သတင်း

မကွေးထောင်အနီး တိုက်ပွဲဖြစ်၊ နိုင်ကျဉ်း ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး 

မကွေးထောင်ရှေ့ တိုက်ပွဲဖြစ်ပွားအပြီး အကျဉ်းသား ၂ ဦး သေဆုံးသည်၊ ထောင်တွင်း ဆက်လက် နှိပ်စက်ခံနေရသူများထဲတွင် ထောင်ဒဏ် နှစ် ၂၀၀ ဝန်းကျင်စီ ချခံထားရသူ ၂ ဦး ပါဝင်သည်ဟု သိရသည်။

မကွေးတိုင်း၊  မကွေးမြို့အရှေ့မြောက်ဘက် ၁၂  မိုင်ခန့်အကွာ မကွေး – ရေနံ‌ချောင်းလမ်းပိုင်းပေါ်ရှိ မကွေးထောင်အနီး ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)က တိုက်ပွဲဖြစ်ပွားနေစဉ် ထောင်အတွင်း ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ထုတ်ပြန်သည်။ 

ဒေါင်းနေထောင်ဟု ဒေသခံများ ခေါ်ဝေါ်ကြသည့် မကွေးထောင်နှင့် မျက်နှာချင်းဆိုင်ရှိ အမှတ် (၂၅) ရဲတပ်ရင်းကို ဒေသအခြေစိုက် ဒေါင်းစစ်အောင်အဖွဲ့က ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်တွင် လာရောက် တိုက်ခိုက်ခဲ့သည်။ 

တိုက်ပွဲဖြစ်နေစဉ် ထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုဖြစ်ပွားကာ ထောင်ဗူးဝနှင့်ကင်းမျှော်စင်ပေါ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အကျဉ်းထောင်ဓမ္မာရုံမှ နိုင်ငံရေးအကျဉ်းသား ကိုစောရွှေအောင် အပါအဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်ချက်က ဆိုသည်။

“အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းဦးစီးဝန်ထမ်းနဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားရာဇဝတ်အကျဉ်းသား တွေကြား နှစ်ဘက်ထိတွေ့မှုဖြစ်ရာကနေ အကျဉ်းဦးစီးဌာနရဲ့ ပစ်ခတ်တဲ့ကျည်ဆန်တွေကြောင့် သေဆုံးမှုဖြစ်တာပါ”ဟု PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Myanmar Now ကို ပြောသည်။ 

မကွေးထောင်တွင်  မြင်းခြံနှင့်ပခုက္ကူမှ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများ ရှိနေသည်၊ အကျဉ်းသားဦးရေများပြားနေသဖြင့် တချို့ကို  ထောင်တွင်းဓမ္မာရုံ၌ထားခြင်းဖြစ်သည်ဟု ထောင်နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။  

ကိုစောရွှေအောင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပုဒ်မများဖြင့် ထောင်အနှစ် ၂၀ ကျော် ချခံထားရသူဖြစ်ကြောင်း သိရသည်။ 

အကျဉ်းသားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၅ ဦးထက်မနည်း ဆေးကုနေရပြီး အကျဉ်းဦးစီးဌာနဝန်ထမ်းတချို့လည်း  ဒဏ်ရာရရှိခဲ့သည်ဟု PPNM က ဆိုသည်။ 

“အပြင်မှာတိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာပဲ အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းဦးစီးကြားမှာ ထိတွေ့မှုတွေဖြစ်တယ်ဆိုတာက လွတ်မြောက်မှုကိုကြိုးစားကြတဲ့အခါမျိုးမှာ နှစ်ဘက်ထိတွေ့မှုဖြစ်ကြတဲ့အခြေအနေဖြစ်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။ 

အဲ့ဒီတော့ အဲ့ဒီလို ဖြစ်တဲ့အချိန်မှာပဲ အကျဉ်းဦးစီးဘက်က သေနတ်ပစ်ခတ်ဖြိုခွင်းတဲ့အတွက် နိုင်ကျဉ်း သေဆုံးမှုဖြစ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်”

မကွေးထောင်တွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါ အဝင် နိုင်ငံရေးသမားများ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ  ထိန်းသိမ်းခံထားရသည်။

မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်နိုင်ရန် ရည်ရွယ်၍ အမှတ် (၂၅) ရဲတပ်ရင်းကို တိုက်ခိုက်ခဲ့သည့်  စစ်ဆင်ရေးအတွင်း ၂ နာရီကျော်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကျည်ဆန်မလုံလောက်မှုနှင့် လက်နက်ငယ်များအပျက်အစီးရှိမှုတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု  ဒေါင်းစစ်အောင်အဖွဲ့ တာဝန်ခံ ကိုထူးလေးက ပြောသည်။ 

“ရှော့တိုက်ဒုံး ၂ လုံး ပစ်တယ်။ ထောင်ဂိတ်တွေကို ပစ်ပြီးတော့ ကဲ့ဖို့လုပ်တာကိုး။ ထောင်ထဲကလည်း ပစ်တယ်။ ရဲတပ်ရင်းဘက်ကလည်း ပစ်တယ်။ ရဲတပ်ရင်းနဲ့လည်းထိတွေ့ဖြစ်တယ်။ တစ်ဘက်ကလည်း ထောင်ရှေ့ဘူးဝကနေ ပစ်တာဆိုတော့ ဗဟိုကင်းကလည်းပစ်တယ်။ ထောင်ရှေ့က ကင်းသမားတွေ ကလည်း ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုနေ့ကဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ စစ်ဆေးခံနေရကြောင်း PPNM က ထုတ်ပြန်ထားသည်။ 

မကွေးထောင်တွင် ချုပ်နှောင်ခံထားရသော တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့်လှိုင်နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ကိုအောင်ခန့်ဦး (ခ) ကိုပါလေး တို့ကို အပြင်းအထန်စစ်ဆေးနေသည်ဟု အထက်ပါအကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။ 

တော်လှန်ရေးအဖွဲ့ဝင်ဖြစ်သော ကိုအောင်ခန့်ဦးကို  နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် ထောင်ဒဏ် ၂၀၃ နှစ် ချထားပြီး၊ NLD အမတ် ဦးဝင်းမြင့်လှိုင်ကို ထောင်ဒဏ် ၁၇၃ နှစ် ချမှတ်ထားသည်။ 

ထောင်တွင်းအပြင်းအထန် စစ်ဆေးမေးမြန်းခံနေရသည်ဟူသော သတင်းများထွက်ပေါ်နေသဖြင့်  အခြေအနေမှန် သိရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ဦးဝင်းမြင့်လှိုင်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

 “အဆက်အသွယ်မရ သေးဘူး။ သေချာမသိရသေး”ဟု သူက ဆိုသည်။

မကွေးထောင်အနီး တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှာ ထောင်တွင်းနိုင်ကျဉ်းများနှင့် မည်သည့် ပတ်သက်မှုမှ မရှိသလို၊ ချိတ်ဆက်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ဒေါင်းစစ်အောင်အဖွဲ့တာဝန်ခံ ကိုထူးလေးက ဆိုသည်။ 

“ကျွန်တော်တို့က ဘယ်သူနဲ့မှအချိတ်ဆက်မရပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီထဲမှာရှိတဲ့ နိုင်ကျဉ်းတွေကို လွတ်မြောက်စေချင်တဲ့စိတ်နဲ့ စစ်ရေးမစ်ရှင်ကို ဖော်ဆောင်ခဲ့တာပါ”

မကွေးထောင် တိုက်ခိုက်ခံရမှု၊ ထောင်တွင်းပစ်ခတ်မှုတို့တွင် နိုင်ကျဉ်းများသေဆုံးမှုနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့်၊ မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ “အဘက အပြင်သွားနေတယ်” ဟု ဖုန်းပြန်လည်ဖြေကြားသူက ပြောသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တချို့ကမူ သင်္ကြန်ကာလတွင်း မကွေးမြို့ရှိ ဒေါင်းနေထောင်ကို PDF များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့၍ ည ၈ နာရီကျော် အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဧပြီ ၁၄ ရက်နေ့က ဖော်ပြထားကြသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဧပြီ ဒုတိယပတ်အထိ ထုတ်ပြန်ထားသည့်အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အတွင်း ၂၉,၀၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည့်အနက် ၂၂,၁၉၇ ဦးထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ၎င်းတို့အနက် ၁၀၇၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။

Related Articles

Back to top button