မေးမြန်းခန်း

“စစ်ကောင်စီ ခြေပျက်နေပြီဆိုတာ သေချာတယ်” – အင်တာဗျူး 

ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိပြည်သူများ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြရာ စစ်တပ်က ကျည်အစစ်အသုံးပြု၍ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သည်။ 

ထို့နောက် ရွေးကောက်ခံအမတ်များနှင့် စုဖွဲ့ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပေါ်ပေါက်လာပြီး ထိုမှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်ခဲ့သည်။ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်ရန် NUG အစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းခဲ့သည်မှာ ယနေ့ (မေ ၅) တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။

PDF ဖွဲ့စည်းမှု တစ်နှစ်ပြည့်ချိန်တွင် NUG ၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ 

မေး – ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်တာ တစ်နှစ်ပြည့်ပြီဆိုတော့ တစ်နှစ်အတွင်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေက ဘာများဖြစ်မလဲ။

ဖြေ – PDF ရဲ့ တစ်နှစ်တာခရီးကို ပြန်ကြည့်မယ်ဆိုရင်တော့ အားရကျေနပ်စရာရှိတယ်။ ဂုဏ်ယူစရာဖြစ်မယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲဘော်တွေဟာ လက်မဲ့အခြေအနေနဲ့ စခဲ့ရတာဖြစ်တယ်။ လက်မဲ့ဆိုတဲ့နေရာမှာ ဘာဆိုဘာမှ မရှိဘူးလို့ကို ပြောလို့ရတဲ့ အနေအထားပါ။

စစ်ပညာလည်း မရှိဘူး။ စစ်ပညာအတွက်ဆိုရင် မဟာမိတ်တွေဆီက အကူအညီနဲ့ စစ်ပညာတွေ သင်ခဲ့ရတယ်။ လက်နက်ခဲယမ်းမီးကျောက်ဆိုတာလည်း မရှိဘူး။ ပြည်သူ့ခုခံ တွန်းလှန်စစ် စတင်တဲ့အချိန်ဆိုရင် ကျွန်တော်တို့ရဲဘော်တွေဟာ ကိုယ်ကိုင်စွဲဖို့လက်နက် ကိုယ်တိုင်တီထွင်ထုတ်လုပ်ပြီးတော့ တိုက်ပွဲဝင်ခဲ့ရတာမျိုးတွေအထိ ရှိတယ်။ 

အခုဆိုရင် လက်နက်တပ်ဆင်မှုကလည်း အတိုင်းအတာတစ်ခုအထိတော့ ဆောင်ရွက်နိုင်နေတာဖြစ်တဲ့အတွက် အားရစရာတစ်ခုဖြစ်တယ်။ နောက်တစ်ခုက PDF ထူထောင်တဲ့အချိန်ဆိုရင် ရန်ပုံငွေဆိုတာတောင် ရှိတာမဟုတ်ဘူး။ အဲ့တော့ ဒီရန်ပုံငွေကလည်းပဲ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ထောက်ပံ့ကူညီမှုနဲ့ပဲ အစပြုခဲ့ရတာဆိုတော့ ဒီတစ်နှစ်တာခရီးမှာ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေ အမြောက်အမြားကို ကြုံခဲ့ရပေမဲ့ ဇွဲနပဲရှိရှိ၊ ဉာဏ်ရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ကြတာဖြစ်တဲ့အတွက် ဒီဖြတ်သန်းမှုဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး – တစ်နှစ်တာအတွင်း အားမရတာတွေနဲ့ ဘယ်လိုသင်ခန်းစာတွေ ရှိခဲ့သလဲ။ 

ဖြေ – အားလုံးမှာကတော့ တောင့်တချက်ရှိတယ်။ PDF တွေကိုသာ မြန်မြန်နဲ့ များများ လက်နက်တပ်ဆင်ပေးနိုင်မယ်ဆိုရင် ဒီတော်လှန်ရေးကို မြန်မြန်အဆုံးသတ်နိုင်မယ်ဆိုတာကတော့ NUG ကိုယ်တိုင်လည်း တောင့်တကြတယ်။ မြေပြင်က PDF ရဲဘော်တွေလည်း တောင့်တကြတယ်။ 

