သတင်း

ထိုင်း−မြန်မာနယ်စပ် ကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီဆက်လုပ်

စစ်ခေါင်းဆောင် ထိုင်းခရီးစဉ်ရှိသည့်ကာလတွင် နယ်စပ်အနီး နေ့စဉ် ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင်၊ ကလေး၊ သံဃာ၊ ရွာသူရွာသားများ ထိခိုက် သေဆုံးနေရသည်။

ထိုင်း-မြန်မာနယ်စပ် ကော့ကရိတ်မြို့နယ်တွင် လေတပ်က ၃ ရက်ဆက် တိုက်ခိုက်နေကြောင်း မြေပြင်အခြေအနေသိသည့် မွန်တိုင်းရင်းသား သတင်းရင်းမြစ်အချို့က ယနေ့ (ဧပြီ ၁၇၊ မြန်မာ နှစ်ဆန်းတစ်ရက်နေ့) တွင် ပြောသည်။

ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ   ရွာအချို့ကို  ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထိုသတင်းရင်းမြစ်တို့က ပြောသည်။

ဧပြီလ ၁၇  နံနက်တွင် မြို့အနောက်ဘက် ၁၅ မိုင်အကွာရှိ သရက်တောရွာကို ဗုံးကြဲရာ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး ကလေး ၂ ဦးဒဏ်ရာရကြောင်း မွန်တိုင်းရင်းသား ဒေသခံတစ်ဦးက ဆိုသည်။

သရက်တောရွာသည် ဟောင်သရောမြစ် အနောက်ဘက်ကမ်းတွင်ရှိပြီး ဟောင်သရောမြစ်အရှေ့ဘက်ကမ်းတွင် ကျုံဒိုးမြို့ရှိသည်။ 

မွန်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲဖြစ်ချိန် မဟုတ်ဘဲ စစ်လေယာဉ် ရောက်လာခြင်း ဖြစ်သည်ဟု သိရကြောင်း ပြောသည်။

“သရက်တောရွာ ဗုံးကြဲခံရတာက ကမ်းနီရွာ ဗုံးကြဲခံရတဲ့ ဖြစ်စဉ်လိုပါပဲ။ ရွာမှာ ဘာတိုက်ပွဲမှမရှိဘဲ လေယာဉ်နဲ့ ဗုံး ၂ လုံးလာကြဲချသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်” ဟု ဆိုသည်။

တစ်ချိန်တည်းလိုလိုပင်  ထိုရွာ၏တောင်ဘက် ၂ မိုင်အကွာရှိ ကမ်းနီရွာကိုလည်း  လေယာဉ်က ဗုံးကြဲသွားကြောင်း ၎င်းက ဆိုသည်။

ကမ်းနီရွာသည် ဧပြီလ ၁၅ ရက် နေ့လယ်ပိုင်းက  ဗုံး ၂ လုံး အကြဲခံခဲ့ရသည်။ ထိုစဉ်က အမျိုးသမီးနှင့် ကလေးများအပါအဝင်   ၆ ဦးသေဆုံးခဲ့သည်။

ဗုံးသည် ဒေသခံများ ဥပုသ်စောင့်နေသည့် ရွာဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျပြီး ပေါက်ကွဲရာ သံဃာ ၁၀ ပါးနှင့် ဒေသခံ ၇ ဦး ဒဏ်ရာရခဲ့သည်။ 

အဆိုပါရွာကိုပင်  ဧပြီလ ၁၇ ရက်နေ့တွင် ဗုံးထပ်ကြဲလာသဖြင့် လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း  အရပ်သား ၁ ဦးသေဆုံးကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းကလည်း ကျုံဒိုးမြို့တောင်ဘက် ၇ မိုင်ကျော်အကွာ ဟောင်သရောမြစ်ဘေးရှိ မြောက်ကမ္မရိုက်ရွာကို   Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၄ ဦးဒဏ်ရာရကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) ဘက်က သတင်းထုတ်ပြန်သည်။

သေဆုံးသွားသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ မနှင်းဦးဖြစ်ပြီး ကျောဘက်တွင် ထိခိုက်ဒဏ်ရာရသဖြင့် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း MLA ၏ ထုတ်ပြန်ချက်အရသိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်များသည် ကျုံဒိုးနှင့် ကော့ကရိတ်မြို့ကို ဆက်သွယ်ထားသော လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း မြေပြင် အခြေအနေသိသည့် သတင်းရင်းမြစ်က ဆိုသည်။

အရပ်သားများကို ထိခိုက်စေသော ဗုံးကြဲမှုများအကြောင်း စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသလို စစ်တပ်ကလည်း တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း မရှိပေ။

 ထိုင်း-မြန်မာနယ်စပ်အနီး အရပ်သားများကို ထိခိုက်စေသော လေကြောင်းတိုက်ခိုက်မှုတို့မှာ စစ်ခေါင်းဆောင် ဘန်ကောက်မြို့သို့ သွားရောက်နေသည့်အချိန်တွင်ပင် ပေါ်ပေါက်နေခြင်း ဖြစ်သည်။ မလေးရှား၊ ထိုင်းဝန်ကြီးချုပ်တို့က စစ်ခေါင်းဆောင်ကို ဖိတ်ခေါ် တွေ့ဆုံပြီး အပစ်ရပ်ရန် နားချမည်ဟု သိရသည်။

Related Articles

Back to top button