အတွေးအမြင်အာဘော်

သမိုင်းတစ်ကြော့ပြန် မလေးရှားခေါင်းဆောင်မှုနှင့် မြန်မာ-အာဆီယံ ပြဿနာ 

အာဏာသိမ်းပြီးမကြာမီ အာဆီယံ ခေါင်းဆောင်များက မင်းအောင်လှိုင်ကို ခေါ်တွေ့ကာ နားချခဲ့ကြသည်၊ ၄ နှစ်အကြာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက သူ့ကို ဖြောင့်ဖျ နားချပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် ထိုင်းနိုင်ငံခရီးစဥ်အတွင်း ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်သစ်ကူးနေ့) တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့သည်။

ထိုင်းခရီးစဥ်မတိုင်မီ မလေးအခြေစိုက်သတင်းဌာနများကို ထိုတွေ့ဆုံမှုအကြောင်း ကြိုတင်ထုတ်ဖော် ပြောဆိုခဲ့ချိန်တွင် မင်းအောင်လှိုင်နှင့် တယ်လီဖုန်းဖြင့် တစ်ကြိမ်သာ ပြောဆိုခဲ့မှုအတွင်း စစ်ခေါင်းဆောင်က လူချင်းတွေ့ဆုံရန် ချက်ချင်း အပြုသဘောတုံ့ပြန်လက်ခံမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။     

ထို့အပြင် ငလျင်ဘေးဒုက္ခသည်များကို အာဆီယံက ကူညီထောက်ပံ့နိုင်ရေး လူသားချင်းစာနာမှု အခြေခံပေါ်မှ တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း တွေ့ဆုံမှု ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး၊ မင်းအောင်လှိုင်ကို တွေ့ဆုံသည့်အခါ ငလျင်ဘေးဒုက္ခခံစားကြရသော မြန်မာပြည်သူများကို ကူညီထောက်ပံ့နိုင်ရေးအတွက် စစ်တပ်ဘက်က ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး သက်တမ်းတိုးပေးရန် တွန်းအားပေးမည် ဟု ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်နှင့်တွေ့ဆုံမှုအပေါ် အန်နဝါ၏ သတင်းသမားများသို့ ကြိုတင်ရှင်းလင်းပြောဆိုပုံမှာ ၎င်းကို အထင်အမြင်လွဲမှားမှု မရှိစေရန် ကြိုတင်ကာကွယ်နေရခြင်းဖြစ်ကြောင်း ထင်ရှားသလို၊ ထိုတွေ့ဆုံပွဲကို နိုင်ငံတကာ အသိုက် အဝန်းကလည်း သတိထားစောင့်ကြည့်နေလိမ့်မည်ကိုလည်း အန်နဝါ ရိပ်စားမိပုံရပါသည်။

မင်းအောင်လှိုင်နှင့် တွေ့ဆုံအပြီး အန်နဝါအီဘရာဟင်၏ ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး အရေးကြီးပြီး၊ တိုင်းပြည်တည်ငြိမ်ရေးနှင့် ပြည်သူများ သာယာဝပြောရေးအတွက် သက် ဆိုင်သူအားလုံး အလေးအနက် ဆက်လက်ထိတွေ့ဆက်ဆံကြရန်” တိုက်တွန်းထားသည်။ သို့သော် မင်းအောင်လှိုင်နှင့် ဆွေးနွေးမှုရလဒ်ကို ထုတ်ပြန်အသိပေးခြင်း မရှိခဲ့ပါ။

ဧပြီလ ၄ ရက်နေ့ ဘန်ကောက်မြို့ BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သည်မှာ ရက်ပိုင်းမျှသာရှိ သေးချိန် ယခုတစ်ဖန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ လူသားချင်းစာနာမှု အကူအညီပေးရေး အကြောင်းပြု၍ ဘန်ကောက်တွင် လူချင်းတွေ့ဆုံဆွေးနွေးရန် ထပ်မံခေါ်ယူမှုကို ချက်ချင်းလက်ခံခဲ့ခြင်းက မင်းအောင်လှိုင် မည်မျှ အခက်အခဲတွေ့နေသည်ကို ပေါ်လွင်စေပါသည်။  

မလေးရှားဝန်ကြီးချုပ်သည်လည်း ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကျလာသည့်အခါ ဖြေရှင်းရန် ခက်ခဲသော မြန်မာ့ပြဿနာကို အမွေဆက်ခံထားရသည့်အပြင်၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ဖျက်အားပြင်း “စစ်ကိုင်းငလျင်” သဘာဝဘေး ကပ်ဆိုးကြီးက ထိုအခက်အခဲကို ထပ်ဆင့်ကြီးမား စေခဲ့ပါသည်။ 

