
စစ်တပ်ထဲရောက်သွားသူများ ထွက်ပြေးလွတ်မြောက်လိုကြသော်လည်း ရည်ရွယ်ချက် အထမြောက်စေရန် ခက်ခက်ခဲခဲ ကြိုးစားကြရသည်ဟု လေတပ် တပ်ကြပ်ကြီးဇေယျက ပြောသည်။
လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးဇေယျသည် CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူ ဖြစ်သည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် သူက စစ်မှုထမ်းဥပဒေ ထွက်လာခြင်းကြောင့် အခြေခံလူတန်းစားတို့ အထိနာခြင်း၊ တပ်မှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းကို ကြိုတင် စဉ်းစားခြင်း၊ စစ်သင်တန်းကျောင်းများ တက်သုပ်ရိုက် သင်ကြားပေးနေပုံများအကြောင်း ပြောပြထားသည်။
မေး။ ။ ကိုဇေယျက CDM လုပ်ဖို့ ထွက်လာခဲ့တုန်းက ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ ဒီအတွေ့အကြုံလေးပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ CDM လုပ်ခဲ့တုန်းက အရမ်းကို စောခဲ့တာပေါ့။ ၂၀၂၁ ခုနှစ် အစောပိုင်းကာလ ပထမ ၄လပတ်အတွင်းထဲမှာပေါ့လေ။ ကျွန်တော်ဆိုရင် တစ်ဆင့်ချင်း ပြင်ဆင်ရတာ အာဏာသိမ်းပြီးကတည်းက ဒီအဖွဲ့အစည်းထဲမှာ နေလို့မရတော့ဘူး၊ ကျွန်တော့်အတွေးအခေါ် နဲ့ ဒီလူတွေနဲ့၊ ဒီအဖွဲ့အစည်းနဲ့ မကိုက်တော့ဘူးဆိုတာ ကျွန်တော်သိတယ်ဗျာ။ စစ်တပ်က မထွက်လာခင်မှာလည်း ကျွန်တော်က လုပ်နိုင်တာ လုပ်ခဲ့သေးတာဆိုတော့ ပြီးမှ တစ်ဆင့်ချင်းလုပ်ခဲ့တာပေါ့။ ကျွန်တော်ရဲ့ လိုအပ်မယ့် ပစ္စည်းတွေ အပြင်ကို နည်းနည်းချင်းစီ ထုတ်ပြီးတော့မှ ထွက်ရတာပေါ့။
ကျွန်တော်တို့က တပ်နဲ့ ရုံးမှာပဲ အနေများပြီး အဲဒီမှာပဲ အိမ်လို ဖြစ်နေပြီးတော့ ကိုယ့်အိမ်ကို တစ်ခါတစ်လေကျမှ ပြန်ဖြစ်တာ၊ မပြန်ဖြစ်တာက များတယ်။ ကျွန်တော်တို့တုန်းက အခြေအနေနဲ့ ဒီအခြေအနေက အရမ်းကို ကွာသွားပြီ။ ကျွန်တော်တို့တုန်းက ကိုဗစ်ကာလဖြစ်ပြီးတဲ့အချိန်မှာ ဒီအရေးအခင်းစဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို တပ်ပြင်ထွက်ခွင့်တွေ၊ အိမ်ပြန်ခွင့်တွေ ပိတ်ထားတာတွေရှိတယ်။
အဲဒီတော့ တပ်က ထွက်လာဖို့ကို တစ်ဆင့်ချင်း အများကြီးစီစဉ်ခဲ့ရတယ်။ ပိုဆိုးတာက ကျွန်တော်တို့ကို ဘယ်သူက လက်ခံပေးမှာလဲ ဆိုတဲ့ဟာပေါ့။ အချိတ်အဆက်က အရမ်းစကားပြောတာ။ တပ်ထဲမှာ အများစုကလည်း အချိတ်အဆက် မရှိလို့ မထွက်ကြတာ။ သာမန်အွန်လိုင်းပေါ်က အချိတ်အဆက်လောက်ကို သူတို့က ယုံကြည်လို့မရဘူးလေ။ ကိုယ့်အသက်ကို ဘယ်သူမှ အာမ မခံပေးဘူးလေ။ အဲဒီဟာက အဓိကပဲ။
