
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အနောက်တောင်ဘက်ရှိ မာန်လည်ရွာကို ယမန်နေ့ (မေ ၆ ရက်) တွင် စစ်ကောင်စီ လေတပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့ရာ ဒေသခံ အသက် ၆၀ နှင့် ၂၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များထံက သိရသည်။
မွန်းလွဲ ၂ နာရီခန့်တွင် စစ်သုံးတိုက်ခိုက်ရေးလေယာဉ်က နွားထိုးကြီးမြို့နယ် အနောက်တောင်ဘက် နွားထိုးကြီး-တောင်သာလမ်းအနီးရှိ မာန်လည်ရွာကို ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ အကြာ လေကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ကိုမိုးက Myanmar Now ကို ပြောသည်။
“Jet Fighter နဲ့ သုံးကြိမ် ဝဲ ပြီးတော့ ဗုံးသီး ၃ကြိမ်ချတယ်။ မိနှစ် ၂၀ လောက် ပတ်ဝဲပြီးတော့ ပစ်တာ ပေါ့။ ပစ်ခတ်တဲ့ အချိန်မှာ မထိခိုက်ဘဲ ဗုံးကြဲတဲ့ အချိန်မှာ ထိခိုက် သေဆုံးတာတွေ များတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူများနှင့်ပတ်သက်ပြီး အခြေအနေအသေးစိတ်မသိရှိရသေးပေ။
ဗုံးကြဲခံရသည့် မာန်လည်ရွာသည် နွားထိုးကြီး-တောင်သာ ကားလမ်းဘေးရှိ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် လက်ဝဲ-မြင်းနီရွာအနီးတွင် တည်ရှိပြီး လေတပ်က မကြာခဏတိုက်ခိုက်လေ့ရှိသော ကျေးရွာဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် မာန်လည်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်၊ မတ် ၂၃ ရက်နေ့က လက်ဝဲ-မြင်းနီရွာ ဗုံးကြဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အိမ်ခြေ ၂၂ လုံး မီးလောင်ကျွမ်းခဲ့သည်။
တော်လှန်ရေးအားကောင်းသည့် မြင်းခြံခရိုင်
၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၊ “ ရှမ်းမန်း စစ်ဆင်ရေး” အရှိန် မြင့်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းများအားကောင်းသည့် မြေပြန့် ဒေသများတွင်လည်း စစ်ကောင်စီတပ်စခန်းများကို အရှိန်ဟုန်ဖြင့် ထိုးစစ်ဆင်ခဲ့ကြသည်။
မန္တလေးမြို့ တောင်ဘက်ခြမ်း ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံ မြို့နယ်များတွင်လည်း ဒေသခံ တော်လှန်ရေး အင်အားစုများက “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာအတွင်းကလည်း မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက်တပ်ဖွဲ့များက ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တက်ကာ စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသေးသည်။
“မြင်းခြံ ခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အပြီး စစ်ကောင်စီ တပ်စခန်းများမှာ မြင်းခြံမြို့နှင့် နန်းမြင့်တောင် ဝန်းကျင်တွင် တပ်စွဲထားပြီး လေကြောင်းဖြင့်သာ အဓိက ထိုးစစ်ဆင်နေသည်ဟု နွားထိုးကြီး ပ.က.ဖ တာဝန်ခံ ကိုမိုးက ဆက်ပြောသည်။
“အဓိကတော့ စစ်တပ်ဘက်က သူတို့ အခြေချတဲ့ ဘက်နားလေးပဲ စစ်ကြောင်း ထိုးတာမျိုးရှိတယ်။ သူတို့ အင်အားကောင်းတဲ့ နားလေးလောက်ပဲ။ ကျန်တဲ့နေရာတွေကတော့ သူတို့ဘာမှ မလွှမ်းမိုးနိုင် ပါဘူး။ လေကြောင်းရန် ကာကွယ်ရေးအတွက်လည်း သင်တန်းပေးနေကြတာရှိပါတယ်”
ယခုနှစ် မတ်လ ၉ ရက်က နွားထိုးကြီးမြို့အရှေ့မြောက်ဘက် ဝက်လူးရဲစခန်းမှ ထွက်လာသော အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်တံဆိပ်ပါ အင်အား ၂၀၀ ကျော်သည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခု မြေပြင်စစ်ကြောင်းထိုးလာစဉ် ချုံခိုတိုက်ခိုက်ခံရပြီး အထိနာခဲ့သည်။
အဆိုပါတိုက်ပွဲတွင် အရာရှိ ၂ ဦးအပါအဝင် သုံ့ပန်း ၁၄ ဦးနှင့် လက်နက်အများအပြားရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
မြေပြင်စစ်ကြောင်း အထိနာသွားပြီးနောက် မြင်းခြံမြို့ (ခမရ) ၁၅ မှ ဧပြီ ၁၁ ရက်နေ့က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ လက်ဝဲ- မြင်းနီရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သေးသည်။
မကြာသေးခင် ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်ကလည်း နွားထိုးကြီးမြို့နယ်အတွင်း နဘဲမြစ် ရွာနှင့်မန်ကျည်းကုန်းရွာကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသသတင်းများ ဖော်ပြနေ သော နွားထိုးကြီး Journal က ဖော်ပြထားသည်။
မန်ကျည်းကုန်းရွာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးကာ နဘဲမြစ်ရွာ တွင်လည်း နေအိမ် ၄ လုံးပျက်စီးခဲ့သည်။
အလားတူ တောင်သာမြို့နယ်တွင် ဧပြီ ၁၈ ရက်နေ့က နန်းတည်ရွာကို ဗုံးကြဲခဲ့ရာ ၆ ဦးထိခိုက်ခဲ့ပြီး အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည်၊ ဧပြီ ၂၅ ရက်တွင် မကျည်းပင်တဲကျေးရွာအား လေကြောင်းတိုက် ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့စဉ် အမျိုးသမီး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ် ၇ လုံးပျက်စီးသွားခဲ့သည်။