သင်ခန်းစာအနေနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ အတွေ့အကြုံပိုင်း အားနည်းချက်တချို့ရှိမယ်။ နောက် စစ်ပုံကောင်းကောင်း မကျသေးတဲ့အတွက် အမိန့်နာခံမှုမှာ အားနည်းတာတွေလည်း ရှိမယ်။ နောက်ပြီး နည်းဗျူဟာပိုင်း အားနည်းချက်တချို့လည်း ရှိခဲ့တာတွေ တွေ့ရပါတယ်။ 

အတွေ့အကြုံတို့၊ အမိန့်နာခံမှုတို့မှာ အားနည်းတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတော့ အထက်အမိန့်ကို မနာခံဘဲနဲ့ လူအမြောက်အမြား မစုသင့်ဘဲ စုမိလို့ လက်နက်ကြီးကျည်သင့်ပြီးတော့ ၅ ယောက်၊​ ၁၀ ယောက် စသဖြင့် ကျဆုံးခဲ့ရတာမျိုး ဒါတွေကတော့ သင်ခန်းစာယူစရာ ကိစ္စတွေ ဖြစ်တယ်။ 

မဟာဗျူဟာပိုင်းအရ တော်လှန်ရေးအင်အားစုတွေ ကောင်းကောင်းအသာစီးရလာတဲ့အချိန်မှာ နည်းဗျူဟာပိုင်းအရပါ အသာစီးယူနိုင်ဖို့ ဆက်တိုက်ပြင်ဆင်ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။

နောက် နည်းဗျူဟာပိုင်းအရဆိုရင်တော့ ပြောက်ကျားသဘောထက် ကျော်လွန်ပြီးတော့ ကိုယ့်အင်အား၊ ရန်သူ့အင်အားကို မချိန်ဆဘဲနဲ့ အရဲစွန့်တိုက်ပွဲဝင်မိတဲ့အတွက် မကျဆုံးသင့်ဘဲ၊ မထိခိုက်သင့်ဘဲ ရဲဘော်တချို့ ကျဆုံးထိခိုက်ရတာမျိုးတွေရှိတယ်။ ဒါတွေကတော့ ရှေ့မှာ သင်ခန်းစာယူပြီးတော့မှ မိမိတပ်ဖွဲ့ကို မိမိပြင်ဆင်ပြီးတော့ ဆောင်ရွက်သွားရမဲ့ကိစ္စတွေ ဖြစ်ပါတယ်။

မေး – နေရာတိုင်းမှာ PDF ရှိနေပြီး နိုင်ငံအနှံ့မှာ ခုခံတွန်းလှန်မှုတွေရှိနေတယ်ဆိုတော့ စစ်ရေးအလားအလာနဲ့ ပတ်သက်လို့ ဘာပြောနိုင်မလဲ။ 

ဖြေ – ပြောမယ်ဆိုရင် မဟာဗျူဟာပိုင်းအရတော့ PDF တွေ၊ မဟာမိတ်တွေဟာ ကောင်းကောင်းအသာစီးရနေပြီ။ စစ်ကောင်စီကို အနားမပေးဘဲနဲ့ ခြေကုန်လက်ပန်းကျအောင် တောက်လျှောက် အဆက်မပြတ် ဒေသတိုင်းမှာ တိုက်ပွဲဝင်နေကြပြီ။ ဒီ့အတွက် စစ်ကောင်စီဟာ တဖြည်းဖြည်းဆုတ်ယုတ်နေပြီ၊ ချည့်နဲ့နေပြီဆိုတာလည်း ထင်ထင်ရှားရှား တွေ့ရမှာပါ။ 

အဲ့တော့ မဟာဗျူဟာပိုင်းအရ တော်လှန်ရေးအင်အားစုတွေ ကောင်းကောင်းအသာစီးရလာတဲ့အချိန်မှာ နည်းဗျူဟာပိုင်းအရပါ အသာစီးယူနိုင်ဖို့ ဆက်တိုက်ပြင်ဆင်ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။ ရှေ့တော်လှန်ရေးအလားအလာကို ခန့်မှန်းလိုတယ်ဆိုရင်တော့ တော်လှန်ရေးအင်အား၊ စစ်ကောင်စီအင်အား ဒါကို ချိန်ဆကြည့်ရမှာပေါ့။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင် လူအင်အားပိုင်း၊ စိတ်ဓာတ်ပိုင်း ဒါကတော့ ပြောစရာမရှိဘူး။ အားအကောင်းဆုံးမှာ ရှိနေပြီ။ တစ်ဖက်မှာ ရန်ပုံငွေနဲ့ လက်နက်တပ်ဆင်နိုင်မှု ဒါကလည်း လွန်ခဲ့တဲ့ ၈ လက ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်တဲ့အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၀ ဆမက ပိုပြီးတော့ အားကောင်းလာပြီ။