ကျွန်တော်ဆိုရင်လည်း အချိတ်အဆက်ရဖို့ကို လနှင့်ချီပြီးတော့ ကြိုးစားခဲ့ရတယ်။ ကိုယ်ဘယ်ကို ထွက်ရမလဲ၊ ကျွန်တော်တို့က စထွက်ကတည်းက ပြည်တွင်းထဲမှာ ရှောင်ပုန်းတာကြီးကို မလိုချင်ဘူး၊ ဧည့်စာရင်းစစ်ရင် ပြန်မိမှာပဲဆိုတော့။

မေး။ ။ စစ်သားသစ် စုဆောင်းခံသူတွေက တပ်က ပြန်ထွက်ပြေးလာဖို့ဆိုရင် ဘယ်လောက်အထိ ခက်ခဲနိုင်မလဲ။
ဖြေ။ ။ အခုအချိန်ကတော့ ပိုပြီးတော့ တင်းကျပ်သွားပြီ။ အခုအခြေအနေက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြီးတော့ လူဆွဲတာမှာ သူတို့ရဲ့ အရင်ရှိပြီးသား စစ်သားတွေလို သဘောမထားဘူးဗျ။ တမင်သက်သက်ရန်တိုက်ပေးဖို့၊ ပြည်သူအချင်းချင်းချဆိုတဲ့ဟာမျိုး၊ အမုန်းတရားတွေပွားအောင် လုပ်ဖို့ သက်သက်ပဲ။ ဘယ်လိုပဲနေနေ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် စစ်သားတစ်ယောက် တပ်ထဲကို ရောက်သွားရင် PDF နဲ့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲကျသွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အမေ၊ သူမိသားစုကတော့ PDF ကြောင့် သေတယ်ဆိုတဲ့ အတွေးအခေါ်ပဲ ရသွားတာ၊ စစ်တပ်ကို အပြစ်မြင်ချင်မှ မြင်မယ်။ တချို့ကကျတော့ တွေးခေါ်တတ်ရင်တော့ မြင်ချင်ရင်တော့ မြင်မှာပေါ့လေ။ ဒါက ပြည်သူတွေအချင်းချင်း အမုန်းတရားပွားအောင် ဖန်တီးထားတာ။
ပြည်သူ့စစ်မှုထမ်းမှာပါပြီးတော့မှ ဒီဘက်ကို ထွက်ပြေးလာတဲ့ ရဲဘော်တွေနဲ့ စကားပြောကြတဲ့အခါမှာ သူတို့ ပြန်ပြောတာက တချို့စိတ်ကောင်းရှိတဲ့ ဆရာကြီးတွေက ပြောတယ်ပေါ့ မင်းတို့ကတော့ ပွန်းလေးတွေ (နယ်ရုပ်လေးတွေ) ပေါ့ကွာ၊ အဲဒီလိုစကားမျိုးတွေ ပြောတယ် တဲ့။ တကယ်တမ်းလည်း ပွန်းပဲ၊ သက်သက်အသုံးချခံတွေပေါ့လေ။
စစ်တပ်ကနေ ထွက်ဖို့ဆိုတာက လွယ်တော့မလွယ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ပြဿနာက ဘာမှရွေးချယ်စရာမရှိတဲ့၊ ရွေးချယ်ခွင့်မရှိတဲ့ အသုံးချခံသက်သက် အခြေခံလူတန်းစားက ပိုများတယ်။ အခုစစ်တပ်ထဲကို ရောက်တာကလည်း အဲဒီလို လူတန်းစားတွေပဲ။ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်း၊ စစ်တပ်နဲ့ ပေါင်းတဲ့ ခရိုနီလူတန်းစားတွေရဲ့ သားသမီးတွေဆိုရင် မြို့ပေါ်မှာ ကလပ်တက်ပြီး သာသာယာယာပဲ၊ စစ်မှုထမ်းဥပဒေဆိုရင် သူတို့လည်း ပါရမှာလေ။ နောက် အသိပညာ၊ အတတ်ပညာရှိကြတဲ့ ပညာတတ်လူလတ်တန်းစားတွေကလည်း အသိဉာဏ်နဲ့ အချိတ်အဆက်တွေရှိကြတဲ့ သူတို့ကလည်း တတ်နိုင်သလောက် ဒါကို ရအောင် ရှောင်ထွက်ကြတယ်။