ထိုအခြေအနေကို အလျှင်အမြန်တွက်ဆမိပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ဦးဆောင်မှုကိုပြသရန် မြန်မာနိုင်ငံ သို့ အရေးပေါ် ငလျင်ကယ်ဆယ်ရေးအဖွဲ့ အစောဆုံးစေလွှတ်ခဲ့သော ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်၏ ဆုံးဖြတ်ချက်မှာ လူသားဆန်ပြီး မှန်ကန်သည် ဟု ရှုမြင်နိုင်ပါသည်။ 

သို့သော် တစ်ချိန်တည်းမှာပင် အန်နဝါအီဘရာဟင်သည် အာဆီယံ၏သင်ရိုးဟောင်း (Old Textbook) အတိုင်း၊ သဘာဝဘေးဒုက္ခကို အကြောင်းပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြောင့်ဖျနားချ၍ မြန်မာ့နိုင်ငံရေး ပြဿနာကိုပါ တပါတည်း ဆွေးနွေးဖြေရှင်းနိုင်ရေးအထိ ခြေလှမ်းတိုး ပြင်ဆင်လာခြင်းကို တွေ့ရှိလာရသည်။

မလေးရှားခေါင်းဆောင်မှုအောက် အာဆီယံအတွင်း မြန်မာ့အရေး လှုပ်ခတ်လာမှု

စင်စစ် မင်းအောင်လှိုင်ကို ဘန်ကောက်တွင် လူကိုယ်တိုင်တွေ့ဆုံရန် အန်နဝါ၏ ဆုံးဖြတ်ချက်သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ (စစ်အာဏာသိမ်းပြီး ၃လ ခန့်အကြာ) တွင် ထိုစဥ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူးနိုင်း နိုင်ငံဦးဆောင်၍ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံ ခေါင်းဆောင်များက မင်းအောင်လှိုင်ကို ခေါ်ယူတွေ့ဆုံ နားချခဲ့ပြီးနောက်ပိုင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တစ်ဦးမှ ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်သည်။  

ထိုစဥ်က  အာဆီယံအဖွဲ့ကြီးက တညီတညွတ်တည်း ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ရပ်” ကို အာဆီယံထိပ်သီး ခေါင်းဆောင်များရှေ့မှောက်တွင် သဘောတူလက်ခံခဲ့ပြီးမှ အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့ခြင်းအပေါ် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေးများသို့ မဖိတ်ကြားရန်နှင့် မြန်မာနိုင်ငံ အစိုးရအကြီးအကဲ အဖြစ် တရားဝင်အသိအမှတ်ပြု ဆက်ဆံခြင်းမပြုရန် အာဆီယံခေါင်းဆောင်များ ရပ်တည်ချက် ထားရှိခဲ့သည်။ ဝန်ကြီးချုပ်အန်နဝါသည် စစ်ကိုင်းငလျင်သဘာဝဘေး အကြောင်းပြချက်ဖြင့် ထိုရပ်တည်ချက်ကို ချိုးဖျက် လိုက်ခြင်း ဖြစ်သည်။

မြန်မာစစ်ဗိုလ်ချုပ်များနှင့်ထိတွေ့ဆက်ဆံခြင်းက “မြန်မာ့ပြဿနာနွံအိုင်” (Myanmar’s problem quagmire) ထဲ ကျဆင်းသွားပြီး ရုန်းမထွက်နိုင်ဘဲ အမည်ပျက်သွားနိုင်ကြောင်း ဝါရင့် အာဆီယံခေါင်းဆောင်တစ်ဦး ဖြစ်သူ အန်နဝါအီဘရာဟင် ခန့်မှန်းနိုင်ပါလိမ့်မည်။ အကယ်၍ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာတွင် နာမည်ကြီးလှသော အာဆီယံခေါင်းဆောင်များ ကျင့်သုံးလေ့ရှိသည့် “တိတ်တဆိတ် သံခင်းတမန်ခင်း” (Quiet Diplomacy) နည်းနာအတိုင်း ဤတွေ့ဆုံမှုရလဒ်ကို ပွင့်လင်းမြင်သာစွာ အသိမပေးလျှင် အန်နဝါ၏ အာဆီယံခေါင်းဆောင်မှု ကို ပို၍သံသယရှိစွာ မေးခွန်းထုတ်ကြမည်မှာ သေချာပါသည်။ 

