
စစ်တပ်နှင့် အပစ်ရပ်ထားသော ကယန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ပိုင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ယခုနှစ် မတ်လမှစတင်၍ ပူးပေါင်းအကောင်ထည်ဖော်ရန်စီစဉ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြင်းမထိတောင်ဒေသ အကြီးစားခဲသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံ ပရာဒေါင်း ဆွေမျိုးစုများက ကန့်ကွက်နေသည်။
ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်နှင့် ၎င်း၏မိသားစုဝင် အနည်းဆုံး ၂ ဦး ဒါရိုက်တာအဖြစ် ပါဝင်နေသည့် လေးပွင့်ကြယ် ကယန်းဒေသဖွံဖြိုးတိုးတက်ရေး သတ္ထုတူးဖော်မှုလီမိတက် (Four Star Kayan Region Development Mining) နှင့် မာစတာဝမ်အမည်ရ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီတို့ သက်တမ်း ၅ နှစ်စာချုပ်ချုပ်ဆို၍ မြင်းမထိတောင်တွင် သတ္ထုတူးဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။
ရှမ်းနှင့် ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် သိကျိတ်ရွာ မြင်းမထိတောင်ဒေသကို ကယန်းပြည်သစ်ပါတီက ထိန်းချုပ်ထားပြီး သတ္ထုတူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ ပရာဒေါင်း ဆွေမျိုးစုများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိသလို ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ပရာဒေါင်း ဆွေးမျိုးစု ဥက္ကဋ္ဌ ခွန်အောင်နိုင်စိုးက ပြောသည်။
ပရာဒေါင်း ဆွေမျိုးစုဆိုသည်မှာ ယယန်းမျိုးနွယ်စုကြီး ၄ ခုထဲတွင်ပါဝင်သော ဆွေမျိုးစုများစွာအနက် တစ်ခုဖြစ်သည်။
“ကျွန်တော်တို့ စိုးရိမ်တာက လက်ရှိက နိုင်ငံရေးအခြေအနေလည်းမကောင်းတာတစ်ဖက် လူထုဘက်က အကာကွယ်ပေးမယ့် ဥပဒေတွေလည်းအတိအကျမရှိဘူးပေါ့နော်။ နောက်တစ်ခု လူထုရဲ့ တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်မှုတွေပေါ့နော်။ ချန်ထားစေချင်တယ်။ ကုမ္ပဏီကြီးဝင်ပြီးလို့ရှိရင် သေချာတယ်။ လူထုက ၁၀ နှစ်လုပ်ရမယ့်ကိစ္စကို သူက တစ်လနှစ်လနဲ့ ပြီးအောင်လုပ်မယ့်အခြေအနေမျိုးရှိတယ်။ အဲ့ဒါကြောင့် ကုမ္ပဏီကြီးတွေ လက်မခံချင်ဘူး” ဟု သူက ပြောသည်။
အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက ယနေချိန်ထိ မြင်းမထိတောင်တွင် ဒေသခံများက တစ်ပိုင်တစ်နိုင် သတ္ထုတူးဖော်မှုများရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် လေးပွင့်ကြယ်ကုမ္ပဏီက ဒေသခံများကို အသိမပေးဘဲ မြင်းမထိတောင်ဒေသ၌ ၎င်းတို့ကုမ္ပဏီပိုင် လုပ်ကွက်များသတ်မှတ်ခဲ့ကြောင်း သူက ပြောသည်။
စစ်အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း၍ သတ္ထုတူးဖော်ထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း မပြေလည်မှုများရှိ၍ စီမံကိန်းရပ်ဆိုင်းထားရမှ ယခုအခါ ထိုလုပ်ကွက်နေရာတွင် တူးဖော်မှုပြန်လည်စတင်ရန်စီစဉ်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“လက်ရှိအခြေအနေမတည်မငြိမ်ဖြစ်တဲ့ ကာလကြောင့်မို့လို့ ဝင်နေတဲ့ စက်ယန္တယားတွေ၊ ကုမ္ပဏီတွေက နောက်ပြန်ဆုတ်ပေးပါ။ အပြီးအပိုင်ရပ်ဆိုင်းပေးပါပေါ့။ ကျွန်တော်တို့က ပြတ်ပြတ်သားသားတောင်းဆို ထားတာပေါ့နော်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၁၇ တွင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစုကိုယ်စာလှယ်တို့ တွေ့ဆုံခဲ့သော်လည်း ပြေလည်မရကြောင်း မေ ၉ ရက်တွင် ထပ်မံတွေ့ဆုံရန်ရှိသည်ဟု သိရသည်။ စီမံကိန်းရပ်ဆိုင်းထားရန် ဒေသခံတို့က မြင်မထိတောင်အနီးတွင် မေလဆန်းမှစ၍ နေစဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြနေကြသည်။
ထိုစီမံကိန်းဆက်လက်လုပ်ကိုင်ပါက မြင်းမထိတောင်အနီး ကျေးရွာ ၅ ခု၏ လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး တစ်ပိုင်တစ်နိုင်သတ္ထုတူးဖော်သော ပရာဒေါင်းဆွေမျိုးစုနယ်မြေ ကျေးရွာပေါင်း ၁၁ ရွာမှ လူပေါင်း ၅၀၀၀ ကျော်အပေါ်သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။
