လက်နက်ကိုင်များက အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဆိုင်ကယ်စီးလာသည့် ပဲခူးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုရှိန်းသီဟန်လင်းသည် ခါးတွင် ကျည်နှစ်ချက် ထိမှန်သေဆုံးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
အသက် ၁၉ နှစ်အရွယ် ကိုရှိန်းသီဟန်လင်းသည် သူငယ်ချင်းတစ်ဦးနေအိမ်သို့ အခြားသူငယ်ချင်းတစ်ဦးနှင့် ယနေ့ (မတ် ၂၉) နေ့လယ် ၁၁ နာရီခန့်က ဆိုင်ကယ်စီး၍ သွားရောက်စဉ် လက်နက်ကိုင်များတပ်စွဲထားသည့် စံတော်တွင်းဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ အစ်မဖြစ်သူ မဝင်းနွယ်နီက ပြောသည်။
“စံတော်တွင်းလမ်းမ မရောက်ခင်လမ်းကနေ (လက်နက်ကိုင်များ) တက်လာတယ်။ ပြန်ကွေ့၊ ပြန်ကွေ့၊ ဆိုင်ကယ်ရပ် ဆိုင်ကယ်ရပ် ဆိုတဲ့အချိန်မှာ ရပ်လိုက်တာ။ ရပ်လိုက်တဲ့အချိန်မှာ နှစ်ချက်ဆက်တိုက် ပစ်သွားတာ။ ခါးကနေပြီးတော့ ကျည်နှစ်ချက် ဆက်တိုက်ဝင်သွားတာ” ဟု မဝင်းနွယ်နီက မျက်မြင်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ပြန်ပြောပြသည်။
မောင်ဖြစ်သူ ကိုရှိန်းသီဟန်လင်းမှာ ကျည်ထိမှန်သဖြင့် နေရာတွင် ခွေလဲကျသွားသည်။
ထွက်ပြေးသွားသော ၎င်း၏သူငယ်ချင်းမှာလည်း ခါးတွင် ကျည်ထိမှန်ခဲ့သည်။
“ခါးထိထားတဲ့ ကလေးကို ခြေထောက်နဲ့ ခေါင်းကိုနင်းပြီးတော့ မင်းတို့တွေကြောင့် ငါတို့က ပစ်နေရတာ တဲ့။ အဲဒီလိုပြောသွားတယ်တဲ့” ဟု မဝင်းနွယ်နီက ဆက်ပြောသည်။

ဒဏ်ရာရလူငယ်ကို ဆေးရုံတင်ထားရသည်။
နေရာတွင် သွေးများအိုင်ထွန်းသေဆုံးခဲ့သည့် ကိုရှိန်းသီဟန်လင်း၏ ရုပ်အလောင်းကို လက်နက်ကိုင်များက သယ်ယူသွားကြောင်း၊ ညနေပိုင်းတွင် ရင်ခွဲရုံသို့ ရုပ်အလောင်းရောက်လာကြောင်း ပြောသည်။
ပဲခူးတက္ကသိုလ် တတိယနှစ်(ရုက္ခဗေဒ) ကျောင်းသား ကိုရှိန်းသီဟန်လင်း၏ ရုပ်အလောင်းမှာ နေအိမ်သို့ ရောက်ရှိနေပြီး မတ် ၃၁ တွင် သင်္ဂြိုဟ်သွားမည်ဖြစ်သည်။
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများကို လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွဲရုံသာမက ပုံမှန်သွားလာနေသည့် လူငယ်များကိုပါ တစ်ခါတစ်ရံ အကြောင်းမဲ့ပစ်ခတ်နေသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ထားဝယ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးကို ပစ်ခတ်ခဲ့ကာ ကျည်ထိမှန်သူကို ကားဖြင့် သယ်ယူသွားခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သည့် မတ် ၂၇ နှင့် ယမန့်နေ့ မတ် ၂၈ တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် မြို့ပေါင်း ၅၀ တွင် ကျဆုံးသူအရေအတွက် ၁၆၉ ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် အသက်မပြည့်သူ ၁၄ ဦး ပါဝင်သည်။