ထိုအခြေအနေသည် မလေးရှားခေါင်းဆောင်မှုအောက် မြန်မာ-အာဆီယံ ပြဿနာ သမိုင်းတစ်ကြော့ ပြန်လည် လာမည်ကို သတိထားသင့်သည်။ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးတွင် နှောင်းမှ နောင်တရခဲ့သော ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသော မဟာသီယာနှင့် လီကွမ်ယု ကဲ့သို့ မဖြစ်ရန် လိုပါသည်။   

အကယ်၍ အာဆီယံ ခေါင်းဆောင်များသည် အာဆီယံ-မြန်မာ ဆက်ဆံရေး သမိုင်းမှတ်ဉာဏ် မေ့လျော့ခြင်း မရှိလျှင် ၎င်းတို့၏ သဘောဆန္ဒကို စစ်စစ်မှန်မှန် လိုက်လျောခဲ့ဖူးသည့် မြန်မာစစ်ခေါင်းဆောင်ဟူ၍ အတိတ်နှင့် ပစ္စုပ္ပန် ကာလနှစ်ပါးလုံးတွင် မရှိသေးကြောင်း အာဆီယံရွှေခေတ် ခေါင်းဆောင်ကြီးများဖြစ်သော လီကွမ်ယု နှင့် မဟာသီယာတို့၏ သင်ခန်းစာထဲတွင် ကောင်းစွာတွေ့မြင်ရပေလိမ့်မည်။ 

အာဆီယံရွှေခေတ် ခေါင်းဆောင်ကြီးများ၏ မြန်မာမူဝါဒ အမှားနှင့်‌ နောင်တစကားများ

တစ်ချိန်က အရှေ့တောင်အာရှအသင်းကြီး (အာဆီယံ) တွင် ဩဇာအရှိန်အဝါကြီးသော ကွယ်လွန်သူ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယုက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသော မြန်မာစစ်တပ်သည် သာမန်စစ်တပ်တစ်ခုမဟုတ်ဘဲ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်သင့်သည်ဟု လူသိရှင်ကြား ပြောခဲ့ဖူး သည်။ 

သို့သော် WikiLeaks တွင် ပေါက်ကြားခဲ့သော ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ အမေရိကန် သံအမတ် နှင့် တွေ့ဆုံမှုမှတ်တမ်းတွင် လီကွမ်ယုက စစ်ခေါင်းဆောင်များကို “တုံးအ မိုက်မဲသူများ” (Dense and Stupid) ၎င်းတို့နှင့်စကားပြောရသည်မှာ “လူသေကောင်ကို ပြောနေရသလိုဘဲ” ဟု တူးတူးခါးခါး ပြောဆို ခဲ့ပြီး၊ မြန်မာကို အာဆီယံထဲ ဝင်ခွင့်မပေးခဲ့သင့်ဘူး ဟု မှတ်ချက်ပြုခဲ့သည်။ 

အာဆီယံတွင် လီကွမ်ယုနှင့်ခေတ်ပြိုင် ဩဇာအရှိန်အဝါကြီးသော မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမတ် သည်လည်း ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရေးနည်းလမ်းကို စဥ်းစားသင့်ကြောင်း ပြောဆိုခဲ့ခြင်းကို မလေးရှား၏ သက်တော်ရှည် လွှတ်တော်အမတ်နှင့် အတိုက်အခံနိုင်ငံ ရေး ခေါင်းဆောင်ဖြစ်ခဲ့သူ Lim Kit Siang ၏ ၂၀၀၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ မှတ်တမ်းတွင် တွေ့ရှိရသည်။ 

မဟာသီယာသည် ၁၉၉၇ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားစဥ် နိုင်ငံတကာအသိုက်အဝန်း၏ ကန့်ကွက်မှုများကို အတိုက်အခံပြုပြီး စစ်အာဏာရှင်ဟောင်းသန်းရွှေ၏ စစ်အစိုးရကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ သက်ရှိထင်ရှား ရှိနေသေးသည်။  

လီကွမ်ယုနှင့် မဟာသီယာ နှစ်ဦးစလုံး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီး ဆယ်စုနှစ် တစ်ခု အကြာတွင် မြန်မာစစ်ခေါင်းဆောင်များ၏ ဉာဏ်နည်းပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် လုပ်ရပ်များ၊ ပြည်သူ အပေါ် ရက်စက်ဖိနှိပ်နေသည့် လုပ်ရပ်များအပေါ် သည်းခံမှု ကုန်ဆုံးခဲ့ပြီး၊ အာဆီယံထဲ ဝင်ခွင့်ပြုခဲ့ခြင်းအပေါ် နောင်တအသီးသီး ရရှိခဲ့ကြသည်ကို တွေ့ရှိရသည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံး အာဏာရှိစဥ်အတွင်း မြန်မာကို အာဆီယံထဲမှ ထုတ်ပယ်ရန် အပြောမဟုတ်ဘဲ လက်တွေ့ကြိုးပမ်းအားထုတ်ခဲ့ခြင်း မရှိခဲ့ကြပါ။ 

