သတင်း

ကချင်ဒေသခံများ အားကိုးသည့်ဆေးရုံ ၅ ရက်အတွင်း ၃ ကြိမ် ဗုံးကြဲခံရ

ကချင်ပြည်နယ်ရှိ နာမည်ကျော် ချန်ဂင်တို့စခန်း ဆေးရုံကို လေတပ်က အဆက်မပြတ် ဗုံးကြဲလိုက်သဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ဆိုင်းငံ့ထားရသည်၊ ထိခိုက်သွားသူ မရှိဟု သိရသည်။

စစ်ရှောင်များကို ဆေးကုသပေးနေသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်အနီး တောတွင်းဆေးရုံကို စစ်ကောင်စီလေတပ်က တစ်ပတ်အတွင်း ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုဆေးရုံမှ ဆရာဝန် ဒေါက်တာစိုးမင်းက   Facebook တွင် ယနေ့ ရေးသားထားသည်။

အင်းတော်ကြီးကန်အနီး တုံပင်ရွာအနီးတွင်ရှိသည့် အဆိုပါ‌ ဆေးရုံကို  တိုက်ခိုက်မှုများမှာ ဧပြီ ၂၂, ၂၄ နှင့် ၂၆ ရက်နေ့များတွင် ဖြစ်သည်၊ တိုက်ခိုက်မှုအတွင်း   ဆေးရုံအဆောက်အဦ ပျက်စီးသွားသော်လည်း ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းက ရေးသားထားသည်။

ဒေသတွင်း လူနာများ အားကိုးရသည့်၊ တစ်လလျှင် ငှက်ဖျားရောဂါဝေဒနာသည် ၁၀၀၀ ကျော်ကိုလည်း ကုသပေးနေသည့် ဆေးရုံ ရက်ဆက် ဗုံးကြဲခံရမှုကြောင့် ယာယီပိတ်သိမ်းထားရသဖြင့် သက်ရောက်မှု ကြီးမားသည်ဟု ဒေါက်တာစိုးမင်းက ရေးသားထားသည်။

“တီဘီဆေးလစဉ်လာယူနေတာ လေးငါးယောက်လောက်ရှိမယ်။ ကင်ဆာဆေး လစဉ်သွင်းပေးနေတဲ့ လူနာတွေလည်းရှိတယ်။ အခု အဲဒီလူနာတွေအားလုံး အကုန်ဒုက္ခရောက်ကုန်ပြီလေ” ဟု ဒေါက်တာစိုးမင်းက ရေးသားထားသည်။

ဆေးရုံ ဗုံးကြဲခံရပြီး ဝန်ဆောင်မှုများ ရပ်တန့်ထားသဖြင့်  သူ၏ လူနာများ မည်သည့်နေရာတွင် သွားရောက်ကုသမှုခံယူနေကြောင်း  မသိရသေးပေ။

ထိုဆေးရုံကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

ဆေးရုံသည် ကျောက်စိမ်းဒေသ ဖားကန့်မြို့နယ်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။

ဆေးရုံဗုံးကြဲခံရမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်ရှိ ဒေသခံနှင့် KIA နှင့် နီးစပ်သူအချို့ကို ဆက်သွယ်မေးမြန်းသော်လည်း အသေးစိတ်ဖြေကြားရန် ငြင်းဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရသည့် ဖားကန့်မြို့အဝင်လမ်းများကို အင်အား ၁၀၀၀ ခန့်သုံးကာ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေသည်။

အင်းတော်ကြီး-ဖားကန့် လမ်းပိုင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်  ချောင်းဝ ညောင်ပင် စသည့် ကျေးရွာများကို  စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်ဖြင့် စစ်ထိုးလာသည်။

ထိုသို့ စစ်ကြောင်းများကို စစ်ကောင်စီလေတပ်က  ဗုံးကြဲကာ ပစ်ကူပေးခဲ့သည်၊  တိုက်ပွဲဖြစ်ပွားသည့်နေရာများအပြင် ကျေးရွာအချို့ကိုပါ ဗုံးကြဲခဲ့သည်၊  ဒေါက်တာစိုးမင်းတို့၏ ဆေးရုံကိုပါ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖားကန့်သို့ဦးတည်နေသည့် စစ်ကြောင်းသည် KIA, KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဖားကန့်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီထိုးစစ်မှာလည်း ဆက်လက်ပြင်းထန်နေဆဲဟု ဒေသခံအချို့က ပြောသည်။

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီ ကြည်းတပ်၊ လေတပ်တို့က  တိုက်ခိုက်ရာတွင်  အရပ်ဘက်ပစ်မှတ်များဖြစ်သည့် စာသင်ကျောင်းနှင့် ဆေးရုံများကို မကြာခဏ ဗုံးကြဲနေသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ထိန်းချုပ်မှုအောက် မရှိသော ဒေသများကို  ပိုမိုတိုက်ခိုက်နေသည်၊ အရပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်နေသည်ဟု   မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  တွမ်အင်ဒရူးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၂၀၂၄  နိုဝင်ဘာ ၂၂ ရက်က ပြောကြားထားသည်။

