သတင်း

ထိုင်းနယ်စပ် ထီးခီးတပ်စခန်းကို  ပူးပေါင်းတပ် ထိုးစစ်ဆင်​

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများတွင် ဖမ်းမိသည့်ဗျူဟာမှူး စစ်ကြောရေးတွင် သေဆုံးသည်၊ စစ်တပ်က စစ်ကူပို့နိုင်ရန် ထိုင်းနယ်မြေကို အသုံးပြုနေသည်ဟု KNU/KNLA က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်  နေရာ စစ်ကောင်စီက ၎င်း၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်အသုံးပြုပြီး ခုခံနေသလို ထိုင်းနယ်မြေကို ဖြတ်သန်းကာ စစ်ကူပို့နေသည်ဟု   ဒေသခံများနှင့် စစ်ရေးသတင်း ရင်းမြစ်များထံက သိရသည်။ 

ကရင်အမျိုးသား အစည်းအရုံး KNU/KNLA  တပ်မဟာ ၄ အဆင့်မြင့် အရာရှိ တစ်ဦးက ထိုဒေသတွင် တော်လှန်ရေးအင်အားစု စိုးမိုးထိန်းချုပ်ထားသည့်နေရာ များပြားသဖြင့် စစ်ကောင်စီတပ်၏ စစ်ကူများ ဖြတ်သန်းရန် ထိုင်းနိုင်ငံ နယ်နိမိတ်ထဲ မဖြစ်မနေ ဝင်ရောက်ခဲ့ကြသည်ဟု   ပြောသည်။ 

“သူတို့က စစ်ကူလာတာက ဒီလမ်းကနေပြီးလာတာမဟုတ်ဘူး၊ ထိုင်းဘက်ကနေပြီးတော့ လာတာ။ အဲဒီမှာ နတ်အိမ်တောင်ဆိုတဲ့ မြန်မာရွာရှိတဲ့ နယ်စပ်ဘက်ကနေလာတာ။ ထီးခီး စခန်းကို ထားဝယ်-ထီးခီးလမ်းကနေ သူတို့လာလို့ မရဘူး။ အဲဒီတောက်လျှောက်က ကျွန်တော်တို့ စိုးမိုး ထားတာ” ဟု ၎င်းက ပြောသည်။ 

“ထီးထာ စခန်းကို စစ်ကူလာတဲ့ အင်အား ၂၀၀ လောက်က သူတို့ မရောက်ခင်မှာ ထီးထစခန်းက ကျသွားတော့ ထီးခီး စခန်းထဲကို ရောက်နေတယ်။ ကျွန်တော်တို့ မှန်းထားတဲ့ ပုံသဏ္ဌာန်နဲ့တော့ နည်းနည်းလေး လွဲသွားတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က မရ ရအောင် တိုက်မှာပါ” 

လေတပ်ကလည်း တစ်ရက်လျှင် ၃ ကြိမ် လာရောက်ပစ်ခတ်နေသည်ဟု ၎င်းက ပြောသည်။ 

ထီးခီး စခန်းကို ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကြာမြင့်နေပြီ ဖြစ်သည်၊  ထီးခီးနှင့် ငါးမိုင်ခန့် အကွာအဝေးတွင် တည်ရှိသော ထီးထာဗျူဟာကုန်းကို ဧပြီ ၁၉ တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဓိက တပ်စခန်းဖြစ်သည့်  ထီးထတပ်စခန်းကို  ဆက်လက် တိုက်ခိုက်နေသည်။  

နယ်စပ်ကုန်သွယ်ရေးတွင်  အရေးပါသည့် ထီးခီးတွင် စစ်ကောင်စီတပ်က ပြင်းပြင်း ထန်ထန်ခုခံခဲ့သည်၊  သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့သည့်အထဲတွင် ဗျူးဟာမှူး ပါဝင်သည်ဟု အထက်ပါ KNLA အဆင့်မြင့် အရာရှိက ဆက်ပြောသည်။ 

