သတင်း

မိုးဗြဲပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ပြင်းထန် 

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း မြို့ပြင်ရှိ ခမရ (၄၂၂) တပ် မသိမ်းနိုင်ဘဲ ကျန်ရစ်ခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိကအရေးပါသော မြို့တော် လွိုင်ကော်- မိုးဗြဲ- ဖယ်ခုံ လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မိုးဗြဲကို ထိုးစစ်ဆင်လာ၍ ယခုရက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေသည်။ 

ယမန်နေ့(ဧပြီ ၂၈)က ထိတွေ့တိုက်ပွဲများအတွင်း မိုးဗြဲမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၂၂) ပတ်ဝန်းကျင်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းကာကင်း စခန်းတချို့ကို စစ်တပ်က မြေပြင်အင်အားအလုံးအရင်းဖြင့် ဝင်တိုက်ခဲ့သလို လေကြောင်း နှင့် လက် နက်ကြီးပစ်ကူ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု မြေပြင်တော်လှန်ရေးအင်အားစု များထံမှ သိရသည်။ 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီထိန်းချုပ်ထားသော လွိုင်ကော် နှင့် ဖယ်ခုံ မြို့တို့မှလည်း လက်နက်ကြီး ပစ်ကူ များ တစ်နေ့လုံးနီးပါး ပစ်ကူ နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှေ့တန်းကာကင်းတစ်ခုမှ ဆုတ်ခွာပေးလိုက်ရသည်ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာအမှတ်(၁)မှ သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက Myanmar Now သို့ ပြောသည်။ 

“ ကာကင်းတစ်ခုကတော့ မနေ့ည(ဧပြီ ၂၈)ကမှ ပေးလိုက်ရတယ်၊ လေယာဉ်နဲ့ လာကြဲတယ်၊ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်၊ ဒါကြောင့် ရှေ့ပထမလိုင်းကို ကျွန်တော်တို့ ပေးလိုက်ရတယ်။ ဒါကလည်း ၄၂၂ (ခြေမြန်တပ်ရင်း) နဲ့ အနီးဆုံးမှာရှိတဲ့ ရှေ့တန်းကာကင်းတစ်ခုဖြစ်ပါတယ်” ဟု ဆိုသည်။  

စစ်ကောင်စီသည် ဧပြီ ၂၇ ရက်နေ့တွင် စစ်အင်အား ၁၀၀ ဝန်းကျင်၊ ဧပြီ ၂၈ ရက်တွင် ဒုတိယအကြိမ် အဖြစ် စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ခမရ ၄၂၂ တပ်ရင်းဝန်းကျင်ကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။  

သို့သော် မိုးဗြဲမြို့တိိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ဧပြီ ၂၈ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း မြို့ပြင်ရှိ ခမရ (၄၂၂) တပ် မသိမ်းနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ထိုတပ်ကို အခြေပြုကာ စစ်သည်အင်အား၊ လက်နက်ခဲယမ်းများဖြည့်တင်းပြီး မိုးဗြဲမြို့ကို စစ်ကြောင်း ထိုး၍ ပြန်သိမ်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ယခု ၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီသည် ခမရ ၄၂၂ ကို ၎င်းတို့၏ ဩဇာခံ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)၏ ပြည်သူ့စစ်များ၊ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း နှင့် ဖယ်ခုံ မြို့တို့မှ စစ်သည်အင်အားများကို အဓိကဖြည့်တင်းပြီး မိုးဗြဲမြို့ပြန်ရရေး ကြိုပမ်းနေခြင်းဖြစ်သည်။   

မိုးဗြဲတွင် စစ်ကောင်စီစစ်ကြောင်းများကို ခုခံတော်လှန်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ)

ထို့နောက် ဧပြီလအတွင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်လာပြီး မိုးဗြဲမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာအမှတ်(၁)မှ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

“ မိုးဗြဲက အရမ်းကို အရေးပါပါတယ်၊ ဖယ်ခုံကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားတာဆိုတော့ ဖယ်ခုံ နဲ့ လွိုင်ကော်ကြားမှာ ရှိနေတဲ့ မိုးဗြဲကို ထပ်သိမ်းလိုက်နိုင်မယ်ဆိုရင် ဒီအဓိကလမ်းမကြီးကို သူတို့ အေးအေးဆေးဆေးအသုံးပြုလို့ရနိုင်မယ်ပေါ့” ဟု သူက ပြောဆိုသည်။ 

ထို့အပြင် မိုးဗြဲမြို့သည် စစ်ကောင်စီ၏ ပြည်နယ်မြို့တော် လွိုင်ကော်၏ အုပ်ချုပ်ရေးယန္တရားများ ယခင်လို ပုံမှန်လည်ပတ်နိုင်ရေးအတွက်လည်း အရေးပါသည်ဟု သူက ဆိုသည်။ 

မိုးဗြဲမြို့ကို ယခင်အစိုးရအဆက်ဆက်က ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးတွင် ထည့်သွင်းထား သော်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် ကြားကာလ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ကရင်နီပြည်နယ်၏အစိတ်အပိုင်းမြို့နယ်အဖြစ် ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ထားသည်။ 

စစ်တပ်သည် ခမရ ၄၂၂ တွင် ခံစစ်ပုံစံ စုဖွဲ့ ပြင်ဆင်နေခြင်းကြောင့် တော်လှန်ရေးအင်အားစုများ၏ ရှေ့တန်းကာကင်းများကို တိုက်ခိုက်ခြင်းဖြစ်ပြီး မိုးဗြဲမြို့ နှင့် မြို့ပတ်ဝန်းကျင် နယ်မြေအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု မြေပြင်ရှိ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။

လတ်တလောတွင် ခမရ ၄၂၂ တပ်ရင်းအတွင်း PNO ၏ ပြည်သူ့စစ်များ အပါအဝင် တပ်အင်အား ၅၀၀ ကျော်အထိ ဖြည့်တင်းထားကြောင်း သူက ဆိုသည်။ 

“ မိုးဗြဲကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုရင် ၁၁၁၁ စစ်ဆင်ရေးမတိုင်မီက အခြေအနေကို ပြန်ရောက် သွားလိမ့်မယ်။ လွိုင်ကော်အထိ လမ်းပွင့်သွားမယ် ” ဟု သူက ပြောဆိုသည်။ 

မိုးဗြဲမြို့ လက်မလွှတ်ရရေးအတွက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ပြည်သူ့ ကာကွယ် ရေးတပ်မတော် (မိုးဗြဲ) ၊ မြို့ပြတော်လှန် ရေးတပ်ဦး (URF) စသည့် ကရင်နီအခြေစိုက်တော်လှန်ရေး တပ်များက ပူးပေါင်းတိုက်ခိုက်နေကာ ပြင်း ထန်သောတိုက်ပွဲများကြောင့် တိုက်ပွဲအတွင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိနေသည်။ 

Related Articles

Back to top button