တစ်ဖက်က စစ်ကောင်စီရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ လူအင်အားအရရော၊ စိတ်ဓာတ်အရရောက ဖရိုဖရဲဖြစ်နေပြီလို့ ဒီလိုတွေ့ရပါတယ်။ ဒီအနေအထားမှာ တော်လှန်ရေးအင်အားစုတွေဘက်ကသာ ဆက်တိုက်ဖိအားပေးပြီး လှုပ်ရှားနိုင်မယ်ဆိုရင် စစ်ကောင်စီအတွက် အချိန်များများ မကျန်တော့ဘူးလို့ ကျွန်တော့အနေနဲ့ ဒီလိုပဲ နားလည်ပါတယ်။

မေး – လက်ရှိအခြေအနေမှာ PDF အင်အားနဲ့ လက်နက်တပ်ဆင်ပေးနိုင်မှု အခြေအနေကကော ဘယ်လိုရှိပါသလဲ။

ဖြေ – PDF အင်အားအနေနဲ့ဆိုရင် အားလုံးပေါင်းမယ်ဆိုရင် တပ်ရင်းပေါင်း ၂၅၉ ရင်း၊ အခု နောက်ဆုံးစာရင်းအရ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တယ်။ ပ.က.ဖ. (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ဆိုရင်လည်း မြို့နယ်ပေါင်း ၂၅၀ မှာ သေသေချာချာ စုဖွဲ့ထားနိုင်ပြီ။ စစ်ဒေသအဆင့်၊ စစ်ဒေသခွဲအဆင့် ကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းမှုကလည်း ပြီးစီးပြီလို့ ပြောလို့ရပါတယ်။ ခရိုင်အလိုက် ကွပ်ကဲရေးအဖွဲ့တွေကို အားစိုက်ပြီးတော့ ဖွဲ့စည်းဆောင်ရွက်နေတယ်။ 

၈ လ အတွင်းမှာ ၁၀ ဆ ပိုပြီးတော့ (လက်နက်) တပ်ဆင်နိုင်လာတယ်။ လာမဲ့လပိုင်းအတွင်းမှာလည်း ဒီ့ထက်ပိုပြီးတော့ တပ်ဆင်နိုင်ဖို့အတွက် စုဆောင်းရရှိထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ရှိနေပါပြီ။ အဲ့‌တော့ လက်နက်ခဲယမ်းမီးကျောက်တပ်ဆင်နိုင်မှုကလည်း ပိုပြီးတော့ အားကောင်းလာတယ်။ 

တစ်ဖက်မှာ ကိုယ်တိုင်ထုတ်လုပ်မှုကလည်း Semi Auto လို မောင်းပြန်ထုတ်လုပ်မှုတွေအထိပါ စမ်းသပ်အောင်မြင်နေတာတွေရှိတယ်။ ဒေသအလိုက်လည်း ထုတ်လုပ်ရေးတွေ ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့အတွက် အားစိုက်ပြီးတော့ ကူညီထောက်ပံ့ဆောင်ရွက်နေတာတွေလည်းရှိတယ်ဆိုတော့ ရှေ့မှာကတော့ တော်လှန်ရေးအရှိန်အဟုန် ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး – လေယာဉ်ပစ်လို့ရတဲ့ သေနတ်မျိုး ဗျူဟာမြောက်လက်နက်တွေ ဖြည့်ဆည်းပေးနိုင်မဲ့ အလားအလာကော ဘယ်လိုရှိလဲ။ 