လုံး၀ကို ဘာမှ အသိပညာလည်း မရှိ၊ အတတ်ပညာလည်းမရှိတဲ့ သာမန်အခြေခံလူတန်းစားကပဲ ဒီနေရာမှာ အထိအနာဆုံးဖြစ်တာ။ အဲဒီလူတွေပဲ တပ်ထဲရောက်ပြီး ဘ၀တွေ ပျက်ကြရတာပေါ့။ ကျွန်တော်တို့တွေ ဘယ်လောက်ပဲ အသိပညာတွေ မျှဝေတာတွေပဲ လုပ်လုပ် လူလတ်တန်းစား အလွှာတွေလောက်ပဲ သိတယ်။ သာမန်အခြေခံလူတန်းစားတွေက မသိကြဘူး၊ တချို့က သိတယ်ဆို ပေမဲ့လည်း သူတို့မှာ ကျွန်တော်တို့ ပြောပြနေတဲ့ အခြေအနေတွေကို လုပ်ဆောင်နိုင်စွမ်းမရှိကြဘူး။
တပ်ထဲရောက်သွားရင် ကျိန်းသေတာတော့ ကျည်ဆံတောင်မှ ဘယ်လောက်ပဲပေးတာတို့၊ သူတို့တွေ ဒီလူတွေကို ဘယ်လိုမှ မယုံဘူးဗျာ၊ ကျွန်တော်သိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ စစ်တပ်ထဲ ရှိတုန်းက တပ်ထဲမှာ အချင်းချင်းမယုံကြည်မှုတွေက ရှိနေတာ။ ဒီပြည်သူ့စစ်မှုထမ်းဆိုရင် ပိုဆိုးတယ်ဗျာ။ မဝင်ချင်ဘဲ ဝင်လာရတဲ့ သူတွေဆိုတာ သူတို့ကောင်းကောင်းသိတယ်။
တိုက်ပွဲဖြစ်လာပြီဆိုရင် သူမသတ်ရင်၊ ကိုယ်သတ်ရမှာဆိုတော့ စစ်တပ်ထဲရောက်လို့ သေနတ်ပေးထားပြီဆိုရင် ကိုယ့်အသက်မသေဖို့အတွက် သတ်ကြရတာပဲ။ ကျွန်တော်တို့ စစ်တပ်ထဲကို ဝင်တဲ့ ၂၀၁၃ ဝန်းကျင်ကတည်းက KIA နဲ့ တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့ အပတ်စဉ်တွေမှာဆိုရင် သင်တန်းဆင်းတာနဲ့ ဘူတာကနေ ထွက်ပြေးကြတဲ့လူတွေ အများကြီးရှိတယ်။
အခုအချိန်မှာ အထက်က အမိန့်ပေးလို့၊ ဘ၀ရပ်တည်ရှင်သန်ရေးအတွက် တိုက်နေကြရတာ၊ ဘယ်စစ်သားကမှ တအားကြီး ကြိုးစားပြီးတော့ ဖြစ်မနေကြဘူး။ အဲဒီတော့ ဘယ်သူကမှ တိုက်ပွဲဖြစ်တဲ့ နေရာတို့ တိုက်ပွဲပြင်းထန်တဲ့ နေရာတွေဆို သွားကို မသွားချင်ကြဘူး။ AA ဘက်ကို သွားကြရမယ် ဆိုရင်လည်း အသေကြောက်ကြတာ။ စစ်တိုက်တအားကြမ်းပြီး တကယ်လုပ်တဲ့ အဖွဲ့ (ရှိတဲ့ နယ်မြေ) ဆိုရင် သွားရမှာ တအားကြောက်ကြတာ။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တပ်ထဲရောက်သွားကြရင် ဘယ်လိုလေးလုပ်ပါ၊ ဘယ်လိုလေး ချိတ်ဆက်ကြပါဆိုပြီး အလွယ်တကူပဲ ပြောကြတာပေါ့။ ကျွန်တော်တို့ ပြောတာတွေကိုလည်း သူတို့က