တိုက်ဆိုင်စွာပင် မလေးရှားခေါင်းဆောင်မှုနှင့် မြန်မာ-အာဆီယံပြဿနာ သမိုင်းတစ်ကြော့ပြန်ခြင်းကို မြင်တွေ့ နေရပြီဖြစ်သည်။ ၁၉၉၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ချိန် မြန်မာကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့သော မလေးရှားအစိုးရတွင် အန်နဝါအီဘရာဟင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူခဲ့သူ ဖြစ်သည်။ နောင် ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရသူ မလေးရှား ဝန်ကြီးချုပ် မှာ ၎င်းကိုယ်တိုင် ဖြစ်နေပြီး၊ မြန်မာ့ပြဿနာကို ထပ်မံရင်ဆိုင်ရခြင်း ဖြစ်သည်။ 

စင်စစ် ဝန်ကြီးချုပ် အင်နဝါအီဘရာဟင်သည် ဝန်ကြီးချုပ်ဟောင်း မဟာသီယာကဲ့သို့ပင် ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလ ၁၀ ရက်နေ့ မလေးရှား-ထိုင်း ကုန်သည်ကြီးများအသင်းက ကျင်းပခဲ့သော “အာဆီယံ၏ အနာဂတ်” (The Future of ASEAN) ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲအတွင်း “မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ လောလော ဆယ် ဖယ်ထုတ်ထားရမည်” (Asean must ‘carve’ Myanmar out for now.) ဟု ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။ 

သို့သော် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော “စစ်ကိုင်းငလျင်” ကို အကြောင်းပြု၍ အန်နဝါသည် ၎င်းကိုယ်တိုင် ပြောဆိုခဲ့ဖူးသော စကားများကို မေ့လျော့သွားသလား သို့မဟုတ် မေ့ပြစ်လိုက်သလား၊  အာဆီယံခေါင်းဆောင်များချမှတ်ထားသော လမ်းကြောင်းမှသွေဖီ၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စတင် ထိတွေ့ ဆက်ဆံလာပါသည်။ အန်နဝါ၏ ခြေလှမ်းများကို သတိထားစောင့်ကြည့်ရန် လိုအပ်လာပါသည်။ 

သမိုင်းတစ်ကြော့ပြန် မြန်မာ-အာဆီယံ ပြဿနာ အဖြေရှာရာတွင် ဝန်ကြီးချုပ် အန်နဝါသည် မြန်မာစစ်အာဏာ ရှင် လက်သစ် မင်းအောင်လှိုင်နှင့် ရင်ဆိုင်ရာတွင် အာဏာရှင်ဟောင်း သန်းရွှေနှင့် ထိတွေ့ ဆက်ဆံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ အတွေ့အကြုံများမှ သင်ခန်းစာများ ရယူထားသင့်ပါသည်။  

အကယ်၍ မဟာသီယာ ကျူးလွန်ခဲ့သော အမှားမျိုး အန်နဝါ ကျူးလွန်မည်ဆိုလျှင် ယင်းသည် မလေးရှား ခေါင်းဆောင်များ၏ ဒုတိယအကြိမ် မိုက်မဲမှုပင် ဖြစ်သည်။ တနည်းအားဖြင့် တစ်ချိန်က မြန်မာစစ်ဗိုလ်ချုပ် များကို လီကွမ်ယု ပြောခဲ့ဖူးသော “Stupid!” ဆိုသည့် စကားနှင့် ထိုက်တန်သည်ဟုပင် ဆိုရပေလိမ့်မည်။

မြန်မာ အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သော သမိုင်းနောက်ခံ အခြေအနေ

၁၉၉၀ ပြည့်နှစ်ကာလများသည် ထွန်းသစ်စ အာရှကျား နှစ်ကောင်ဖြစ်သော မလေးရှား၏ မဟာသီယာနှင့် စင်္ကာပူ၏ လီကွမ်ယု တို့သည် အာရှ၏ အံ့ဖွယ်စီးပွားရေးတိုးတက်မှု (the Economic Miracle of Asia) ကို ဦးဆောင်မှုဖြင့် အာဆီယံရွှေခေတ် ကို ထူထောင်နိုင်ခဲ့ပြီး၊ အာဆီယံအသင်းကြီးထဲတွင် ၎င်းတို့နှစ်ဦးသည် နိုင်ငံရေးဩဇာအကြီးဆုံး ခေါင်းဆောင်များ ဖြစ်နေချိန် ဖြစ်သည်။ 

