သတင်း

ဝန်းသိုမှ အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲ၊   ကလေးများအပါအဝင် ၂၅ ဦးထက်မနည်းသေဆုံးပြီး ၂၄ ဦးဒဏ်ရာရ

ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာ၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်မနက်အတွင်း လူ နှစ်ဒါဇင်ကျော်သေဆုံးခဲ့ရသည့်အထဲ ကလေးများပါ ပါဝင်နေသည်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာမှ အရပ်ဘက်ပစ်မှတ်များကို စစ်ကောင်စီက ယနေ့ (ဧပြီ ၉) ရက်နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ ၂၅ ဦးသေဆုံးပြီး ၂၄ ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

ဒဏ်ရာရသူ ၂၄ ဦး အနက် ၁၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။

စစ်တပ်သည် ဝန်းသိုမြို့၏ အရှေ့မြောက်ဘက် ၁၈ မိုင်ခန့်အကွာ၊ နမ်းခမ်းကျေးရွာ လမ်းလေးဆုံခွအနီး လူစည်ကားရာ ဈေးဆိုင်တန်းနှင့်လူနေအိမ်ဝန်းကျင်ကို ပစ်မှတ်ထားပြီး မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဗုံး သုံးလုံး၊ ညနေ ၆ နာရီခန့်တွင် ဗုံးတစ်လုံး၊ စုစုပေါင်း လေးကြိမ် လေယာဉ်ဖြင့် ကြဲချခဲ့သဖြင့် အသေအပျောက် များခဲ့ခြင်းဖြစ်ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ(ပအဖ) အရာရှိတစ်ဦးက ပြောသည်။ 

“ဘယ်နေရာမှာအဓိကတိုက်တာလဲလို့ ပြောရင်တော့ လူနေရပ်ကွက်မှာပဲ အဓိကထား တိုက်ခိုက်သွားတာပါ ” ဟု ၎င်းက ပြောသည်။

နမ်းခမ်းရွာမှာ အိမ်ခြေရာကြီးဂဏန်းရှိသည့် ရွာကြီးဖြစ်ပြီး ထိုရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းနှင့် ဒေသတွင်း လက်နက်ကိုင်များ တပ်စွဲနေထိုင်ခြင်းမရှိဟုလည်း ၎င်းကဆိုသည်။

သေဆုံးသူများမှာ နမ်းခမ်းရွာ၊ ဘူတာစု၊ အနောက်စက်၊ အရှေ့စက် ကျေးရွာတို့မှ အများစုဖြစ်ကြောင်း သတင်းရထားပြီး အသေးစိတ်အချက်အလက်များကို ကောက်ယူနေဆဲဖြစ်ဟုလည်း ၎င်းကပြောသည်။

“အပိုင်းပိုင်းအပြတ်ပြတ်တွေလည်းရှိပါတယ်။ အဲ့ဒါက သံလမ်းနဲ့အနီးဆုံးဖြစ်တဲ့အတွက် (ရထား) သံလမ်းကြီးက ပြတ်ပြီးတော့ ၁၅ ပေလောက်ရှည်တဲ့ သံလမ်းနှစ်ချောင်းက ကောက်ပြီးတော့ အဲ့ဒီသံလမ်းတွေကနေ ပေ ၁၅၀ လောက်အကွာထိ လွင့်ထွက်သွားပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် ထို ပအဖ တာဝန်ရှိသူက ဆိုသည်။ 

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာအနီးတွင် တိုက်နယ်ဆေးရုံရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက လည်ပတ်နိုင်ခြင်းမရှိဘဲ ကျေးလက်ဆေးပေးခန်းအနေဖြင့်သာ ဖွင့်ထားသည်ဟု ဆိုသည်။ 

“ တိုက်နယ်ဆေးရုံက နာမည်သာ တိုက်နယ်ဆေးရုံသာ ရှိတော့တာပါ။ ကုသမှု လည်ပတ်နေတာ မရှိတော့ပါဘူး။ အဲ့ဒီမှာ ကျေးလက်ကျန်းမာရေးသဘောမျိုး သာမန်ဆေးခန်းလေးတစ်ခုပဲ ရှိပါတယ်။ အဲ့ဒါကြောင့် ဆေးရုံဝန်ထမ်းတွေ လုံးဝမပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

အင်းတော်မြို့နယ်ကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ကပ်လျှက်ရှိ ဝန်းသိုမြို့နယ်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ပြီး “ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့် လုပ်ရပ်” ဟု အဆိုပါ NUG အရာရှိက ပြောသည်။

ဝန်းသိုနှင့် ၃၅ မိုင်ခန့်ကွာဝေးသည့် စစ်ကိုင်းနှင့်ကချင်နယ်စပ် အင်းတော်မြို့ကို မဟာမိတ် ကျောင်းသား တပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့နှင့်အတူ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG/MOD က ကြေညာထားသည်။

နှစ်ဒါဇင်ကျော်သေဆုံးခဲ့ရသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူများကို ပစ်မှတ် ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် က မှတ်ချက်ပြုသည်။

“ရှေ့မှာလည်း ပြည်သူကို Target (ပစ်မှတ်) ထားပြီးလုပ်ခဲ့ကြတယ်။ လုပ်ခဲ့တာတွေလည်းအများကြီးပဲ။ အခုလည်း ကလေးငယ်တွေအပါအဝင် ပြည်သူတွေပဲသေဆုံးကြတာ။ ဒီတိုက်ခိုက်မှုက ပြောရရင် ပြည်သူတွေကို ဦးတည်ပြီးလုပ်တဲ့တိုက်ခိုက်မှုလို့ပဲပြောရမှာပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။ 

မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ဧပြီ ၁၃ ရက်နေ့အထိ ယာယီအပစ်ရပ်မည် ဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားသည်။ 

ထို့အတူ အာဏာသိမ်းစစ်တပ်က ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာအပစ်ရပ်မည်ဟု ကြေညာထားသည်။

သို့သော်အပစ်ရပ်ကတိကဝတ်များကို ချိုးဖောက်နေကြောင်း အပြန်အလှန်စွပ်စွဲကြပြီး မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ ယနေ့ ထုတ်ပြန်ထားသည့်အချက်အလက်များအရ စစ်ကိုင်းငလျင် အပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၅ ဦးသေဆုံးပြီး ၆၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ လက်နက်ကြီး ဖြင့်တိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးပြီး ၃၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

Related Articles

Back to top button