နားထောင်ပြီးတော့ တစ်ဖက်မှာ ပြန်လိုက်ပိတ်တာမျိုးတွေရှိတယ်။ မိသားစုတွေကို နီးစပ်ရာ တပ်ကို ခေါ်ပြီးတော့ ထိန်းချုပ်တာမျိုး၊ ဒီရက်ပိုင်းတွေမှာ ကြားရတာဆိုရင် ပစ်သတ်တဲ့ ဖြစ်စဉ်တွေပေါ့၊ ထွက်ပြေးရင် ပစ်သတ်တာမျိုးတွေ ဖြစ်လာတယ်။ သာမန်လက်နက်မဲ့ ထွက်ပြေးတာကို နောက်ကနေ လိုက်ဖမ်းတယ်၊ ပစ်သတ်တယ်။
ပြည်သူ့စစ်မှုထမ်းကြောင့် (စစ်တပ်ထဲ) ရောက်သွားတဲ့ လူငယ်တွေလည်း မသိဘူးမဟုတ်ဘူး၊ သိကြတယ်။ သေနတ်ယူပြီး ထွက်ပြေးပြီးတော့ ဒီဘက်ရောက်လာကြတဲ့ လူငယ်တွေဆိုရင် ဘာပြောကြလဲဆိုရင် သူတို့ သေနတ်ယူပြီး ထွက်ပြေးလာတယ်ဆိုတာ ပိုက်ဆံလိုချင်တာထက် သူတို့ အသက်ကို သူတို့ ကာကွယ်ဖို့ ယူလာကြတာ၊ နောက်ကလည်း လိုက်ပစ်မှာ ဖြစ်သလို ရှေ့မှာကလည်း ကြိုတင်ချိတ်ဆက်ထားမှုမရှိတာမျိုးဆိုရင် အမှားအယွင်းဖြစ်မှာ ကြောက်တာကြောင့် သူတို့ ကာကွယ်ဖို့ဆိုပြီး ပြောပြတာတွေရှိတယ်။
တပ်ထဲကနေ ထွက်လာဖို့ဆိုတာ ပြောသလောက်သာ လွယ်တာ၊ တပ်ထဲမှာဆိုရင်လည်း နည်းပေါင်းစုံနဲ့ ချုပ်ထားသလို ရှေ့တန်းမှာဆိုရင် ဒီကိစ္စတွေရှိတယ်ပေါ့။ နောက်တစ်ခုက စစ်မှုထမ်းကလေးတွေကို သူတိို့ စစ်သားအဟောင်းတွေနဲ့ ရောပြီးတော့ ထားတာ၊ ထွက်မပြေးအောင် ပြန်စောင့်ကြည့်ပြီး ထားတဲ့ သဘောပေါ့။ အခုဆိုရင်လည်း ကျွန်တော်တို့ သိသလောက်ဆိုရင် ပြည်သူ့စစ်မှုထမ်းကို အလုံးအရင်းနဲ့ကို ရှေ့တန်းကို ပို့နေတာ။

မေး ။ ။ စစ်တပ်က စစ်သားတွေ တပ်ကနေ ထွက်မပြေးနိုင်အောင် တင်းကြပ်တာမျိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လုပ်လေ့ရှိလဲ။
ဖြေ ။ ။ ကျွန်တော်တို့ ခေတ်တုန်းကတော့ အရမ်းတအားကြီး မတင်းကျပ်ဘူး။ ဒါပေမဲ့ ဘယ်တပ်ကို ကျမယ်၊ ဘယ်တပ်က ဘယ်ကိုယ်စားလှယ်လာခေါ်မယ်ဆိုတာမျိုးလောက်ပဲဆိုတော့ တပ်က ပြေးရတာ လွယ်တယ်။ အောက်ခြေမှာဝင်တဲ့သူတွေကလည်း အရင်ကတည်းကိုက ဒီတပ်ကနေ ပြေးလိုက်၊ နောက်တပ်ကို ပြန်ဝင်လိုက်ပေါ့၊ ပြောမယ်ဆိုရင်လည်း စစ်သားက ဝယ်ရတဲ့ စနစ်ဖြစ်နေတော့လေ။ ပိုက်ဆံရဖို့အတွက် အဲဒီလို ပတ်လုပ်နေတဲ့ လူတွေလည်း ရှိတယ်။
အဲဒီလိုမျိုး တပ်အပြောင်းအရွှေ့ကိစ္စကို ကြိုသိပြီး ထွက်ပြေးတာတွေရှိတော့ နောက်ပိုင်းမှာ သတင်းထိန်ချန်မျိုးတွေလုပ်တယ်။ ကျွန်တော်တို့ကတော့ လေတပ်ဖြစ်တဲ့အတွက် အဲဒီလောက်အထိ ပြဿနာတွေမရှိခဲ့ဘူး။ ခြေလျင်တပ်တွေမှာဆိုတော့ အဲဒီပြဿနာတွေက အရင်တုန်းကတည်းက ရှိတယ်။ အခုဆိုရင်တော့ ပိုဆိုးပြီပေါ့ဗျာ။
