
ယာယီအပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်တပ်က သင်္ကြန်ကာလတွင်း နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်မှုလုပ်နေရာ ယမန်နေ့ ဧပြီ ၁၆ (သင်္ကြန်အတက်)နေ့တွင် မြို့နယ် ၆ ခုထက်မနည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦး အပါ အဝင် ၇ ဦး သေဆုံးပြီး အနည်းဆုံး နှစ်ဒါဇင်ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းရာ အရာတော်၊ ဝက်လက်၊ ငါန်းဇွန်နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားရာမြို့နယ်များဖြစ်သည့် မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် ချင်းပြည်နယ် မင်းတပ်တို့တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ မှ မိုင် ၂၀ ခန့်အကွာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် စစ်စီရွာကို ယမန်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ ရေကစားရန် လုပ်ထားသည့် အုန်းလက်မဏ္ဍပ်အနီးကို ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၁ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ ပထမ ၉ နာရီခွဲလောက်က ဗုံးကြဲသွားတယ်။ ပြီးတော့ လေယာဉ်က ခဏပျံဝဲပြီးတော့ ဗုံးလည်း ထပ်ကြဲတယ်။ စက်လတ်မော်တာတွေနဲ့ပစ်တယ်။ ကလေးက ရုပ်အလောင်းရလိုက်တယ်။ ခါးအောက် ပိုင်းပေါက်သွားပြီးတော့ ဗိုက်ကနေပွင့်သွားတာ။ မြေပြင်စစ်ကြောင်းထိုးတာ လည်းမရှိဘူး” ဟု စစ်စီရွာ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရသူများအနက် အသက် ၁၀ နှစ်အောက် ကလေး ၇ ဦးပါဝင်ပြီး ခြေလက်ဆုံးရှံးသူများ လည်းရှိကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် စစ်စီကျေးရွာကို ယမန်နေ့ နံနက် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အပြင် ၁၀ မိုင်ခန့်အကွာ အရာတော်မြို့အခြေစိုက် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဟောင်ဝစ်ဇာများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မြေပြင်တွင် စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခံရမှု ကြောင့် ဒေသခံတို့မှာ ရွာထဲမနေရဲဘဲ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်။
ထို့ပြင် နေ့လည်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊ သစ်ဆိမ့်ကြီးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေး၁ ဦးအပါအဝင် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဝက်လက်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး သစ်ဆိမ့်ကြီးရွာ ရဲစခန်းဟောင်း အနီးကို ဗုံး ၁ လုံး ကြဲခဲ့ရာ အနီးဝန်းကျင်မှ နေအိမ် ၂ လုံးကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
“အဲ့ဒီဘက်မှာ ဘာပျော်ပွဲ ရွှင်ပွဲမှလည်း မရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ အဲ့ဒီနားမှာရှိတာဆိုလို့ ရပ်ကျေးဆေးပေးခန်းလေး တစ်ခုရှိတယ်။ ဟိုဘက်မှာက ရဲစခန်းတစ်ခုရှိတယ်။ အဲ့ဒီရဲစခန်း မျက်နှာချင်းဆိုင်မှာ လေကြောင်း တိုက်ခိုက်မှုလုပ်သွားတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဝက်လက်မြို့နယ် ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
သေဆုံးသူများမှာ ရွာခံများဖြစ်သည့် အသက် ၅ နှစ်အရွယ် မောင်မင်းခန့်ဖြိုး၊ အသက် ၃၅ နှစ်အရွယ် မနှင်းနှင်းနှင့် မြစ်တစ်ဘက်ကမ်း မန္တလေးမှ လာရောက်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးစိုးတင့်၊ ဒေါ်ခင်သီတာထွန်း တို့ဖြစ်သည်။
“ကားလမ်းမပေါ် မိန်းလမ်းမပေါ်ကျတာဗျာ။ အမာသားဆိုတော့ ပေါက်ကွဲအား ပြင်းသွားတာပေါ့။ အဲ့ဒီလိုမျိုးကြောင့်ထိခိုက်ဒဏ်ရာရသူများသွားတာ။ အဲ့ဒီအိမ်တွေက မိန်းလမ်းမကြီးရဲ့ဘေးမှာပဲရှိတာ။ ကံကောင်းတာက သူတို့ ရှေ့မှာ အပင်အကြီးကြီး တစ်ပင်ခံနေလို့ မဟုတ်ရင် အိမ်တွေပါ ပြိုလောက် တယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

(ဓါတ်ပုံ – ပေးပို့)
ထိခိုက်ဒဏ်ရာရသူ ၆ ဦးအနက် ပေါင်ကိုထိမှန်သွားသည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်း ထန်ပြီး ကျန် ၅ ဦးမှာ မစိုးရိမ်ရဟု ဒေသခံတို့ကဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ရွာကို ယမန်နေ့ ညပိုင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ တိုက်ပွဲမရှိဘူး။ ရွာထဲကို တစ်လုံးချတယ်။ ရွာပြင် တစ်လုံးချတယ်။ ရွာထဲက ပြည်သူတွေ။ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးသေဆုံးတယ်။၅၀ ကျော်၊ ၆၀ ကျော်။ နေအိမ်တွေက၃ ၊ ၄ လုံးက လုံးဝ သုံးမရအောင်ကြေသွားတယ်”ဟု ငါန်းဇွန်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ် ထဲမှ လိပ်ကျကျေးရွာကို ယမန်နေ့ နံနက် ၇ နာရီကျော်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် နေ့လည် ၁၂ နာရီကျော်တွင် စဉ့်ကူးမြို့နယ်၊ တရော်ပင်ရွာ မြောက်ဘက်ရှိ နဂါးမောက်တောင် မုခ်ပေါက်အနီး လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖက ထုတ်ပြန်ချက်အရသိရသည်။
“သင်္ကြန်တွင်းဆိုတော့ အဲ့ဒီနဂါးမောက်တောင်ကို ပြည်သူတွေက သွားတာများတယ်လေ။ အဲ့ဒီနေရာမှာ မျောက်တွေလည်း ရှိတော့ အစာကျွေးကြတာ။ အဲ့ဒါကြောင့် ထိခိုက်ဒဏ်ရာများတာပါ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကပင် စစ်တပ်လက်လွှတ်ခဲ့ရသည့် မင်းတပ်မြို့ကို ယမန်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်တွင် ဗုံး ၂ လုံးကြဲခဲ့ရာ နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း မင်းတပ်ဒေသခံများထံက သိရသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဘေးနောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်း များအတွက် ဧပြီ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု စစ်တပ်က ကြေညာထားသလို အမျိုးသား ညီညွတ်ရေးအစိုးရကလည်း ထိုးစစ်ဆင်မှုများကို ဧပြီ ၂၀ ရက်အထိ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန် ထားသော်လည်း အပစ်ရပ်ချိုးဖောက်မှုများရှိနေကြောင်း နှစ်ဘက် အပြန်အလှန်စွပ်စွဲ ထားသည်။
စစ်ကိုင်းငလျင်အပြီး မတ်လကုန်ပိုင်းမှစတင်ကာ နိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများ သိသိသာသာ လျော့နည်းနေသော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရသည့် နေရာများတွင် ဘုန်းကြီးကျောင်းများကို ဦးတည်တိုက်ခိုက် ခဲ့သည်ကို တွေ့ရသည်။