 အာဏာသိမ်းစစ်တပ် လက်နက်၊ ကုန်ကြမ်း၊ လေယာဉ်ဆီ ရရှိရန် ပါဝင်ကူညီနေသည့် နိုင်ငံများသည် ထိုသတ်ဖြတ်မှုများတွင် ပါဝင်နေခြင်းဖြစ်သည်ဟု သူက မှတ်ချက်ပြုခဲ့သည်။

စစ်တပ်၏ ပစ်မှတ်များထဲတွင် ၎င်းတို့၏ မြေပြင်တပ်များ မရောက်နိုင်သည့် ဆေးရုံ၊ ဆေးခန်းများလည်း ပါဝင်လာသည်။

ကချင်ပြည်နယ်တွင် ဗုံးကြဲ တိုက်ခိုက်ခံရသည့် အသက် ၅၈ နှစ်အရွယ် ဒေါက်တာစိုးမင်းက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊  စစ်ကိုင်းတိုင်းတို့ရှိ တောတွင်း ဆေးရုံများမှာလည်း မကြာခဏ ဗုံးကြဲခံနေရသဖြင့် ရွှေ့ပြောင်း၊ ပြန်လည် တည်ဆောက်နေကြရသည်ဟု facebook တွင် ရေးသားထားသည်။

ဒေါက်တာစိုးမင်းသည် ရန်ကုန်ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ဖြစ်သည်။ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး စစ်ကောင်စီကို ဖွဲ့စည်းရာ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရာတွင် ဒေါက်တာစိုးမင်း ပါဝင်ခဲ့သည်။ (ဓာတ်ပုံ –  ဒေါက်တာစိုးမင်း facebook)

CDM ကျန်းမာရေးဝန်ထမ်းများမှာ စစ်တပ်၏ လိုက်လံဖမ်းဆီးမှုမှ တိမ်းရှောင်စဉ် ရောက်သည့်နေရာတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးကြသည်ကို တွေ့ရပြီး ဒေါက်တာစိုးမင်းသည် ကချင်ပြည်နယ် တောထဲတွင် ဆေးရုံ တည်ဆောက်ကာ အခမဲ့ ဝန်ဆောင်မှုပေးခဲ့သူ ဖြစ်သည်။

သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအတွက် သူ၏ဆေးရုံမှာ လေ့ကျင့်သင်ယူသည့် နေရာတစ်ခု ဖြစ်သည်ဟု သူက  ၂၀၂၄ စက်တင်ဘာ ၂၂ တွင် ရေးသားခဲ့သည်။  

“ကိုယ်တာဝန်ယူထားတဲ့ ဆေးရုံဆေးခန်းလေးတွေကို ဆေးဝါးပစ္စည်း လိုလေသေးမရှိ ဖြည့်ဆည်းထောက်ပံ့နိုင်တယ်။ ကိုယ်စာသင်ပေးနေတဲ့ ဆေးတပ်သားကလေးတွေကို ရှေ့တန်းမှာ အားကိုးလောက်တဲ့ combat medics ကလေးတွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေတယ်” ဟု  ဒေါက်တာစိုးမင်းက ရေးသားခဲ့သည်။ 

CDM တွင် ပါဝင်ပြီး လူသိရှင်ကြား  ဆေးကုနေသည့်အတွက် စစ်ကောင်စီ ဘက်တော်သားများက ရန်ပြုရန် ကြိုးစားနေကြောင်းလည်း သူက ရေးထားသည်။  

?ရန်သူဘက်က ကိုယ်တို့အသက်ကို ရန်ရှာချင်နေမှန်း သိလျက်သားနဲ့ သူတို့နယ်မြေတွေအထိ ထွက်ပြီး ဆေးကုပေးရတာ။ ကိုယ်တို့ဆီကိုရောက်မယ့် ဆေးဝါးရိက္ခာပစ္စည်း အထောက်အပံ့တွေကို အနံ့ခံရှာဖွေပြီး သိမ်းဆည်းနေတဲ့ကြားထဲက ကိုယ်တို့ရှိတဲ့ဆေးတွေကို သူတို့အရပ်က စစ်ရှောင်စခန်းတွေအထိ ဝေမျှပေးပို့ရတာ” ဟု သူက ဆိုသည်။ 

ဆေးရုံတည်ရှိသည့်ဒေသသည် မကြာခဏ ဗုံးကြဲခံရသည့် နေရာ ဖြစ်သောကြောင့် ဆရာဝန်ကိုယ်တိုင် ဗုံးခိုကျင်းထဲ ဆင်းဝပ်ရသည်၊ လေယာဉ်ပြန်သွားသည်နှင့် ဗုံးထိလူနာကို လိုက်ကောက်ကြပြီး ဆေးကုရသည့် အခြေအနေ ဖြစ်သည်။