စင်္ကာပူနှင့် မလေးရှားတို့၏ အံ့ဖွယ်စီးပွားရေးတိုးတက်မှုက ကမ္ဘာနိုင်ငံအသီးသီး အားကျအတုယူနေချိန်လည်း ဖြစ်သည်။ ကမ္ဘာ့ပညာရှင်လောကတွင်လည်း ဒီမိုကရေစီစနစ် ရှင်သန်မှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မည်ဆိုသည့် အယူအဆကို ခြေဖျက်ပြီး၊ အာဏာပိုင်ဝါဒ၏ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) အောက်တွင် တိုင်းပြည်စီးပွားရေး တိုးတက်နိုင်ကြောင်း သီအိုရီများ ထုတ်ဖော်ငြင်းခုန်ကြသည်အထိ ဖြစ်ခဲ့ကြ သည်။

ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနှင့် အမြင့်မားဆုံးဖြစ်နေသော အာဆီယံအသင်းကြီးကို ဒေသတွင်း ဩဇာအာဏာ ချဲ့ထွင်ရန် အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးချဲ့ရန် ပြင်ဆင်လာပြီး၊ ကမ္ဗောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် တို့ကို အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် လက်ခံရန် ခြေလှမ်းပြင်လာသည်။ ထိုအချိန် ကမ္ဘာကြီး က ဝိုင်းဝန်းဒဏ်ခတ် အရေးယူခြင်းခံနေရပြီး အထီးကျန်နေသော မြန်မာစစ်ခေါင်းဆောင် သန်းရွှေအတွက် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးက အခွင့်အခါကောင်းကြီး ဖြစ်လာခဲ့သည်။ 

ထိုစဥ်က အာဆီယံတွင် အာဆီယံပဋိညာဥ်စာချုပ်  မရှိသေးဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံသော အစိုးရများကိုသာ အဖွဲ့ဝင်အဖြစ်လက်ခံမည့် မူဝါဒလည်း မရှိသေးပါ။ ထို့ကြောင့် စစ်အာဏာသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမဲ့ အုပ်ချုပ်နေသော မြန်မာစစ်အစိုးရကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံသင့် မသင့်၊ မဟာ သီယာနှင့် လီကွမ်ယု တို့သည် အလေးအနက် မစဥ်းစားခဲ့ဘဲ၊ အာဆီယံ ၁၀ နိုင်ငံပြည့်ရေး ၎င်းတို့၏ အကျိုး စီးပွားနှင့် ရည်မှန်းချက်ကိုသာ ရှေ့တန်းတင်ခဲ့ကြသည်။

မြန်မာစစ်ခေါင်းဆောင်များကို လက်ခံခဲ့ရာ၌ မဟာသီယာနှင့် လီကွမ်ယုတို့၏ အနောက်ဒီမိုကရေစီ ဆန့်ကျင် ရေး တူညီသော အယူအဆကလည်း လွှမ်းမိုးခဲ့သည်။ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိရန် အသီးသီး ရုန်းကန်ကြိုးပမ်းခဲ့သည့် မဟာသီယာနှင့် လီကွမ်ယုတို့သည် ၎င်းတို့နှင့်ဘဝတူ မြန်မာစစ်တပ်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကို အလေးထားလျက် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍ ရှိရမည် ဆိုသည့်အချက်ကို ထိုခေါင်းဆောင် နှစ်ဦးစလုံး လက်ခံခဲ့ကြသူများ ဖြစ်ခဲ့သည်။ 

ထို့ကြောင့် အနောက်အုပ်စုကြိုးစွဲသည့်အတိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံတွင် အနောက်ဒီမိုကရေစီ ကျင့်သုံးရန် ဦးဆောင်ကြိုးပမ်းနေသည် ဟု သန်းရွှေစစ်အစိုးရ၏ ဝါဒဖြန့် စွပ်စွဲ ချက်များကို တစ်ပါတီကြီးစိုးသော အာဏာပိုင်ဝါဒ (One Party-dominated Authoritarianism) ထူထောင် အုပ်ချုပ်နေသော မလေးရှားနှင့် စင်္ကာပူ ခေါင်းဆောင်နှစ်ဦး နားဝင်ခဲ့ကြသည်။ ထိုအခြေအနေမျိုး ၎င်းတို့နိုင်ငံ များသို့ ကူးစက်လာမည်ကို စိုးရိမ်မှုလည်း ပါဝင်သည်။   

