
မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် နှင့် ၇ မိုင်ခန့်သာဝေးသည့် ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများတွင် ရွှေမျောလုပ်ကိုင်မည့်အစီအစဉ်ကို ဒေသခံများက ယမန်နေ့ (ဧပြီ ၂၄) ရက် ညနေပိုင်းတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဘုတလင်မြို့နယ်၊ ကျေးရွာ ၂ ရွာအနီးတွင် ရွှေမျောတူးဖော်ရန် ဦးဆောင်စီစဉ်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် မြို့နယ် ပကဖနှင့်ပလဖ တာဝန်ခံတချို့ကို လက်မခံကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် ဒေသခံများက ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်မှစပြီး မြစ်ဆိပ်ဘေးနှင့်ရွာထဲ လှည့်လည်ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကမ်းဘေးမှ ထို ၂ ရွာမှာ မုံရွာအခြေစိုက် နမခ နှင့် ၇ မိုင်သာ ကွာဝေးသည့်အတွက် စစ်တပ်က အချိန်မရွေး စစ်ကြောင်း ထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များလည်း ရှိနေသည့်အတွက် ထိုနေရာတွင် စီမံကိန်းလုပ်မည့်အစီအစဉ်ကို ဒေသခံတို့က ကန့်ကွက်နေကြသည်။
“ စစ်ကောင်စီနဲ့ ၇ မိုင်ပဲ ကွာတဲ့အတွက် စစ်တပ်က ဘယ်လိုမှလုပ်မရအောင် သေချာပေါက် ဖျက်ဆီးမှာ။ ကျွန်တော်တို့ရွာမှ မဟုတ်ဘူး ဒီကိစ္စက ဒီပတ်ဝန်းကျင်ရွာတွေ ဒုက္ခရောက်သွားနိုင်ပါတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ အဆိုပါ ကျေးရွာ၂ ရွာတို့မှာ အိမ်ခြေရာကျော်ရှိသည့် ကျေးရွာများဖြစ်ပြီး အများစုမှာတောင်သူလုပ်ငန်း၊ ကွမ်းစိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများ ဖြစ်သည်။
ထိုနေရာတွင် ရွှေမျောလုပ်ရန် ဦးမြင့်ဟန်ထွန်း ဦးဆောင်သည့်အဖွဲ့က လွန်ခဲ့သည့်ခြောက်လခန့်က စပြီး ဒေသခံများကို စတင်စည်းရုံးမှုများလုပ်ခဲ့သော်လည်း ဒေသခံများက ရွှေမျောတူးဖော်မည့် အစီအစဉ်ကို အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
တစ်ရွာက စီမံကိန်းကို လုံးဝလက်မခံ၊ ကန့်ကွက်မှုများ ပြုလုပ်သည့်အခါ ကပ်လျှက် အခြားရွာတွင် စည်းရုံးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
အဆိုပါစည်းရုံးခံရသောရွာမှ ရွာခံများအား ဧပြီလဆန်းတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ်သိန်း ၃၀ နစ်နာကြေးပေးမည်ဖြစ်ပြီး ထုတ်ယူသည်ဖြစ်စေ၊ မထုတ်ယူသည်ဖြစ်စေ ဆက်လက် လုပ်ကိုင်မည်ဟု ဖိအားပေးခဲ့ရာ ငွေလက်ခံသူတချို့ရှိခဲ့ကြောင်း စီမံကိန်းကို လုံးဝလက်မခံသည့်ရွာမှအမျိုးသားက ပြောသည်။
“ခုခေတ်က လူတိုင်းတော်တော်များများ အဆင်မပြေတော့ သိန်း ၃၀ နဲ့ဆိုတော့ (ရွာအိမ်ထောင်စု) ၅ ပုံ ပုံရင် ၁ ပုံလောက်ကိုပိုက်ဆံထုတ်ပေးတယ်။ မယူရင် မရမှာပဲလို့ ပြောတော့ သဘောတူ ကျေနပ်လို့ထက် မယူရင် မရမှာပဲဆိုတဲ့ စိတ်နဲ့ (သူတို့က) ထုတ်ကြတာ”
ထို့နောက် ဧပြီတတိယပတ်တွင် စည်းရုံးခံရသော ရွာ၏ သဲသောင်ပြင်တွင် ရွှေမျောဖောင်တချို့ စတင်ရောက်ရှိလာရာ ဒေသခံတချို့က သံပုံးတီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
လက်ရှိတွင် ရွှေတူးဖော်မှုလုပ်ငန်းများ စတင်ခြင်းမရှိသေးသော်လည်း ရွှေမျော ၂၀ ခန့်မှာ သောင်ဆိပ်တွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် အချိန်မရွေးစတင်မည်ကို ဒေသခံများက စိုးရိမ် ပူပန်နေကြသည်။

လက်ရှိတွင် ရွှေမျောဖောင်များရောက်ရှိနေသော်လည်း လုပ်ငန်းစတင်လည်ပတ်ခြင်းမရှိသေးဘဲ သယံဇာတဝန်ကြီးဌာနနှင့် မြို့နယ်သယံဇာတတာဝန်ခံတို့ ဆွေးနွေးပြီးနောက်မှ လုပ်ခွင့်ပြု၊ မပြု သိရမည်ဖြစ်ကြောင်း ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ ဦးကြွက်ကလေးက ပြောသည်။