မေး ။ ။ စစ်တပ်ရဲ့ ဝါဒမှိုင်းတိုက်နိုင်မှု ဘယ်လောက်အထိလုပ်နိုင်လဲ။ ဒီသင်တန်းကနေ သူတို့ဘက်ကို ယုံကြည်ပြီးတော့ ရောက်သွား နိုင်တဲ့သူတွေရှိနိုင်လား။
ဖြေ ။ ။ အခုကတော့ သူတို့တွေ ဒီသင်တန်းသားတွေကို အကြောက်တရားနဲ့ပဲ သူတို့ထိန်းချုပ်နိုင် မှာ။ Brainwash လုပ်ဖို့က သူတို့အတွက် အချိန်ကာလ တိုတောင်းတယ်၊ စစ်သားတစ်ယောက်ကို ဒီ ၂လ၊ ၃ လလောက်နဲ့ သူတို့ဘက်ကို လုံး၀ပါလာအောင် ဆွဲဆောင်လို့ ရမှာမဟုတ်ဘူး။ အခု သူတို့ လုပ်နေ တာတွေရှိတယ်၊ စစချင်းဝင်ချင်းတော့ ဗိုလ်ချုပ်တွေ ကိုယ်တိုင်လာပြီးတော့ နှုတ်ဆက်တယ်၊ ပျော်ပျော်ရွှင်ရွှင် ကျွေးတာမွေးတာမျိုးတွေ လုပ်ပြီး ဝါဒဖြန့်တာတွေ လုပ်ပြတယ်။
အထဲမှာလည်း သူတို့က စစ်ပညာကို ဟုတ်တိပတ်တိကို သင်ကြားပေးတာမရှိဘူး။ စစ်သင်တန်းကို သက်တောင့်သက်သာပဲ၊ ကျွန်တော်တို့တုန်းက သင်တန်းတွေနဲ့ ဘာမှကို မဆိုင်ဘူး။ ကျွန်တော်တို့တုန်းက ကျည်အတောင့် ၂၀ ပစ်ရတယ်ဆိုရင် အခုက ကျည် ၁၀ တောင့်တောင် မပစ်ခဲ့ကြရဘူး၊ နည်းနည်းပစ်ပြီး တာနဲ့ ရပြီ၊ သွား ဆိုတာမျိုး။ လက်နက်ငယ်တပ်ဆင်ရေးမှာဆိုရင်လည်း တစ်ယောက်ချင်းစီကို သေချာလေ့ကျင်ရေးလုပ်ခဲ့ကြရတာပေါ့။
သင်တန်းကျောင်းတွေကလည်း ဘာဖြစ်လဲဆိုတော့ သူတို့လက်ထဲမှာ စစ်ပြေးမဖြစ်သွားဖို့ပဲ၊ သူတို့အပြစ်မဖြစ်ရုံဘဲ ပျော်အောင်ထားဆိုတဲ့ ပုံစံမျိုးထားတယ်ဆိုပြီး ဒီဘက်ထွက်ပြေးလာတဲ့ ရဲဘော်တွေက ပြန်ပြောပြကြတယ်။ အဲဒီတော့ ကျိန်းသေတာက အဲဒီလိုပုံစံမျိုးနဲ့ စစ်သားစိတ်ဘယ်လိုမှ ပေါက်သွားမှာမဟုတ်ဘူး၊ သူတို့ဘက်ကို ယိမ်းမသွားဘူး။ အဲဒါကြောင့်ပဲ ထွက်ပြေးတာတွေဖြစ်လာတာ ပေါ့။ ဒါတွေက အရမ်းကို သိသာတယ်၊ ထိုးကျွေးဖို့ သက်သက်ပဲဆိုတာ။ ပြည်သူနဲ့ ရန်တိုက်ဖို့ ဗျူဟာသက်သက်ပဲ။

မေး။ ။ အခုက ပြည်သူ့စစ်မှုထမ်းဆိုရင် အပတ်စဉ် ၁၀ ပြီးသွားပြီပေါ့လေ၊ ဒီကနေ စစ်တပ်က လူသစ်စုဆောင်းရေးအတွက် ရှုံးနိမ့်နေတဲ့ တိုက်ပွဲကို ပြန်ပြီး အသာစီးရလာတယ်ဆိုပြီး ပြောဆိုချက်တွေလည်း ထွက်လာတော့ ကိုဇေယျ ရော ဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒီပြည်သူ့စစ်မှုထမ်းဆိုတာက ဒီစစ်တပ်ခေါင်းဆောင်တွေအတွက်က ပွန်းတွေပဲဗျာ။ ကျွန်တော်တို့ဘက်က အားနည်းချက်က ဘာဖြစ်လဲဆိုတော့ ဒီလူတွေက ကျွန်တော်တို့ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တယ်၊ နောက်တစ်ခုက ကျွန်တော်တို့ဘက်က ဒီလူတွေကို တိုက်ရတာ ကျည်ဆံကုန်တယ်ဗျာ။ ဒီလူတွေဆိုတာ ပွန်းတွေဆိုတာ သိပေမဲ့လည်း ဒီလူတွေကို တိုက်နေရတော့ ကျွန်တော်တို့ အင်အားတွေ ကုန်ပြီး ဆုံးရှုံးရတာတွေဖြစ်တယ်။