တစ်ဖက်တွင် ဗြိတိန်နှင့် အမေရိကန်ဦးဆောင်ပြီး အနောက်ဒီမိုကရေစီနိုင်ငံများက ပြည်သူများအပေါ် ရက်စက် ဖိနှိပ်အုပ်ချုပ်ပြီး လူ့အခွင့်အရေး ဆိုးဆိုးရွားရွားချိုးဖောက်နေသော စစ်ခေါင်းဆောင်များကို အရေးယူဒဏ်ခတ် ပိတ်ဆို့ကြသည့် အပြုအမူကို ကိုလိုနီဆန့်ကျင်ရေး စိတ်ဓာတ်အခံပြင်းထန်ကြသော မဟာသီယာနှင့် လီကွမ်ယု တို့က ကိုလိုနီလက်သစ် အပြုအမူများအဖြစ် လက်မခံ ဆန့်ကျင်ဝေဖန်ခဲ့သဖြင့် သန်းရွှေစစ်အစိုးရ အကြိုက် တွေ့ခဲ့သည်။    

မြန်မာကို အထီးကျန်ထားခြင်းထက် အပြုသဘော ထိတွေ့ဆက်ဆံရေး မူဝါဒ (Constructive Engagement Policy) ဖြင့်သာ စစ်ခေါင်းဆောင်များကို နားချ၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တဖြေးဖြေး စတင်လာစေရန် ဆွဲဆောင်စည်းရုံး တွန်းအားပေးနိုင်လိမ့်မည်။ ထိုနည်းလမ်းကသာ မှန်ကန်ပြီး စစ်အစိုးရကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့သည့် အနောက်အုပ်စု၏နည်းလမ်းက အဖြေမဟုတ်ဟု အတိုက်အခံပြု၏ မဟာသီယာသည် မြန်မာကို ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။  

အာဆီယံ-မြန်မာ ဆက်ဆံရေးသမိုင်းမှ သင်ခန်းစာယူနိုင်သည့်အချက်မှာ မဟာသီယာသည် သန်းရွှေကို မည်သို့ မျှ နားချနိုင်ခြင်း မရှိခဲ့ရုံမျှမက၊ မြန်မာ အာဆီယံအဖွဲ့ဝင်ဖြစ်လာချိန်မှစ၍ အသင်းကြီး၏ မဟာဗျူဟာ မိတ်ဖက် နိုင်ငံများဖြစ်သော အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် ဆက်ဆံရေးတွင် မြန်မာသည် “သိုးမဲတစ်ကောင်” ဖြစ်ခဲ့ သည်။ 

တနည်းအားဖြင့် အာဆီယံ၏ အပြုသဘော ထိတွေ့ဆက်ဆံရေးမူဝါဒ ကျဆုံးခဲ့ခြင်းကို သက်ရှိထင်ရှား ရှိနေ သေးသော မဟာသီယာ တွေ့ကြုံခဲ့ပြီး ဖြစ်သလို၊ လီကွမ်ယူလည်း မကွယ်လွန်မီ တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးများ၏ ဆုံးဖြတ်ချက်ကို အန်နဝါ လိုက်နာရန်လိုအပ် 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာတွင် တစ်ကြော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်အခါ ထိုစဥ်က အာဆီယံ ခေါင်းဆောင်များသည် အတိတ်က အမှားမျိုး ထပ်မံမကျူးလွန်မိစေရန် အလျှင်အမြန် သင်ခန်းစာယူ ခဲ့ပြီး၊ အာဆီယံ၏ အပြုသဘောထိတွေ့ဆက်ဆံရေး မူဝါဒလမ်းဟောင်းမှ ခွဲထွက်ခဲ့ပြီး၊ အာဆီယံထိပ်သီး အစည်းအဝေးများနှင့် နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးများသို့ မင်းအောင်လှိုင်နှင့် ၎င်း၏နိုင်ငံခြားရေး ဝန်ကြီးတို့ကို တက်ရောက်ခွင့် ပိတ်ပင်သည်ဟူသော  ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့သည်။  

ယင်းသည် အာဆီယံသမိုင်းတွင်အဖွဲ့ဝင်နိုင်ငံတစ်ခုကို အာဆီယံနည်းလမ်း (ASEAN Way) အတိုင်း  ကြုံတောင့်ကြုံခဲ ဒဏ်ခတ်အရေးယူခြင်း ဖြစ်သည်။ တနည်းအားဖြင့် အာဆီယံရွှေခေတ် ခေါင်းဆောင်ကြီးများ ဖြစ်သော မဟာသီယာနှင့် လီကွမ်ယုတို့၏ အမှားကို လက်ရှိအာဆီယံခေါင်းဆောင်မှုအသစ်က ပြင်ဆင်နိုင်ခဲ့ခြင်းဟု သုံးသပ်နိုင်ပါသည်။ 