စစ်ကောင်စီ၏ရန်ကြောင့် လူနာလက်ခံသည့်နေရာ၊  ဓာတ်မှန်ခန်း၊  လူနာဆောင်များ၊ ခွဲခန်း စသည်တို့ကို သီးခြားစီ တည်ရှိနေရန် စီစဉ်ခဲ့သည်၊ ကားနှင့်သွားရသည့် အကွာအဝေးတွင် တည်ရှိသည့် ဆေးရုံ၏အစိတ်အပိုင်းများဖြစ်သည်ဟု ဆိုသည်။

လေတပ်ရန်ကြောင့် လုံခြုံရေး ဂရုစိုက်၊   ကိုယ်ရောင်ဖျောက်ထားရသည်ဟု ၂၀၂၄ သြဂုတ်လတွင် ရေးသားခဲ့သည်။

“ကိုယ့်အဖွဲ့သားတွေ လုံခြုံရေးကတော့ အဓိကထားရမှာပါပဲ။ နေရာအတိအကျ သတင်းပေါက်ကြားလို့ မရဘူး” ဟု ဆိုသည်။

ဝေးလံခေါင်ဖျား၊ လူသူကင်းရှင်းသည့်နေရာကို ရွေးချယ်ကာ  တည်ဆောက် ထားသည့် ဆေးရုံသည် မကြာသေးမီက စတင်ပြီး   နေ့ရောညပါ လူနာ အဆက်မပြတ် ဝင်လာသဖြင့်  လုံခြုံရေး စိတ်မချရတော့ကြောင်း သိနားလည်သည်ဟု ၅ ရက်အတွင်း ဗုံး ၃ ခါ အကြဲခံရပြီးနောက် သူက ရေးသားခဲ့သည်။

နောက်ဆုံးအကြိမ်တိုက်ခိုက်သည့်နေ့က facebook တွင် သူက  ဗုံးကြဲ၊ ပစ်ခတ်မှုမှာ သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်သည်ဟု ဒေါက်တာစိုးမင်းက ရေးထားသည်။

“လေယာဉ်က ကိုယ်တို့ခွဲခန်းကိုတင် မဟုတ်ဘူး။ ဆေးရုံအဟောင်းဘက်မှာလည်း ၂ လုံး ထပ်ချသွားတယ်။ အတွဲလိုက်လည်း ပစ်သွားတယ်။ ဆိုလိုတာက ဘယ်ဘက်မှာပဲ ရှိနေနေ။ “သေစမ်းကွာ” ဆို ဆော်တာ” ဟု သူက ရေးထားသည်။

ဒေါက်တာစိုးမင်းသည် အတွေ့အကြုံများကို အွန်လိုင်းတွင် စိတ်ဝင်စားဖွယ် ဟာသစွက်ပြီး ရေးသားလေ့ရှိသည်။ ကချင်ပြည်နယ် ဒေသခံများကို အခမဲ့ ဆေးကုသ ဝန်ဆောင်မှုပေးသည့် အတွေ့အကြုံများကို  ဆေးရုံတည်နေရာ မဖော်ပြဘဲ လှထုံတို့ရွာ၊  ချန်ဂင်တို့စခန်း ဟူသော အခန်းဆက် ဆောင်းပါးများ ရေးသားခဲ့ပြီး ဖြစ်သည်။ 

“ချန်ဂင်တို့စခန်း”  အခန်းဆက် ဆောင်းပါး ၃၃၈ ပုဒ် ရေးသားပြီး ဖြစ်သည်ကို တွေ့ရသည်။

ထိုအခန်းဆက် ဆောင်းပါးများကို အပိုင်း ၂၁၀ အထိ youtube တွင် တင်ဆက်သူ ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒေါက်တာစိုးမင်းကိုယ်တိုင် ဖတ်ပြ တင်ဆက်နေသည်။
ယခု ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ရပ်ထားရချိန်တွင် စာရေး  အနားယူနေသည်၊ လုံခြုံရေးအတွက် ပြည်ပသို့ တိမ်းရှောင်ခြင်း ပြုမည်မဟုတ်ဟု ဆိုသည်။

ကိုဗစ်ကပ်ဘေးကာလ အာဏာသိမ်းပြီး ၈ ရက် အကြာ လူနာများ မရှိတော့သည့် ရန်ကုန်ဆေးရုံကြီး အဆောင်တစ်ခုတွင် တွေ့ရသည့် ဒေါက်တာစိုးမင်း။  ကျန်းမာရေးဝန်ထမ်းများ အာဏာဖီဆန်ကာ လုပ်ငန်းခွင်မှ ထွက်သွားကြပြီး ဒေါက်တာစိုးမင်း အပါအဝင် တချို့က ပြင်ပဆေးခန်းများတွင် အခမဲ့ လုပ်အားပေးကြသည်။ (ဓာတ်ပုံ –  ဒေါက်တာစိုးမင်း facebook)

Related Articles

Back to top button