်ပျက်စီးသွားတယ်”ဟု သပိတ်ကျင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ဧပြီ ၁၉ ရက်နေ့၌ ရေထွက်ရွာ၏လူစည်ကားရာ ရွာလယ်ဈေးတန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် လသားအရွယ်ကလေးငယ်များအပါအဝင် ဒေသခံ ၄၀ ကျော်အထိ သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ရေထွက်ရွာနှင့်ကပ်လျက် လိပ်ကျရွာကိုလည်း ဧပြီ ၁၆ ရက်နေ့မှ စတင်ပြီး သုံးရက်ဆက်ဗုံးကြဲရာ  ၁၃ ဦး သေဆုံးခဲ့သေးသည်။

သပိတ်ကျင်းမြို့နယ်အတွင်း အဆိုပါရွာ နှစ် ရွာသည် ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့် အသက်မွေးကြ သည့် ရွာများဖြစ်ပြီး လိပ်ကျရွာသည် လူစည်ကားသည့် ရွာကြီးဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရမှု ကျေးရွာပြမြေပုံ။

“ပြည်သူတွေပဲ နေတာပဲလေ။ သူတို့အဓိကက ပြည်သူတွေသေစေချင်တာပဲလေ။ ပြည်သူတွေ စိတ်ဓါတ် ကျအောင်လုပ်ချင်တာ”ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

အလားတူ တော်လှန်ရေးစိုးမိုးနယ်မြေများဖြစ်သည့်အတွက် စစ်ကောင်စီက ပြန်လည်ရယူလို၍ ပစ်မှတ် ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟု   ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဆိုသည်။

“သပိတ်ကျင်း ရေထွက်ဖက်တွေက ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် သူတို့တွေ ပြန် လိုချင်လို့ ကြဲနေတာ”ဟု ပြင်ဦးလွင်ခရိုင်(ပကဖ)သတင်းတာဝန်ခံက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် တို့နှင့် မတ္တရာ စသည့်နေရာတို့ရှိ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများကို ယခု လပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေသည်။

သပိတ်ကျင်းမြို့နယ်အတွင်းမှာပင် ဧပြီလတစ်လတည်းမှာ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်ရှိခဲ့ပြီး လူ ၅၀ ကျော်သေဆုံးခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသော စဉ့်ကူး၊ သပိတ်ကျင်းနှင့် နယ်မြေအများစု စိုးမိုးထားသော မတ္တရာတို့သာမက နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်များကိုလည်း စစ်ကောင်စီ လေတပ်က အရှိန်မြှင့် တိုက်ခိုက်နေသည်။

ရှမ်းမြောက်နှင့်ထိစပ်နေပြီး တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် အဖိုးတန်ပတ္တမြားထွက်ရာ မိုးကုတ် မြို့ကို စစ်ကောင်စီက  တရုတ်နိုင်ငံ အကူအညီဖြင့် ပြန်ရယူရန်  ကြိုးပမ်းနေသော်လည်း TNLA က ထိုတောင်းဆိုချက်ကို ပယ်ချထားသည်။

ဤအခြေအနေတွင် လေတပ်က မိုးကုတ်မြို့နှင့် TNLA ထိန်းချုပ်ထားရာ မြို့များကို   ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီသည် ငလျင်အကြောင်းပြကာ ဧပြီ နှစ် ရက်မှ မေလကုန်အထိ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ မရပ်တန့်ခဲ့ပေ။

NUG လူ့အခွင့်အရေးဝန်ကြီးဌာန မေလ ၆ ရက်နေ့၌ ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ မှ မေ ၂ ရက်အထိ စစ်တပ်က ရန်ကုန် တိုင်းမှ အပ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ရာ အရပ်သား ၂၇၀ ကျော်သေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ရေထွက်ရွာမှ နေအိမ်အပျက်အစီးတချို့။  (ဓာတ်ပုံ- ပြင်ဦးလွင်ခရိုင်(ပကဖ)

Related Articles

Back to top button