သတင်း

နှစ်ကြီးသမားတချို့ကို အိုးဘိုထောင်ပိုင်က လက်နက်တပ်ဆင်ထား 

မန္တလေးထောင်မှ ရာဇဝတ်အကျဉ်းသားတချို့ကို လက်နက်တပ်ဆင်ပေးကာ ထောင်အရာရှိ၏ သက်တော်စောင့်များအဖြစ် အသုံးပြုနေသည်ဟု ထောင်တွင်း သတင်းရင်းမြစ်များထံက သိရသည်။

မန္တလေးမြို့မှ အိုးဘိုထောင်ပိုင်ဦးသိန်းဇော်မောင်သည် ရာဇဝတ်အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးကာ ၎င်း၏ထောင်တွင်းသက်တော်စောင့်များအဖြစ် အသုံးပြုနေသည်ဟု အကျဉ်းထောင်တွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်ဟုလည်းခေါ်သည့် အိုးဘိုထောင်မှ  အကျဉ်းသား ၂၀ ခန့်သည်  ဦးသိန်းဇော်မောင်၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်ကျင်စက်၊ လေးခွ၊ ဒိုင်း၊ နံပတ်တုတ်စသည့်လက်နက်များ ကိုင်ဆောင်ခွင့်ရထားသည်၊ ၎င်းတို့သည် ထောင်ပိုင်ထောင်တွင်းသို့လာရောက်စစ်ဆေးချိန်တွင် သက်တောင်စောင့်အဖြစ် တာဝန်ယူရသည်ဟု အဆိုပါသတင်းအရင်းအမြစ်ကဆိုသည်။

ထောင်ပိုင် ဦးသိန်းဇော်မောင်သည် အိုက်ကျွဲ နှင့် ပိစိဆိုသည့် ရာဇဝတ်အကျဉ်းသားနှစ်ဦးကို အထူးအရေးပေးကာ သူ၏လူယုံအဖြစ် အသုံးပြုနေသည်ဟုလည်း ၎င်းကဆိုသည်။

“လျှပ်စစ်တုတ်တွေကိုင်ပြီး ထောင်အာဏာပိုင်တွေလာရင် နောက်ကနေ လိုက်ပေးရတယ်။ ဝန်ထမ်းတွေတောင် မကိုင်ရတာကို ဒီကောင်တွေ ကိုင်ရတာ”ဟု အထက်ပါအရင်းမြစ်က ပြောသည်။

အိုက်ကျွဲသည် လူသတ်မှုဖြင့်  နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူဖြစ်ပြီး၊ ပိစိသည်လည်း နှစ်ရှည် ထောင်ဒဏ်ချခံထားရသူဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။   

ဦးသိန်းဇော်မောင်သည် အကျဉ်းသားအုပ်စုအပြင် MA11 သေနတ်ကိုင်ဆောင်ထားသည့် ရဲနှစ်ဦး၊ မျက်ရည်ယိုဗုံများ ဆောင်ထားသည့် ထောင်ဝန်ထမ်းများခြံရံ၍ ထောင်အတွင်း  ဝင်ရောက်တတ်သည်ဟု အထက်ပါသတင်းအရင်းမြစ်က ပြောသည်။

“အကျဉ်းထောင်ဥပဒေမှာ မည်သူမဆိုလက်နက်ကိုင်ဆောင်ခွင့်မပြုဆိုပြီးရေးထားတယ်။ သူ့အလှည့်ကျမှ အဲဒါကို ဆန့်ကျင်သလိုဖြစ်တာကပေ့ါ” ဟု သူက ပြောသည်။

အိုးဘိုထောင်တွင် အကျဉ်းကျနေသူ ၁၀,၀၀၀ ကျော် ရှိပြီး ယင်းအနက် နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသူ ၁,၂၀၀ ထက်မနည်းရှိသည်ဟု သိရသည်။

Myanmar Now အနေဖြင့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကရင်နီပြည်နယ် လွိုင်ကော်၊ ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးညှင်းအကျဉ်းထောင်များတွင်လည်း လက်နက်တပ်ဆင်ပေးသည့်ဖြစ်စဉ်များရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)၏ မတ် ၁၄ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ၂၀၂၃ ခုနှစ်က ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်များ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ကြစဉ်က အကျဉ်းကျနေသည့် စစ်သားပြေး၊ ရဲပြေးများကို စစ်တပ်က လက်နက်ပြန်လည်တပ်ဆင်ပေး၍ ပြန်လည်တိုက်ခိုက်ကြသည်ဟု PPNMအဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ရှင်းပြသည်။

ထို့အပြင် ဗန်းမော်မြို့နှင့် မိုးညှင်းမြို့တို့ရှိ အကျဉ်းထောင်များ၌  ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျနေသည့် အကျဉ်းသားတချို့ကို လက်နက်တပ်ဆင်ပေးထားပြီး  စစ်လက်နက်သယ်ယူပို့ဆောင်ရေး၊ ထောင်တွင်းခံစစ်၊ ကာကင်းစခန်းများတွင် အသုံးပြုနေသည်ဟု PPNM က ဆိုသည်။

အဆိုပါအကျဉ်းသားများမှာ မူးယစ်ဆေး၊ လူသတ်မှုတို့အပါဝင် ရာဇဝတ်မှုဖြင့် အကျဉ်းကျနေသူများကြောင်း သိရသော်လည်း အသေးစိတ်အခြေနေကို ဆက်လက်စိစစ်နေဆဲဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်တပ်များသည် ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်က လေကြောင်းအသုံးပြု၍ ပြင်းပြင်းထန်ထန်တုံ့ပြန်လျက်ရှိသည်။

Related Articles

Back to top button