ဖြေ – အခုအချိန်မှာ သမားရိုးကျ လက်နက်ငယ်တွေကို ပိုပြီးတော့ တပ်ဆင်လာနိုင်ပြီဖြစ်တဲ့အတွက် ဒီမဟာဗျူဟာလက်နက်တွေကို အဓိကအားဖြင့် ရန်သူ့ရဲ့လေကြောင်းကို ဟန့်တားနိုင်မဲ့ လက်နက်မျိုးတွေ၊ ရန်သူ့စခန်းတွေကို ဖြိုခွင်းနိုင်မဲ့ လက်နက်မျိုးတွေကတော့ လိုအပ်နေတာ အမှန်ပါပဲ။ ဒီ့အတွက် ဦးစားပေးအနေနဲ့ ပစ္စည်းရှာဖွေတာကော၊ ရန်ပုံငွေစုဆောင်းတာကော အားစိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီပစ္စည်းတွေကလည်း အထိုက်အလျောက်တော့ ရရှိနေပြီ။ ရနိုင်တဲ့လမ်းကြောင်းတွေလည်း ရှိနေပြီ။

မေး – တကယ်လို့များ အာဏာသိမ်းခေါင်းဆောင်က PDF တွေကို တွေ့ဖို့ ဖိတ်မယ်ဆိုရင် ဘယ်လိုတုံ့ပြန်ဖို့ရှိပါသလဲ။ 

ဖြေ – NUG ဆိုတာက ပြည်သူကို ကိုယ်စားပြုရတဲ့ အစိုးရဖြစ်တယ်။ PDF ဆိုတာကလည်း ပြည်သူကို ကိုယ်စားပြုရတဲ့၊ ပြည်သူပါဝင်တဲ့ တပ်မတော်တစ်ရပ်ပေါ့။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒသဘောထားကို သွေဖည်ပြီးတော့ ဘာမှဆောင်ရွက်လို့ မရဘူး။ 

ဒီကနေ့အချိန်မှာ ပြည်သူတွေရဲ့ အင်မတန်သေချာတဲ့ သန္နိဋ္ဌာန်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ။ ဒီလိုသန္နိဋ္ဌာန်ချထားတဲ့အချိန်မှာ NUG အနေနဲ့ဖြစ်ဖြစ် PDF အနေနဲ့ဖြစ်ဖြစ် စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်အတွေးအခေါ် ရှိသူတွေနဲ့ ဘယ်လိုအပေးအယူမျိုးမှ ကျွန်တော်တို့ ဆောင်ရွက်လို့မရဘူး၊ ဆောင်ရွက်မှာလည်း မဟုတ်ဘူးလို့ ကျွန်တော့အနေနဲ့ ပြောချင်တယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာမျိုး ပြောခဲ့တော့ အဲဒီအပေါ်မှာရော ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ – နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတာ ကျွန်တော်တို့ ဦးစားပေးပြီးတော့ ကိုင်စွဲခဲ့တဲ့နည်းလမ်းပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဒီနည်းလမ်းကို ကိုင်စွဲပြီးတော့မှ မြန်မာစစ်အုပ်စုကို နှစ် ၃၀လောက် အချိန်ပေးခဲ့ပြီးပြီဖြစ်တယ်။

သို့သော် ပြဿနာက မပြေလည်ရုံမက အခုဆိုရင် အဆုံးစွန်အခြေအနေထိကို ရောက်နေပြီ။ အဲ့တော့ စစ်အုပ်စုနားလည်တာက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမဟုတ်ဘူး။ ဒါက အင်မတန်သေချာတယ်။ သူတို့နားလည်တာက လက်နက်ကိုင်ပြီးတော့မှ ပြည်သူအပေါ်မှာ၊ နိုင်ငံအပေါ်မှာ ဗိုလ်ကျစိုးမိုးရေးပဲ။ ဒါကိုပဲ သူတို့ နှစ်ပေါင်း ၆၀ လုံးလုံး တစိုက်မတ်မတ် ကိုင်စွဲလာခဲ့တာဖြစ်တယ်။ အဲ့တော့ ဒီတစ်ကြိမ် စစ်အာဏာသိမ်းမှုကတော့ အဆုံးစွန်သော အာဏာသိမ်းမှုလို့ ပြောလို့ရတယ်။