“အဲဒီ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ချိန်မှာ စစ်တပ်ဘက်က အင်အား ၁၀၀ ကျော်ကျော် လောက်ရှိ တယ်။ လက်နက်မချဘူးဗျ။  လက်နက်က  ၅၀ ကျော်ကျော်လောက်တော့ သိမ်းမိတာရှိတယ်။ အင်အား ၁၀၀ ကျော်မှာ ကျန်တာသေတယ်။ သေတာရော၊ ထွက်ပြေးတာတွေရော ရှိသေးတယ်။ အရှင် ဖမ်းမိတာက ၁၅ ယောက်” ဟု ၎င်းက ပြောသည်။ 

ဗျူဟာမှူးမှာ စစ်ကြောရေးကာလတွင် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည်ဟု KNU/KNLA တပ်မဟာ ၄ က ဆိုသည်။ 

ထီးခီးစခန်းတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကံပေါက်အခြေစိုက် အမှတ် (၂၇၃) ခြေလျင်တပ်ရင်းစခန်း တပ်စွဲထားပြီး  တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နယ်စပ်ရှိ ထိုင်းစစ်တပ်နှင့် နားလည်မှုယူထားနိုင်သည်ဟု သိရကြောင်း  စစ်သက် ၂၀ ရှိသည့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ 

ပူးပေါင်းတပ်များက ထီးထဗျူဟာကုန်းကို တိုက်ခိုက်နေချိန်တွင် ထီးခီးစခန်းမှ စစ်ကောင်စီတပ်သားများက ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံနေကြသည်ဟု သူက ဆက်ပြောသည်။

“ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ထိုင်းဘက်က စစ်ဒေသမှူးနဲ့ တော်တော်ရင်းနှီးတယ်။ ထီးခီးစခန်းက ဒီဘက် မြန်မာပြည်ဘက်ခြမ်းက ပိတ်ထားတာဆိုတော့ စစ်ကူကို ထိုင်းဘက်နေပဲ ဖြည့်နေရတဲ့ သဘောရှိတယ်” ဟု စစ်ရေးဆိုင်ရာသတင်းများ စုဆောင်းနေသည့် ၎င်းက ပြောသည်။  

တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည့်   ထားဝယ်ခရိုင် လေးမြို့နယ်တွင် လေတပ်ဗုံးကြဲမှုကြောင့် ဧပြီလ အတွင်း အရပ်သား ၆ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရသည်၊ စစ်ဘေးဒုက္ခသည် နှစ်သောင်း နီးပါးရှိနေသည်ဟု ဒေါန တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ 

စစ်ကောင်စီတပ်က  အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး အနီးရှိ သရက်ချောင်းမြို့နယ်၊  ထားဝယ်-ထီးခီးလမ်း နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်ဟု ဒေါန တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ တာဝန်ခံ ကိုယောနသံက ပြောသည်။ 

“စစ်တပ်ဘက်ကတော့ စစ်ရေး ပစ်မှတ်ဆိုတာထက် စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်ဖက် အဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်နေတာရှိတယ်။ ဒီဟာတွေ အတွက် သတိရှိပြီး နေဖို့ လိုတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ပြည်သူတွေ အတွက် ကုစားပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ဘေးဒုက္ခသည်များမှာ နီးစပ်ရာ ကျေးရွာ၊ စိုက်ခင်းဥယျာဉ်၊ တောတောင်ထဲတွင် ခိုလှုံနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊  ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေ၊ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေအတွက် ပြန်လည် ကုစားရေးတွေပဲ ဖြစ်ဖြစ် လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးဖို့ လိုအပ်တယ်” ဟု  ၎င်းက ပြောသည်။ 

တနင်္သာရီတိုင်းတွင် မတ်လ အတွင်း   နေရပ် စွန့်ခွာ ထွက်ပြေးရသူ ၆၆၈၀၀ ကျော် ရှိနေသည်၊ ထားဝယ်ခရိုင်အတွင်း ၂၇၃၀၀ ကျော်ရှိသည်ဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် FE5Tanintharyi က ဧပြီ ၂၃ တွင် ထုတ်ပြန်ထားသည်။ 

တနင်္သာရီမြို့နယ် တစ်ခုတည်းတွင် ဒေသခံ ၁၈၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။  

Related Articles

Back to top button