စစ်တပ်ကတော့ အဲဒီဟာကို လိုချင်လို့ကို ဒီအခြေအနေကို တမင်ကို ဖန်တီးပြီး ပုံဖော်ထားတာ။ ပြောမယ်ဆိုရင်ဗျာ သူတို့ဘက်က အချိန်ပဲလိုတာ၊ အချိန်ကို ရနိုင်သလောက်ဆွဲပြီးတော့ တော်လှန်ရေးကို အချိန်ဆွဲနေတယ်။ တော်လှန်ရေးက အချိန်ကြာလာရင်လည်း ဒီဘက်က သေနတ်ကိုင်ထားတဲ့ အဖွဲ့တွေထဲမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ အားကောင်းတဲ့အဖွဲ့တွေက ဘာမှ ပြဿနာမရှိပေမဲ့ တချို့အားမကောင်းတဲ့ အဖွဲ့တွေမှာ ဓားပြဂိုဏ်းဆန်ဆန်တို့ လက်နက်ကိုင်ထားပြီး နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ အဖွဲ့တွေ ပေါ်လာနိုင်တယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက စစ်တပ်ထဲက ထွက်ဖို့ဆိုရင် သေမှပဲ ရမယ်ဆိုတဲ့ ခိုင်းနှိုင်းပြီး ပြောဆိုတဲ့ စကားတွေလည်း ရှိတော့ အခုပြည်သူ့စစ်မှုထမ်းခေါ်ခံရတဲ့သူတွေ ဆိုရင် ဘယ်လောက်အထိ တပ်က ပြန်ထွက်လာဖို့ ခက်မလဲ။
ဖြေ ။ ။ အခုလက်ရှိ ပြည်သူ့စစ်မှုထမ်းထဲမှာတော့ ပညာအထိုက်အလျောက်တတ်ပြီး လက်ရှိအခြေအနေတွေကို သိနေကြသူတွေ၊ ဥပမာ ထိုင်းကနေ ပြန်ပို့ခံရပြီး စစ်မှုထမ်းထဲရောက် ပြီးတော့ ပြန်ထွက်လာကြတယ်ပေါ့။ စဉ်းစားနိုင်စွမ်းရှိကြတဲ့ အဲဒီလို လူတွေကတော့ ပြန်ထွက်လာနိုင်ကြမှာပါ။ အဓိကကတော့ဗျာ … ကိုယ့်အသက်အန္တရာယ်ရှောင်ကြရမှာပေ့ါ။
ကျွန်တော့်တုန်းကဆိုရင်လည်း ဆန္ဒပြပွဲဖြစ်လာပြီ၊ ကိုယ်က ယူနီဖောင်းဝတ်ထားတယ်ဆိုရင် ကိုယ့်ကို ရန်သူလို့ပဲ မြင်မှာလေ၊ သူတို့ကို တစ်ခုခုလုပ်တော့မယ့်လူလို့ပဲ မြင်မှာလေ၊ ကိုယ်စိတ်မပါဘူးဆိုတာ ကလည်း ဆန္ဒပြပြည်သူကလည်း မြင်ချင်မှ မြင်မှာလေ။
အဲဒီလိုအခြေအနေကြီးကို ကျွန်တော်ထိပ်တိုက်မတွေ့ချင်တဲ့အတွက် ကျွန်တော်ထွက်လာဖို့ကို အမြဲ တမ်းတွေးနေပြီးတော့ စဉ်းစားတယ်၊ ရအောင် နည်းလမ်းလိုက်ရှာတယ်။ အဲဒီတော့ နည်းလမ်းက တွေ့တယ်ပေါ့၊ ဘယ်လောက်အထိပဲ ရွေးချယ်စရာမရှိဘူးလို့ပဲ ပြောပြော လူငယ်တွေအနေနဲ့ ဒါကို ကြိုပြီး စဉ်းစားထားဖို့လိုပါတယ်။