
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း မတ်လ ၉ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် အရာရှိ ၂ ဦး အပါအဝင် သုံ့ပန်း ၁၄ ဦး နှင့် လက်နက်အများအပြား ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ သတင်းထုတ်ပြန်သည်။
မြို့အရှေ့မြောက်ဘက် ဝက်လူးရဲစခန်းမှ ထွက်လာသော အမှတ် (၁၀၁) ခြေမြန် တပ်မဌာနချုပ် လက်မောင်းတံဆိပ်ပါ အင်အား ၂၀၀ ကျော်သည့် စစ်ကောင်စီစစ်ကြောင်းကို ဝက်လူးရွာမှ ၆ မိုင်ကျော်ခန့် အကွာ ကျားတွင်းဘိုးရွာအနောက်တောင်ဘက်တွင် NUG ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သုံ့ပန်းအရာရှိများမှာ ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကိုတို ဖြစ်သည်၊ သေနတ် ၄၄ လက်၊ ကျည်ဆန်တစ်သောင်းကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ဓာတ်ပုံနှင့်တကွ ယနေ့ ထုတ်ပြန်သည်။
မိတ္ထီလာနှင့် တံတားဦးလေတပ်မှတက်လာသည့် စစ်လေယာဉ်များက ၂ ကြိမ် ပစ်ကူခဲ့သည်၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ၂၅ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၄) နှင့် (၁၀) တပ်ရင်း ၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။
နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြင်းခြံခရိုင် PDF အမှတ် (၄) နှင့် (၁၀) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
“ ညနေ ၂ နာရီခွဲလောက်မှာမှ အလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိပြီးတော့မှ နောက်နေ့အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်ဝင်ရတာပေါ့” ဟု သူက ပြောသည်။
အထက်ပါတာဝန်ရှိသူ၏ ဆိုရှယ်မီဒီယာတွင် ထုတ်ပြန်သောဓာတ်ပုံအရ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၇ ဦးခန့်၏ အလောင်းများ တွေ့ရသည်။

ထိုစစ်ကြောင်းမှာ မတ်လဆန်းမှစပြီး နွားထိုးကြီးမြို့နယ်မြောက်ပိုင်းတွင် လှည့်လည်နေခြင်းဖြစ်သည်၊ မတ် ၈ ရက်နေ့ကလည်း ဝက်လူးရွာမှထွက်လာပြီး အနီးရှိ ကံဦးရွာသို့ ဝင်ရောက်စီးနင်းခဲ့သည်။
နောက်တစ်နေ့ မတ် ၉ ရက် နံနက် ဝက်လူးရွာမှ ထွက်လာသော ထိုစစ်ကြောင်း တော်လှန်ရေးအင်အားစု ဆင်ထားသည့် မိုင်းကွင်းထဲ အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“(ဒီဘက်က)လုပ်ထားတဲ့မိုင်းကွင်းက ကျယ်ပြန့်တော့ အဲ့ဒီထဲကို တည့်တည့်ဝင်လာတော့ ကစဉ့်ကလျား ဖြစ်သွားပြီး စီမံမှုမထိန်းနိုင်တော့တဲ့အနေထားမျိုးဖြစ်သွားတယ်ထင်တယ်” ဟု တော်လှန်ရေး အင်အားစု များနှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစု လှုပ်ရှားမှု အားကောင်းရာ နွားထိုးကြီးမြို့နယ်တောင်ခြမ်းတွင် လက်ရှိ အချိန်ထိ မြေပြင်စစ်ကြောင်းထိုးမှု မရှိသေးသော်လည်း လေကြောင်းမှကင်းထောက်ပျံသန်းမှုများ၊ ကပ်လျက် မြင်းခြံမြို့နယ် အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းစခန်းက လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေကြောင်းသိရသည်။
နွားထိုးကြီးနယ်အတွင်း စစ်ကောင်စီလေယာဉ်က အမြဲလိုလို ကင်းထောက်နေပြီး ရံဖန်ရံခါ အနိမ့် ပျံသန်းတတ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာတွေအမြဲတမ်းလိုလိုဝဲနေတာပဲ။ မနေ့တုန်းကဆိုရင်ဂျက်ဖိုက်တာကတော့ အမောင်းသင်ပဲ ပြောရမလား။ ကင်းထောက်ပဲ ပြောရမလားတော့မသိဘူး။ ဗုံးသီးတော့မပါဘူး။ ရွာပေါ်မှာနိမ့်နိမ့်လေးဝဲ သွားတာ အဲ့ဒါနဲ့ ဂရုစိုက်နေရတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။
“တောင်ပံပေါ်မှာ ဗုံးသီးမပါဘူး။ ငါးမန်းကြီးလိုမျိုး တောင်ပံကြီးက ပြားချပ်ကြီး၊ နိမ့်နိမ့်လေးဆိုတော့ ကြည့်လိုက်တော့ မြင်နေရတာ”
ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာမှထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့စဉ် စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက် ၃၉ လက် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၊ ရှမ်းမန်း စစ်ဆင်ရေး အရှိန်မြင့်တက်နေသည့် ပြီးခဲ့သည့်နှစ်လယ်ပိုင်း တွင် မန္တလေးမြို့တောင်ဘက်ခြမ်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သုံးပွင့်ဆိုင်တည်ရှိရာ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး အဖြစ် လှုပ်ရှားခဲ့သည်။
စစ်ကောင်စီက နွားထိုးကြီးမြို့နယ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က သတင်းတစ်ပုဒ် ထုတ်ပြန်ထားသည်။ မာန်လည်ရွာကို လေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရသည် ဟူသောသတင်းမှာ မှားနေကြောင်း၊ ဒဏ်ရာရသူတို့မှာ တော်လှန်ရေးအဖွဲ့ဝင်များ ဖြစ်ကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောကြောင်း ထိုထုတ်ပြန်ချက်တွင် ရေးထားသည်။
