
မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယနေ့ (မေ ၁) ရက် နံနက်က စာသင်ကျောင်းအနီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ရာ ကလေးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံ များထံက သိရသည်။
ဆောမြို့ မှ ၂ မိုင်ခန့်အကွာ အညာကတင်းရွာ အလယ်တန်းကျောင်းဝန်းကျင်ကို နံနက် ၁၀ နာရီခွဲခန့်က လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲခဲ့မှုကြောင့် ကျောင်းအနီးဝန်းကျင်အိမ်မှ ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ စာသင်ကျောင်းနားဝန်းကျင်ကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲသွားတယ်။ အဓိကတော့ စာသင်ကျောင်းကို ဦးတည်တာထင်ပါတယ်။ လေကြောင်းပစ်မှတ်ကတော့ စာသင်ကျောင်းအရှေ့အနောက် တစ်လုံးစီကျ သွားတာပေါ့”ဟု မြေပြင်ကိုရောက်ရှိခဲ့သည့် ဆောမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်နှင့် အသက် ၃၈ နှစ် အရွယ် ဒေါ်ပြားသာတို့မှာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် မှာ ဆေးခန်းသို့သွားစဉ်လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကလေးလေးက ကျတော့ ရင်ဘတ်ကိုဖောက်မှန်တာ။ နှလုံးကိုထိသွားတာ။ ကလေးလေးက နီးစပ်ရာ ဆေးခန်းကို ပို့မယ်ဆိုပြီး ဆိုင်ကယ်နဲ့တင်သွားချိန်မှာ လမ်းရောက်မှဆုံးသွားတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး နှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတို့မှာ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုတွင် စာသင်ဆောင် ၂ ခုနှင့် နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း ဆောမြို့နယ် လူသားချင်း စာနာထောက်ထားရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ထိုရွာအနီး မြေပြင်တိုက်ပွဲမရှိသလို ၊ တော်လှန်ရေးအင်အားစုများလည်း တပ်စွဲနေရာယူထားမှုလည်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ဆောမြို့နယ်ရှိ စာသင်ကျောင်းထဲတွင် လက်လုပ်ဒရော့ဗုံး (Drop Bomb) များ ထုတ်လုပ်နေကြောင်း Tik Tok ဗီဒီယိုဖိုင်တစ်ခုကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြခဲ့ ကြသေးသည်။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဆောမြို့နယ် စာသင်ကျောင်းများတွင် လက်နက်ထုတ်လုပ်မှု မရှိသလို တပ်ရင်းတပ်ဖွဲ့များ တပ်စွဲနေထိုင်မှုလည်း မရှိဘဲ ဗုံးကြဲခံရသော စာသင်ကျောင်းမှာလည်း ပိတ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
“ ဆောမြို့နယ်ထဲမှာ ဒါမျိုးလုပ်တဲ့ကျောင်းမရှိဘူး။ ဒီဟာကြောင့် သံသယနဲ့ လာကြဲတယ်လို့ပဲ ကနဦး ယူဆရတာပေါ့။ အဲ့ဒီကျောင်းက ယာယီပိတ်ထားတာ။ ဘာလှုပ်ရှားမှုမှမရှိဘူး”
စစ်ကောင်စီတပ်သည် ဆောမြို့နယ်သာမက စစ်ရေးပြင်းထန်နေသော ဒေသများတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို တော်လှန်ရေးအဖွဲ့များ အခြေချနေထိုင်သည်ဟု ယူဆကာ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်အပြီး ဧပြီ ၂၅ ရက်နေ့အထိ တစ်လနီးပါးအတွင်း စစ်တပ်က နိုင်ငံအနှံ့လေကြောင်း တိုက်ခိုက်မှု ၂၂၅ ကြိမ် ပြုလုပ်ခဲ့ရာ ၂၄၂ ဦးသေဆုံးပြီး ၃၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