လေပွင့်ကြယ်ကုမ္ပဏီဘက်မှ မတ်လအတွင်း စီမံကိန်းပြန်စတင်ရန် သတ္ထုတူးဖော်ရေးယန္တယားများ၊ တရုတ်ဝန်ထမ်းများ၊ ဆိုက်လုံခြုံရေးဝန်ထမ်းများချထားခဲ့သော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် လုပ်ငန်းရပ်ထားကြောင်း သိရသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ လေးပွင့်ကြယ်ကုမ္ပဏီ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ရန် Myanmar Now က ကြိုးစားနေဆဲဖြစ်သည်။
ကယန်းပြည်သစ်ပါတီကမူ မေ ၅ ရက်တွင် မြင်းမထိတောင်သတ္ထုတူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ထားပြီး တရားမဝင်သည့် လူမှုအသင်းအဖွဲ့တစ်ခု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသွင်ဖြင့် ကယန်းဒေသ မတည်မငြိမ်ဖြစ်စေရန် လှုပ်ဆော်နေကြောင်း ရေးသားဖော်ပြထားသည်။
”ကယန်းပြည်သူလူထု၏ အကျိုးစီးပွားကို ခြိမ်းခြောက်အန္တရာယ်ပြုခြင်းမှန်သမျှအား ထိရောက်စွာ ဟန့်တာကာကွယ်သွားမည်” ဟုလည်း ဖော်ပြထားသည်။
ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအတွက် ၁၉၆၄ နှစ်တွင် ကယန်းပြည်သစ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် နဝတအစိုးရလက်ထက်တွင် စစ်တပ်နှင့် အပစ်ရပ်ဆဲခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆီဘူးရွာတွင် ဌာနချုပ်တည်ရှိသည်။
အပစ်အခတ်ရပ်စဲခဲ့ပြီး၊ အခြားအပစ်ရပ်အဖွဲ့များကဲ့သို့ ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုသည့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် မပါဝင်ခဲ့သော်လည်း ၂၀၂၁ နောက်ပိုင်း စစ်တပ်နှင့် တိုက်ပွဲ မရှိပေ။
သို့သော် ယခုနှစ် ဧပြီ ၁၀ ရက်တွင် ကယန်းအမျိုးသားနေ့အခမ်းအနားကျင်းပရာ ဖယ်ခုံမြို့နယ် သိကျိတ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပစ်ရပ်ဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ ဗုံးကြဲမှုကို ကန့်ကွက်ကြောင်း ကယန်းပြည်သစ်ပါတီက ဧပြီ ၁၁ တွင် ထုတ်ပြန်ခဲ့သည်။
ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်သည် ၂၀၁၂ မတ်လတွင် လေးပွင့်ကြယ် သတ္ထုတူးဖော်ရေး ကုမ္ပဏီကို မှတ်ပုံတင်ခဲ့သလို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အခြားကုမ္ပဏီတစ်ခုဖြစ်သည့် လေးပွင့်ကြယ် ကယန်းဒေသ ဖြိုးတိုးတက်ရေးလီမိတက် (Four Star Kayan Region Development) နှင့်လည်း ဆက်နွယ်မှုရှိသည်။
မြန်မာနိုင်ငံတွင် ဒေသဖွံဖြိးရေးခေါင်းစဉ်ဖြင့် သတ္တုတူးဖော်ရေးစီမံကိန်းပေါင်းများစွာရှိခဲ့သော်လည်း ဒေသကိုထိန်းချုပ်သည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီများသာအကျိုးရှိပြီး ဒေသခံများအကျိုးအမြတ်မရှိဘဲ ပဋိပက္ခများကြားတွင် နစ်မြုပ်နေရကြောင်း သတ္တုထူးဖော်ရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်သည့် Myanmar Mining Watch Network အဖွဲ့၏ ပြောခွင့်ရ ပေါလ်က ပြောသည်။
“မြင်းမထိတောင်မှာ အကြီးစားစီမံကိန်းတွေဝင်လာတယ်။ တရုတ်လုပ်ငန်းရှင်တွေဝင်လာတယ်။ ဒါဟာ ဒေသတွင်းမှာ ပဋိပက္ခတွေ အများကြီးဖြစ်ပေါ်နိုင်တယ်။ မြေယာသိမ်းဆည်းမှုတွေ အများကြီး ဖြစ်ပေါ် နိုင်တယ်။ လူမှုရေးပြဿနာတွေ အများကြီးဖြစ်ပေါ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးမတည်ငြိမ်သည့်အပြင် လူအခွင့်အရေးချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို စောင့်ကြည့်နိုင်သည့် ယန္တယားမျာအားမကောင်းသဖြင့် အကြီးစားသတ္တုတူးဖော်ရေးစီမံကိန်းများကို ရပ်ထားသင့်ကြောင်း၊ ဒေသအာဏာပိုင်များက ဒေသခံတို့၏ အခွင့်အရေးကို ကာကွယ်ပေးသင့်ကြောင်း ပေါလ်က ပြောသည်။
အခြားတစ်ဖက်တွင် တရုတ်လုပ်ငန်းရှင်များသည် အာဏာပိုင်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ နိုင်ငံအနှံတွင် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။