“ လုပ်ဖို့ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေမှ သူတို့ရဲ့ သဘောပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အစိုးရ ခွင့်ပြုလိုက်ပြီဆိုရင် ဘယ်လိုလူ လာတားတား၊ ရှေ့ဆက်မှာပေါ့။ ကျွန်တော်တို့အစိုးရက ခွင့်မပြုဘူးဆိုရင်တော့ ဘယ်လိုလူတွေ လာလုပ်လုပ်တားရမှာပဲပေါ့” ဟု ၎င်းက ဆိုသည်။
ဒေသခံများမှာ စီမံကိန်းနှင့်ပတ်သက်သည့်အချက်အလက်များကို တိတိပပ သိထားရခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုက လာရောက်တူးဖော်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှစတင်ကာ ၂၀၂၇ ခုနှစ်အထိ နှစ်နှစ်ခန့် ကြာမြင့်နိုင်သည်ဟုဆိုသည်။
ထိုနေရာတွင် ရွှေမျောလုပ်ငန်းလုပ်ကိုင်မှုကို ကန့်ကွက်ကြောင်းနှင့် ရွှေမျောလုပ်ငန်းဆက်လုပ်ရန် ကြိုးပမ်းနေသူများအားအမြန်ဆုံးအရေးယူတားဆီးပေးရန် သယံဇာတဝန်ကြီးအပါအဝင် ဝန်ကြီးဌာနများကို ဧပြီ ၁၄ ရက်နေ့တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာ ပေးပို့ထားသော်လည်း တရားဝင် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ထိုအဖွဲ့များထံမှသိရသည်။
ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးတွင် ရွှေမျောလုပ်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ထံ Myanmar Now က ဧပြီ ၂၃ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့ (ဧပြီ ၂၅) ရက် ညပိုင်းအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ရွှေမျောတူးဖော်မှုနှင့်ပတ်သက်ပြီး ဘုတလင်မြို့နယ် သယံဇာတတာဝန်ခံကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပါ။
နမခ နှင့် အနီးဆုံးနေရာတွင်ရှိသည့်အတွက် ရွှေမျောလုပ်ငန်းများလုပ်ကိုင်ပါက စစ်တပ်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများလုပ်လာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
ဘုတလင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့်ဒေသ ဖြစ်သလို စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးများလာပြီး ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ရွှေမျောလုပ်ငန်းစတင်ပါက လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်ချေရှိကြောင်း ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
မြို့နယ် ပကဖ ဒုတာဝန်ခံကမူ ရွှေမျောလုပ်ငန်းမရှိသည့်တိုင် လက်ရှိတွင်လည်း မြေပြင်စစ်ကြောင်း ထိုးမှုများ၊ လေကြောင်းတိုက် ခိုက်မှုများမှာ ရှိနေဆဲ ဖြစ်သည်ဟုဆိုသည်။
“ရွှေမျောလုပ်လုပ်၊ မလုပ်လုပ် လက်ရှိ သူတို့က ဒီတိုင်း ပုံမှန်လုပ်နေတဲ့အတွက် ကျွန်တော်တို့ အတွက်တော့ ထူးဆန်းတာတော့မရှိဘူးပေါ့။ တကယ်လို့ ဒီနယ်မြေခံတွေက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတော့ နယ်မြေခံပြည်သူတွေရယ်၊ လုပ်ငန်းရှင်တွေရယ်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က စစ်ကြောင်းထိုးတာရယ်၊ ဝေဟင်က အန္တရာယ်ရှိတဲ့ကိစ္စတွေကိုတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံးကာကွယ်နိုင်သလောက် ကာကွယ်မယ်။ မကာကွယ်ပေးနိုင်ရင် ပညာပေးအနေနဲ့ လူတွေအန္တရာယ် မဖြစ်အောင် အနည်းဆုံးတော့ လုပ်လို့ ရသလောက် လိုက်လုပ်ပေးမှာပေါ့”ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းတွင် ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းရာ မင်းကင်းမြို့နယ်တွင်လည်း အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ခန့်အကြာ ၂၀၂၃ ခုနှစ်မှစတင်ကာ ရွှေမျောလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေပြီး ဒေသခံများ ကန့်ကွက်မှုများ ရှိသည့်ကြားမှ ယခုနှစ်တွင်လည်း ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။
