မတ် ၃၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အစိုးရသစ်ကို စတင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဘုံသဘောတူညီချက် ရယူဆောင်ရွက်နေပြီဟု သိရသည်။
ဧပြီ ၁ တွင် ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး ကြားကာလ ဖွဲ့စည်းပုံအခြေခံမူအဖြစ် Federal Democracy Charter တစ်ခုကို ကိုင်စွဲသွားမည်ဟု CRPH၏ ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခ) မောင်တင်သစ်က ပြောသည်။
ထို Federal Charter မှာ လွတ်မြောက်နယ်မြေတွင် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်ထိ ၁၈ နှစ်ကြာ ရွေးဆွဲခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားခြင်းဖြစ်သည်။
ဦးဆောင်ရေးဆွဲခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စသည့် အင်အားစုများက ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းမှုအခြေအနေ၊ ဖက်ဒရယ်တပ်မတော်တည်ထောင်ရေး CRPH ၏ လတ်တလော ဆောင်ရွက်ချက်များကို မေးမြန်းထားသည်။
မေး။ ။ မကြာခင်ကာလမှာ CRPH ကနေ ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းသွားမလဲ။
ဖြေ။ ။ လာမယ့် ရက်ပိုင်းအတွင်းမှာ အစိုးရသစ်တစ်ခု ပေါ်ထွက်လာဖို့ဆိုတာ မှန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ဖို့ ရည်မှန်းထားတာဆိုတော့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေ ပါဝင်လာအောင် စီစဉ်နေပါတယ်။ အထူးသဖြင့် NLD တွေကော၊ NLD မဟုတ်တဲ့သူ ပုဂ္ဂိုလ်တွေပါ ဒီအစိုးရသစ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်မယ့် အစိုးရ ပေါ်ထွက်လာဖို့ ရည်ရွယ်ထားတာပါ။ ပြောမယ်ဆိုရင်တော့ ဒီအစိုးရက ပုံမှန်အခြေအနေမှာ တာဝန်ထမ်းဆောင်ရမယ့်ဟာမျိုး မဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်းပဲ တိုက်ပွဲကာလ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကာလမှာ ဖွဲ့စည်းရတဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် ပြောမယ်ဆိုရင် တိုက်ပွဲဝင်အစိုးရတစ်ရပ် ပေါ်ထွက်လာမယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒီအစိုးရမှာ ဘယ်သူတွေ ပါဝင်မလဲ ဆိုတာကတော့ ဖွဲ့စည်းမှုပြီးတဲ့အခါမှာ နိုင်ငံကိုရော၊ နိုင်ငံတကာကိုရော တရားဝင်အသိပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ အရိပ်အမြွက်လောက် ပြောပြနိုင်မလား၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရော ပါဝင်လာနိုင်မလားဗျ။
ဖြေ။ ။ ဒီအချိန်မှာပြောဖို့ အချိန်မသင့်သေးတဲ့အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
မေး။ ။ ဒီအစိုးရသစ်က ယာယီအစိုးရအနေနဲ့ သွားကြမလား၊ ကြားကာလ ဘယ်အခြေခံဥပဒေကို အသုံးပြုသွားဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဆိုတာကတော့ CRPH အနေနဲ့ တရားဝင်ပြောခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတဲ့အခါမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ကိုင်စွဲမယ့် ၂၀၀၈နေရာမှာ အစားထိုးမယ့် ပဋိညာဉ်တစ်ခုကို အခု ဆွေးနွေးပြီး၊ သဘောတူပြီး ဖြစ်ပါပြီ။ ဒီပဋိညာဉ်ကိုလည်း ရက်ပိုင်းအတွင်းမှာပဲ တိုင်းပြည်ကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီပဋိညာဉ်ကတော့ အဓိကအားဖြင့် ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေရှိမယ်၊ စံတန်ဖိုးတွေရှိမယ်။ ဆက်သွားမယ့် နိုင်ငံရေးလမ်းပြမြေပုံပါမယ်။ အဓိကအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ အခြေခံမူတွေ၊ လမ်းညွှန်အခြေခံမူတွေ ပဋိညာဉ်မှာ ပါပါလိမ့်မယ်။ Federal Democracy Charter လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ အဲ့ဒါကတော့ ဒီ Charter ရဲ့ အပိုင်း(၁)ပေါ့။ အပိုင်း(၂)မှာကတော့ ဒီကြားကာလ ညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးလမ်းပြမြေပုံကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်တွေ ပါပါလိမ့်မယ်။ ဒီပဋိညာဉ်ကလည်း ဆွေးနွေးသဘောတူပြီး ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ နိုင်ငံကို ကြေညာသွားမှာပဲ ဖြစ်ပါတယ်။
မေး။ ။Federal Charter နဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေ သူတို့တွေနဲ့ ယုံကြည်မှုရအောင် ဆွေးနွေးခဲ့တာတွေရှိလဲ၊ အချိန်ဘယ်လောက်များ ယူခဲ့လဲ။
ဖြေ။ ။ တစ်ဖွဲ့ချင်းဆွေးနွေးနေတာတွေကတော့ ကြာပါပြီ။ CRPH ပေါ်ပေါက်စမှာပဲ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့တာပါ။ ဒီပဋိညာဉ်တစ်ခုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရသစ်တစ်ခု ပေါ်ပေါက်ဖို့ ကျနော်တို့ အလေးအနက်ဆွေးနွေးကြတာကတော့ အချိန် ၂ ပတ် ယူခဲ့ရတယ်လို့ ပြောလို့ရပါတယ်။ ဒီအခြေအနေရှိပါတယ်။
မေး။ ။ ယခင်ကာလတွေတုန်းက NLD နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား သဘောတူညီမှုရှိခဲ့တဲ့ အခြေခံဥပဒေဟာ အစိုးရသစ်ရဲ့ ကြားကာလဖွဲ့စည်းပုံ မူကြမ်းဖြစ်လာနိုင်သလား။ ဒီ Federal Charter မှာပါဝင်တဲ့ အချက်တွေဟာ ဒီ အခြေခံဥပဒေမူကြမ်းပါ အချက်တွေ ပြန်လာပါဝင်သလား။
ဖြေ။ ။အခု ဖော်ထုတ်ထားတဲ့ Charter ပဋိညာဉ်ကလည်း တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ အပါအဝင် သဘောတူပြီးတော့မှ ဆွေးနွေးချမှတ်ထားတာ ရှိပါတယ်။ ဒီပဋိညာဉ်ကလည်း FCDCC (ဖက်ဒရယ် အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ) ပေါ့၊ ခင်ဗျားပြောတာက ဒီအခြေခံဥပဒေ ဒုတိယမူကြမ်းကိုပဲ ရည်ညွှန်းတာလို့ ကျွန်တော်ထင်ပါတယ်။ အခု ပဋိညာဉ်ကလည်း ဒီအပေါ်မှာ အများကြီး အခြေပြုပြီးတော့ ရေးဆွဲထားတာ ဖြစ်ပါတယ်။
မေး။ ။CRPH ရဲ့ ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးမျှော်လင့်ချက်ဟာ ဘယ်အတိုင်းအတာထိ အောင်မြင်နေပြီလဲ။
ဖြေ။ ။တပ်မတော်တစ်ခုဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့။ လက်ရှိ စစ်တပ်ကတော့ ပြည်သူကို ကာကွယ်စောင့်ရှောက်မှုမပြုရုံသာမကဘဲ ပြည်သူကို အန္တရာယ်ပေးနေတဲ့ စစ်တပ်၊ ပြည်သူကို ရက်ရက်စက်စက် လက်လွတ်စပယ် ပစ်ခတ်နေတဲ့ စစ်တပ်ဖြစ်နေပြီ ဖြစ်တယ်ဆိုတဲ့ အခါကျတော့ မြန်မာစစ်တပ်ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံအနေနဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခု ဖြစ်လာတယ်။ Security Sector Reform ပေါ့။ ဒီ Reform က စစ်တပ်ကိုလည်း ကျွန်တော်တို့ လုပ်ရမယ့် အခြေအနေရှိပါတယ်။ မကြာခင် ပေါ်ပေါက်လာမယ့် အစိုးရဆိုတာကလည်း တရားဝင်အစိုးရဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကနေ Mandate နဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတဲ့ အခါကျတော့ ဒီ Security Sector Reform လုပ်ဖို့ တာဝန်ဟာလည်း အစိုးရသစ်မှာရှိတယ်လို့ ကျွန်တော်တို့ ဒီလိုပဲ ခံယူပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးမယ့် တပ်မတော်တစ်ခု၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ပေးမယ့် တပ်မတော်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံမှာ အမြန်ဆုံးပေါ်ပေါက်လာဖို့ လိုနေပြီပေါ့။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဖက်ဒရယ်စစ်တပ်ပေါ်ပေါက်ရေး ယခင်ကာလတွေကလည်း ကြိုးစားခဲ့ဖူးတယ်။ ဖက်ဒရယ်တပ်မတော်အတွက် ရည်ရွယ်ဖွဲ့စည်းတဲ့ NDF တို့ DAB တို့လို အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်ခဲ့ဖူးတယ်။ ခုတစ်ခေါက်ကရော အောင်မြင်နိုင်မယ်လို့ ယူဆသလား။
ဖြေ။ ။ပြောမယ်ဆိုရင်တော့ အရင်တုန်းက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မျိုးနဲ့တော့ ခြားနားတယ်လို့ တော့ပြောချင်ပါတယ်။ အခုဥစ္စာက တရားဝင် ပြည်သူ့အစိုးရတစ်ရပ်က တည်ထောင်မယ့် ပြည်သူ့တပ်မတော်ပါပဲ။ ဒါ ကျွန်တော်တို့ နိုင်ငံရဲ့ လိုအပ်ချက်အရ ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်ကလည်း လက်တွေ့ကျတယ်။ အမှန်တကယ်လည်း ဖြစ်နိုင်တဲ့အခြေအနေ တစ်ရပ်မှာ ရှိတယ်။ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင်တော့ အဖွဲ့အစည်းအားလုံးနီးပါးနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပြီးဖြစ်ပါတယ်ဆိုတာ ကျွန်တော် အသိပေးချင်ပါတယ်။ ဘယ်လို ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမလဲဆိုရင်တော့ ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ အလားအလာတွေလည်းရှိနေပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။နိုင်ငံတကာ လက်နက်အကူအညီတွေရရှိဖို့ CRPH အနေနဲ့ ဆွေးနွေးထားတာမျိုးတွေရှိလား။
ဖြေ။ ။ပြောမယ်ဆိုရင်တော့ နိုင်ငံရေးအရ တရားဝင်မှု၊ အသိအမှတ်ပြုမှုကတော့ ကျွန်တော်တို့ CRPH ကတော့ အခြေအနေတစ်ခုမှာ ရှိနေပြီလို့ ပြောနိုင်ပါတယ်။ မကြာခင်ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီ နိုင်ငံရေးအရ တရားဝင်မှု၊ အသိအမှတ်ပြုမှု ပိုပြီးတော့ တက်လာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားဝင်အစိုးရက တည်ထောင်တဲ့ တရားဝင်တပ်မတော် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာကလည်း အကူအညီပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။
မေး။ ။နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရတဲ့ တိုင်းရင်းသားဒေသက ပြည်သူတွေကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ CRPH က အာမခံချက်ပေးနိုင်လား။