အဲ့တော့ လက်နက်ကိုပဲ အင်အားကိုပဲ နားလည်တဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုရင် ပြည်သူတွေအနေနဲ့လည်း ရရာလက်နက်စွဲကိုင်ပြီးတော့ တုံ့ပြန်ဖို့ဆိုတာ မလွှဲမရှောင်သာတဲ့ နည်းလမ်းပေါ့ဗျာ။ ဒီနည်းလမ်းကို ပြည်သူတွေ ရွေးချယ်ကျင့်သုံးလာရတယ်ဆိုတာကလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းအတွေ့အကြုံအရ ဒီလိုလက်နက်ကိုပဲ နားလည်တဲ့၊ လက်နက်ကိုင်ပြီးတော့မှ ဗိုလ်ကျစိုးမိုးရေးပဲသိတဲ့ စစ်အုပ်စုကို ဒီတစ်ကြိမ်မှာကတော့ လက်နက်ကိုင်ခုခံတွန်းလှန်မှု အပါအဝင်ပေါ့။ 

ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကို သုံးပြီးတော့ တုံ့ပြန်သွားဖို့၊ ဒီလိုတုံ့ပြန်ရင်းနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖယ်ရှားပြီးတော့မှ ကျွန်တော်တို့နိုင်ငံမှာ ရေရှည်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုပေးနိုင်မဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ထောင်ဖို့ ဒါကတော့ ပြည်သူတွေအားလုံးရဲ့ စိတ်တူကိုယ်တူ ရွေးချယ်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

စစ်ကောင်စီ ခြေပျက်နေပြီဆိုတာ သေချာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို အသက်ရှူပေါက်မပေးဘဲနဲ့ တရစပ်၊ အနားမရှိရအောင်၊ ခြေကုန်လက်ပန်းကျသွားတဲ့အထိ ဆက်ပြီးတော့ တွန်းလှန်တိုက်ခိုက်ကြရမှာပဲဖြစ်တယ်။ 

မေး – စစ်ကောင်စီအတွက် သတင်းပေး ဒလန်လုပ်သူတွေကို အရေးယူမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ညွှန်ကြားထားတာရှိလဲ။ 

ဖြေ – ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ဒလန်ဆိုတာထက် စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက်အဖွဲ့ဝင်လို့ ကျွန်တော်တို့က သုံးနှုန်းပါတယ်။ အဲ့တော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့မှ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး ပြည်သူကို ဒုက္ခပေးနေတဲ့သူတွေလို့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ 

အဲ့တော့ အကြမ်းဖက်အဖွဲ့တွေဟာ ကိုယ်တိုင်လက်နက်ကိုင်ထားတဲ့အဖွဲ့တွေလည်း ဖြစ်နိုင်တယ်။ လက်နက်မကိုင်ပေမဲ့ စစ်ကောင်စီကို ပူးပေါင်းပြီး စစ်ကောင်စီကို သတင်းပေးပြီးတော့ ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ CDM မလုပ်ဘူးဆိုရုံနဲ့တော့ အကြမ်းဖက်ဒေါက်တိုင်လို့ ကျွန်တော်တို့ မသတ်မှတ်ပါဘူး။ 

စစ်ကောင်စီရဲ့ ဒေါက်တိုင်၊ အကြမ်းဖက်အဖွဲ့ဝင်တွေလို့ ကျွန်တော်တို့ ယူဆစရာရှိတယ်ဆိုရင် သို့မဟုတ် တိုင်ကြားချက်တွေအရဆိုရင် အခုဖွဲ့စည်းထားတဲ့ ခရိုင်အလိုက် ကွပ်ကဲရေးအဖွဲ့တွေ ရှိပါတယ်။ ခရိုင်အလိုက်ကွပ်ကဲရေးအဖွဲ့တွေအနေနဲ့ သေသေချာချာစိစစ်မှု၊ လေ့လာသုံးသပ်မှုတွေကို ဆောင်ရွက်ပြီးတော့မှသာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရဖြစ်စေ အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရဖြစ်စေ အရေးယူဆောင်ရွက်ရမယ်ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြင်အဖွဲ့တွေကို ညွှန်ကြားချက်များ ပေးထားပြီးသားလည်း ဖြစ်ပါတယ်။ 