သို့သော် အာဆီယံ၏ ရှေ့မှီနောက်မှီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ မဟာသီယာနှင့် လီကွမ်ယုတို့၏ မြန်မာမူဝါဒ အမှားများကို ကောင်းစွာကိုယ်တွေ့ကြုံခဲ့ဖူးသော အန်နဝါအီဘရာဟင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှသာ မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် ၎င်း၏ရှေ့မှ အာဆီယံခေါင်းဆောင်များ ချမှတ် ခဲ့သော ဆုံးဖြတ်ချက်များကို အန်နဝါ လေးစားလိုက်နာရန် လိုအပ်သည်။ 

အာဆီယံ ခေါင်းဆောင်များ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးယူခဲ့သည့် ဆုံးဖြတ်ချက် နောက်ကွယ် တွင် ၎င်း၏ စစ်အာဏာသိမ်းမှုသည် အာဆီယံပဋိညာဥ်စာချုပ်၏ အခြေခံတန်ဖိုးများကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု အာဆီယံခေါင်းဆောင်များအကြား ယုံကြည်ခဲ့ကြခြင်းက အဓိကအကြောင်းရင်း ဖြစ်သည်။ 

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်း အနားမယူမီ သတင်းမီဒီယာများနှင့် နောက်ဆုံးတွေ့ဆုံ စဥ် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုနိုင်ဘူး ဟု ပြတ်ပြတ် သားသား ပြောဆိုခဲ့သည်။ 

စင်္ကာပူခေါင်းဆောင်များသည် မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကိုသာ အသိအမှတ်ပြုသည်။ လီကွမ်ယုခေတ် စင်္ကာပူနှင့် လီရှန်လွန်းခေတ် စင်္ကာပူ၏ မြန်မာစစ်ခေါင်းဆောင် မျိုးဆက်နှစ်ခုအပေါ် ဆက်ဆံပုံ များစွာကွာခြားသွားခြင်းကို ဖော်ပြလျက်ရှိသည်။  

ထို့အတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မင်းအောင်လှိုင် စွပ်စွဲသကဲ့သို့ မဲလိမ်မဲခိုးမှုများ မရှိခဲ့ကြောင်း ရန်ကုန် အခြေစိုက် စင်္ကာပူသံရုံးအပါအဝင် အာဆီယံသံရုံးများ၊ Carter Center နှင့် ANFREL (Asian Network for Free Elections) ကဲ့သို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကွင်းဆင်းစောင့်ကြည့်လေ့လာ ခဲ့ပြီး၊ တညီတညွတ်တည်း အတည်ပြုခဲ့ခြင်းကို စင်္ကာပူခေါင်းဆောင်များ လစ်လျူမရှုခဲ့ ဟု သုံးသပ်နိုင်ပါသည်။ 

စင်္ကာပူကဲ့သို့ပင် အန်နဝါမတိုင်မီ ယခင် မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို တို့သည် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားပြီး၊ မင်းအောင်လှိုင်ကို အသိအမှတ် မပြု၊ မတွေ့ဆုံခဲ့ကြပါ။ 

ထို့အပြင် နိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဆင့် ခန့်အပ်ပါက ခန့်အပ်လွှာကို နိုင်ငံအကြီးအကဲထံ ပေးအပ်ရ သော သံတမန်ထုံးတမ်းစဥ်လာရှိနေသဖြင့် မင်းအောင်လှိုင်ထံ ပေးအပ်ရမည့်အရေး ယနေ့အချိန်ထိ သံအမတ် ကြီးအဆင့် ခန့်အပ်မှုကို ရှောင်ရှားခဲ့ကြသည်။ သို့သော် ထိုင်းအစိုးရအဆက်ဆက်သည် စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုပြီး၊ ထိုင်းနိုင်ငံ၏ သံအမတ်ကြီးကိုလည်း ပုံမှန်ခန့်အပ်ခြင်းဖြင့် အာဆီယံအတွင်း ကွဲပြားသော ရပ်တည်ချက် ရှိနေသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ခြေလှမ်းများကို စောင့်ကြည့်သင့်