ဖြေ။ ။ဒီနေ့ အရေးတော်ပုံကတော့ ဒါ အင်မတန်လဲ အရေးကြီးတယ်။ ကျွန်တော်တို့အားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းအင်အားနဲ့ တိုက်ပွဲဝင်ကြမယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်ဆိုတဲ့ အခွင့်အလမ်းကြီးတစ်ခုလည်း ကျွန်တော်တို့ ရနေတယ်။ အရေးကြီးတာကတော့ ကျွန်တော်တို့အားလုံးရဲ့ နားလည်မှု ယုံကြည်မှုနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်ဖို့ပဲ။ ဒီအပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒီပွဲအောင်ပြီဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံလည်း သေချာပေါက် ဖက်ဒရယ်နိုင်ငံဖြစ်ပြီလို့ ပြောချင်ပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးမှာ ပြည်သူ ၅၀၀ ကျော်ထိ ကျဆုံးနေပြီ။ စာရင်းမရသူတွေ အလောင်းပျောက်နေသူတွေလည်း ရှိနိုင်တယ်။ ဒီလို ကျဆုံးမှုတွေကို မြန်မြန်အဆုံးသတ်သွားအောင် CRPH က ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ပထမဆုံး ပြောချင်တာကတော့ အခု အသက်ပေးလှူသွားတဲ့ အာဇာနည်သူရဲကောင်းတွေ အားလုံးကို ကျွန်တော်တို့အနေနဲ့ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဦးညွှတ်တယ်။ ကျွန်တော်တို့လည်း နားလည်တယ်။ တိုက်ပွဲကကြာလေ ပြည်သူ အထိနာလေဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီတိုက်ပွဲကို မြန်မြန်ဖြတ်နိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒီဟာကိုတော့ ကျွန်တော်တို့ ပြည်သူကို ပြောချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူများအနေနဲ့လည်း ဒီစစ်အာဏာသိမ်းမှုကို လုံးဝ လက်မခံဘူးဆိုတာကို ပုံစံအမျိုးမျိုးနဲ့တော့ ဆက်ပြီး ပြသပေးကြပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်ဘက်က ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်လည်း စီမံဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ GSC တို့ GCSN တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါသလား။
ဖြေ။ ။ မြေပြင်က CDM ရော သပိတ်လှုပ်ရှားမှုတွေနဲ့ရော ကျွန်တော်တို့ နီးနီးကပ်ကပ်ရှိနေပါတယ်။ Gen Z (မျိုးဆက်သစ်) အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ သပိတ်ကော်မတီတွေနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး၊ CRPH ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို သူတို့ကို အချိန်မီ အမြဲတမ်းအသိပေးပါတယ်။ သူတို့ကလည်း ဆောင်ရွက်မယ့်ဟာတွေကို ကျွန်တော်တို့ကို ပြန်ပြီးတော့ အသိပေးတယ်ဆိုတော့ အားလုံးဟာ ညှိနှိုင်းပြီး ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူငယ်တွေက ဖက်ဒရယ်တပ်မတော်ကို မျှော်လင့်နေကြတယ်။ သူတို့ကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ဖက်ဒရယ်တပ်မတော်ကို အားလုံးက မျှော်လင့်ကြတယ်။ လိုလားကြတယ်ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် ဒီကိစ္စက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့အတူ တွဲပြီးတော့ ပါလာရမယ့်ကိစ္စ၊ အချိန်တစ်ခု ယူရဖို့ ရှိနိုင်ပါတယ်။ သို့သော် ဒီအချိန်မှာ ပြည်သူတစ်ဦးချင်းဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်လည်းရှိတယ်။ ဒါကို စနစ်တကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။ တကယ့်ကို ဖက်ဒရယ်ပြည်ထောင်စုမှာ အမှုထမ်းချင်တဲ့ သူတွေက မိမိကိုယ်ကိုယ် တကယ့်ပရော်ဖက်ရှင်နယ် တပ်မတော်သားတွေဖြစ်အောင်လို့ စိတ်ဓာတ်ကိုရော လိုအပ်တဲ့ ပညာကိုရော ဖြည့်ဆည်းပြီးတော့မှ စနစ်တကျ ဆောင်ရွက်ရလိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ အကြံပြုချင်ပါတယ်။