
ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော စစ်တပ်၏လုပ်ရပ်များကြောင့် အပစ်ရပ်စဲထားမှုအပေါ် ပြန်သုံးသပ်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့ (မတ် ၃၀) တွင် ထုတ်ပြန်လိုက်သည်။
ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော နိုင်ငံသူနိုင်ငံသားများကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေခြင်းအား ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊ မရပ်တန့်ပါက မြန်မာ့နွေဦးတော်လှန်ရေးဆင်နွှဲနေသူများနှင့်အတူ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပစ်ခတ်မှုတွေရှိတယ်။ တစ်ဖက်ကလည်း ကပ်ရောဂါကြီးကို ထိန်းချုပ်နေတဲ့အချိန်ဖြစ်တယ်။ အဲလိုမျိုး အချိန်မျိုးမှာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနေမယ်ဆိုရင်တော့ ပြည်သူလူထုနဲ့ပူးပေါင်းမယ်ဆိုတာကတော့ ကျွန်တော်တို့က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ ပြည်သူ့ဘဝလုံခြုံရေးအတွက် ခုခံကာကွယ် သွားမယ့်သဘောနဲ့ ပူးပေါင်းသွားမယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။
ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ စက်တင်ဘာ ၉ မှ ၂၀၂၁ မတ် ၃၁ အထိ အပစ်အခတ် ရပ်စဲကြောင်း အချိန်ကာလခွဲ၍ ကြေညာထားခဲ့သည်။
“(အပစ်အခတ်ရပ်စဲမှု)ဒီဟာက တောက်လျှောက် ကျွန်တော်တို့ ထုတ်လာတယ်။ (ဆက်လက်ထုတ်သင့်၊ မထုတ်သင့်) ကျွန်တော်တို့ သုံးဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းသုံးသပ်နေတယ်”ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။
နိုင်ငံတကာအကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်၍ရသော အဖွဲ့များနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
AA လက်နက်ကိုင်အဖွဲ့သည် သုံ့ပန်းနှစ်ဦးကို နိုင်ငံတကာခုံရုံးသို့ ရောက်ရှိစေရန် စီစဥ်ခဲ့ဖွယ်ရှိသည်ဟု ယူဆထားကြသည်။
ရခိုင်ဒေသ အရပ်သားများကို သတ်ဖြတ်ခဲ့ရာတွင် ကိုယ်တိုင်ပါ၀င်သည်ဟု ဆိုသော တပ်မတော်သား ၂ ဦးကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ နိုင်ငံတကာတရားရုံး အိုင်စီစီတွင် ထိန်းသိမ်းထားကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။
တပ်သား မျိုးဝင်းထွန်း၊ တပ်သား ဇော်နိုင်ထွန်းတို့သည် ၂၀၁၇ ခုနှစ်က ဘူးသီးတောင်၊ မောင်တောမြို့ နယ်တို့တွင် တပ်မတော်က ကျူးလွန်ခဲ့သော လူသတ်မှုများတွင် ကိုယ်တိုင်ပါဝင်ကြသူများဖြစ်သည်ဟု AA က ၂၀၂၀ မေလတွင် ထုတ်ပြန်သော ရုပ်သံတွင် ဖော်ပြထားသည်။
၎င်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ဝ တပ်ဖွဲ့ (UWSA) ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်သည့် အဖွဲ့ဝင်များ ဖြစ်သည်။
လက်ရှိတွင် FPNCC တွင် ပါဝင်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီ၏ လက်နက် ကိုင် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လူထုကို ပစ်ခတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ထားသည်။
ထို့ပြင် အပစ်ရပ် NCA ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ထားပြီး လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။