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ပြည်တော်ပြန်လာပြီးချိန်ကစ၍ ထိုင်းနိုင်ငံရေးနှင့် ဒေသတွင်းနိုင်ငံရေး တွင် ၁၇နှစ်ကြာ ကင်းကွာခဲ့သော ၎င်း၏အခန်းကဏ္ဍကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်မြှင့်တင် ကြိုးပမ်းနေ သည်။ မြန်မာအရေးသည် ဒေသတွင်းနိုင်ငံရေး ကစားကွင်းထဲ သက်ဆင်ပြန်လည်ဝင်ရောက်ရန် အလွယ်ကူဆုံး နှင့် အများ၏အာရုံစိုက်ခြင်း ခံရနိုင်သော အကြောင်းအရာ ဖြစ်နေသည်။ 

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်တွင် ထိုင်း တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ၊ တရားရုံး၏ခွင့်ပြုချက်ရမှ ပြည်ပထွက်ခွာခွင့်ရှိသော သက်ဆင်ကို အာဆီယံ ဥက္ကဋ္ဌ၏ အလွတ်သဘော အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းက သတိထားစရာ ဖြစ်စေခဲ့သည်။ အန်နဝါနှင့် သက်ဆင်အကြားက အကျိုးစီးပွားကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။  

ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းမခံရမီ၊ သက်ဆင် သည် လွန်ခဲ့သောနှစ် သင်္ကြန်ကာလအတွင်း ထိုင်းနယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းကို မြန်မာအရေး စေ့စပ်ညှိနှိုင်းသူအဖြစ် ခန့်အပ်ရန် နည်းလမ်းရှာခဲ့ဖူးသူ ဖြစ်သည်။ 

ယခု အန်နဝါ-မင်းအောင်လှိုင် တွေ့ဆုံမှုကိုလည်း သက်ဆင်က ကြားဝင်စီစဥ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အကယ်၍ သက်ဆင်၏ အကြံဉာဏ်ကိုရယူလျက် ငလျင်ဘေးကူညီရေးကို အကြောင်းပြပြီး၊ ယနေ့အချိန်အထိ အာဆီယံက အဖြေမရှာနိုင်သေးသော မြန်မာ့ပြဿနာအတွက် မင်းအောင်လှိုင်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာရန် ဘန်ကောက်တွေ့ဆုံမှုကို စီစဥ်ခဲ့သည်ဆိုလျှင် ဝန်ကြီးချုပ်အန်နဝါအတွက် အဆိုပါ စွန့်စားမှုနှင့် ထိုက်တန်သော ရလဒ်ထွက်ပေါ်ရန် မသေချာလှပါ။ 

သို့သော် သက်ဆင်အတွက်မူ အန်နဝါ၏ အကူအညီဖြင့် မင်းအောင်လှိုင်နှင့် ဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားပြီး၊ ၎င်း၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား မြှင့်တင်နိုင်မည် ဖြစ်သည်။ သက်ဆင်သည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး အကျိုးစီးပွား ကြီးကြီးမားမား ယှက်နွယ်ခဲ့သူ ဖြစ်သည်။ 

၂၀၀၁ – ၂၀၀၆ ခုနှစ်အတွင်း ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားစဥ်က မြန်မာစစ်အစိုးရတွင် အာဏာ လက်စောင်းထက်သော ဗိုလ်ချုပ်ကြီးခင်ညွှန့်၏သား ရဲနိုင်ဝင်း ပိုင်ဆိုင်သည့် ပုဂံဆိုက်ဘာတက်ခ် ကုမ္ပဏီနှင့် သက်ဆင်မိသားစု ပိုင်ဆိုင်သော Shin Corporation တို့ အကြား စီးပွားဖက်များ ဖြစ်ခဲ့သည်။ 

နောက်ပိုင်းတွင် သက်ဆင်ကို အာဏာသိမ်းခဲ့သော ထိုင်းစစ်အစိုးရက ထိုစီးပွားရေးစာချုပ်များကို ပယ်ဖျက်ခဲ့သလို၊ သက်ဆင်ကိုလည်း ဝန်ကြီးချုပ်အာဏာကို အလွဲသုံးစားပြုပြီး၊ နိုင်ငံပိုင်ငွေများကို မိသားစုပိုင် Shin Corporation အကျိုးအမြတ်ရရှိစေရန် လုပ်ဆောင်ခဲ့မှုဖြင့် တရားစွဲ ပြစ်မှုစီရင်ခဲ့သည်။ 

ထိုကဲ့သို့ နာမည်ပျက်ပုဂ္ဂိုလ်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အကြံပေးအဖြစ် အန်နဝါအီဘရာဟင် ခန့်အပ် ထားခြင်း၊ မြန်မာ့အရေးတွင် သက်ဆင်ပါဝင်လာမှုကို အန်နဝါက လမ်းဖွင့်ပေးပြီး ခွင့်ပြုခဲ့ခြင်းသည် အာဆီယံ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရသည်။  

Related Articles

Back to top button