မေး – အခုဆိုရင် တစ်ဖက်မှာလည်း မန္တလေးအပါအဝင် မြို့ကြီးတချို့မှာ ‘သွေးသောက်အဖွဲ့’ ဆိုပြီးတော့မှ NLD ပါတီဝင်တွေ၊ ပါတီဝန်းရံသူတွေ၊ မိသားစုဝင်တွေကို လိုက်ပြီးတော့ သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေရှိလာတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။ 

ဖြေ – ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေလည်း တောက်လျှောက် စုဆောင်းနေတာ ရှိတယ်။ သတင်းအချက်အလက်တချို့ကိုလည်း ရရှိထားတာတွေ ရှိနေပါပြီ။ ပြောရမယ်ဆိုရင် ဒီအဖွဲ့ (သွေးသောက်) တွေဆိုတာဟာလည်း စစ်ကောင်စီရဲ့ စပွန်ဆာပါပဲ။

မန္တလေးဆိုရင် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေကပဲ ဒီအဖွဲ့တွေကို မွေးပြီးတော့မှ အဓိကအားဖြင့် NLD မိသားစုတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ ဆောင်ရွက်တယ်။ PDF မိသားစုတွေကို အကြမ်းဖတ်သတ်ဖြတ်တာတွေ ဆောင်ရွက်တယ်။ ခြိမ်းခြောက်မှုတွေလည်း တောက်လျှောက်လုပ်နေပါတယ်။ 

ဒါနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတချို့လည်း ကျွန်တော်တို့ရရှိနေပြီ။ ပိုပြီးတော့ အချက်အလက်တွေ ပြည့်စုံတဲ့အခါမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူကို အသိပေးထုတ်ပြန်သွားဖို့ ရှိပါလိမ့်မယ်ဆိုတာ ပြောချင်တယ်။

မေး – ဘာကြောင့် ဒီလိုအချိန်မှာ ဒီလိုလှုပ်ရှားမှုတွေ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို ဖန်တီးလာတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ – အဓိကတော့ စစ်ကောင်စီ ကြံရာမရတော့တာပေါ့ဗျာ။ စစ်မြေပြင်မှာ PDF တွေ၊ မဟာမိတ်တွေကို ရင်မဆိုင်နိုင်တော့တဲ့အတွက် သူတို့ရဲ့နောက်ဆုံးနည်းလမ်းအဖြစ် သုံးလာတယ်လို့တော့ မြင်ပါတယ်။ သို့သော် ဒါကလည်း သူတို့အတွက် ထွက်လမ်းတစ်ခုမဟုတ်ဘဲနဲ့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တဲ့လုပ်ရပ်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး – PDF ထူထောင်မှုတစ်နှစ်ပြည့်အချိန်မှာ ပြည်သူလူထုကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။

ဖြေ – အရေးကြီးဆုံးကတော့ စစ်ကောင်စီ ခြေပျက်နေပြီဆိုတာ သေချာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို အသက်ရှူပေါက်မပေးဘဲနဲ့ တရစပ်၊ အနားမရှိရအောင်၊ ခြေကုန်လက်ပန်းကျသွားတဲ့အထိ ဆက်ပြီးတော့ တွန်းလှန်တိုက်ခိုက်ကြရမှာပဲဖြစ်တယ်။ 

ဒီလို တွန်းလှန်တိုက်ခိုက်ကြရတဲ့အချိန်မှာ ပြည်သူတွေဘက်က စစ်ကောင်စီအကြမ်းဖက်ခံရလို့ နစ်နာဆုံးရှုံးမှုတချို့တော့လည်း ကြုံတွေ့ရဖို့ရှိတယ်။ ဒါတွေကိုလည်း ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ 

တော်လှန်ရေးပြီးတဲ့အခါမှာတော့ ပြည်သူ့အစိုးရအနေနဲ့ကပဲ နစ်နာဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် အပြည့်အဝတာဝန်ယူသွားမှာပါ။ အခုဆိုရင် အင်အားတည်ဆောက်မှုအရ မဟာမိတ်စုဖွဲ့မှုအရ စစ်ကောင်စီကို ပိုပြီးတော့ အထိနာပြီးတော့ အခြေယိုင်ရာကနေ အခြေပျက်သွားတဲ့အထိ တွန်းလှန်တိုက်ခိုက်ကြဖို့ကတော့ အဆင်သင့်ဖြစ်နေပါပြီလို့ အသိပေးလိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button