
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ဘေးရှောင်များအပါအဝင် လူဦး ရေ ၈ သောင်းကျော်ခန့်သည် စားဝတ်နေရေးနှင့် သောက်သုံးရေ စသော အကူအညီများ အလွန်လိုအပ် နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေသော ကျောက်ဖြူမြို့နယ်တွင် စစ်ရှောင် ၄ သောင်းကျော်သည် တောတောင်များတွင် တဲထိုး၍နေထိုင်နေရသဖြင့် စားဝတ်နေရေးအတွက် အခက် အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် AA သည် ယခုရက်ပိုင်းများအတွင်း ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာအနီးနှင့် အမှတ် (၃၂) တပ်ရင်းပတ်ဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်နေရာ ရွာပေါင်း ၄၀ ကျော်မှဒေသခံများသည် ဘေးလွတ် မည်ဟု ယူဆရသည့် တောတောင်များတွင် နေထိုင်နေရသည်။
ဝါးတိုင်များ စိုက်ထူ၍ တာလပတ်(သို့မဟုတ်) ဓနိရွက်များကို မိုးကာနေထိုင်နေရသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“မကြာခင် မိုးလည်းကျတော့မှာကြောင့် နေအိမ်တွေအရေးပေါ်လိုအပ်နေတယ်။ နောက်တစ်ချက်က အခု နေတာက ရွာတွေမှာမဟုတ်ဘဲနဲ့ တောတောင်တွေမှာနေကြရတော့ ခြင်သိပ်ကိုက်တယ်။ ခြင်ထောင်တွေ အရေးပေါ် လိုအပ်တယ်။ ပြီးတော့ ကျန်းမာစောင့်ရှောက်မှုပေးဖို့လည်းလိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်အစိုးရနှင့်ဒေသခံအဖွဲ့အစည်းများက စစ်ဘေးရှောင်များကို ကူညီ ထောက်ပံ့မှုများပြုလုပ်နေသော်လည်း လုံလောက်မှုမရှိသေးသဖြင့် ခြင်ထောင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ၊ သောက်သုံးရေများလည်းလိုအပ်နေသည်ဟု သိရသည်။
တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူမြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက််မှ စတင်၍ စည်မော်၊ ကြတ္တိန်ရွာအနီး AA တပ်များ ရှိနိုင်သည့် နေရာများသို့ စစ်တပ်က စတင်တိုက်ခိုက်လာရာမှ ထိုဒေသ၌ တိုက်ပွဲများစတင်ခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်မှ ကျေးရွာအများအပြားကို AA ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောကြသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ နှင့် ၂၅ ရက်တို့တွင် တိုက်ပွဲဖြစ်နေသော အနီးဝန်းကျင်မှ ကျောက်ဖြူမြို့နယ်ကျေးရွာ ၂ ရွာကို စစ်တပ်က နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ဒေါ်သိန်းသိန်းအေး(၄၇ နှစ်)၊ ဒေါ်ချောစု (၃၉ နှစ်) နှင့် သမီးငယ်ဖြစ်သူ မမေသဇင်ခိုင် (၁၁ နှစ်)၊ ဒေါ်ယဥ်နု (၆၂ နှစ်) တို့ သေဆုံးသွားကြသည်။
တိုက်ပွဲများဖြစ်ပွားနေသော်လည်း ကျောက်ဖြူတွင် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်း များ ဆက်လည်ပတ်နေပြီး စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂၊ ၅၄၃၊ ခြေလျင်တပ်ရင်း အမှတ် (၃၄) ၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်စခန်းတို့ရှိကြသည်။

ပုဏ္ဏားကျွန်းရှိစစ်ဘေးရှောင်များလည်း ရေလိုအပ်ချက်ရှိနေ
AA သိမ်းပိုက်ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၄ သောင်းကျော်ခန့်သည် ရေရှားပါးမှုဒဏ်ကိုရင်ဆိုင်နေရပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“သောက်စရာလည်းမရှိ… သုံးစရာလည်းမရှိ ဖြစ်နေပါတယ်။ ရေတစ်လုံး (တစ်ပုံး) ရဖို့အတွက် တစ်ရက်လုံး ထိုင်စောင့်ပြီး ခပ်နေရတယ်။ ရေတွင်းတွေတူးပြီး ရေရှာကြတယ်။ အဲဒီတွင်းတွေကလည်း ရေအများ မထွက်ပါ။ ရေတစ်လုံး ရဖို့ ၂ နာရီလောက်စီ စောင့်ရတယ်။ပြီးတော့ ၆ မိုင်လောက်ဝေးတဲ့ နေရာတွေကို သွားပြီးခပ်ရတယ်။ အဲဒါတောင် တစ်ယောက်တစ်လုံးထက် အပိုခပ်ခွင့်မရှိပါ ”ဟု ၎င်းက ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာ ၂၃ ရွာနှင့် စစ်ရှောင်စခန်း ၅ ခုတွင် ရေရှားပါးနေခြင်း ဖြစ်ပြီး ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံးနှင့်ဒေသတွင်းကူညီရေးအဖွဲ့များက ရေများ ဖြန့်ဝေပေးနေသော်လည်း လုံလောက်မှုမရှိ၍ အကူအညီများလိုအပ်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ကန့်သတ်ထားမှုကြောင့် တိုက်ပွဲဖြစ်နေသော နေရာများနှင့် စစ်ပွဲဇုန်များတွင် နိုင်ငံတကာ အကူအညီအထောက်အပံ့များ ပေးပို့နိုင်ခြင်းမရှိသောကြောင့် ဒေသအဖွဲ့များနှင့် တော်လှန်ရေးတပ်များ က တနိုင်တပိုင် ပံံ့ပိုးကူညီနေရသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲများပြုလုပ်ခဲ့ရာ ရခိုင်ဒေသရှိ ၁၄ မြို့နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်မှုရှိနေသည်။
AA နှင့် စစ်တပ်တို့ တိုက်ပွဲမဖြစ်ပွားသေးသောမြို့မှာ မာန်အောင်မြို့နယ်တစ်ခုတည်းသာကျန်တော့သည်။

မတ် ၂၈ ရက်နေ့က နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့်မန္တလေးမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့် အင်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ကူညီရေးလုပ်ငန်းများဆောင်ရွက်ရန် ဧပြီ ၂ ရက်မှ လကုန်အထိ ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
သို့သော် စစ်ကောင်စီက ရခိုင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အတွင်း ရခိုင်ဒေသ ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်တို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့သည်၊ လေယာဉ်၊ ဒရုန်း၊ အင်ဂျင်တပ်လေထီး၊ ရေတပ်သင်္ဘောများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိသည်၊ ဒဏ်ရာရသူများ ထဲမှ ၅ ဦးမှာ အသက် ၅ နှစ်မှ ၁၄ နှစ်အကြားရှိ ကလေးများဖြစ်ကြသည်၊ နေအိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင်နှင့် ဘာသာရေးအဆောက်အဦး ၁ ခု အပါအဝင် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း HDCO က ဖော်ပြထားသည်။