
ချင်းတောင်တန်းများ နှင့် စစ်ကိုင်းတိုင်းနယ်စပ် ကလေး-ဂန့်ဂေါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန်ချင်းအမျိုးသားတပ်ဦး CNF နှင့် မဟာမိတ်များကကြိုးစာနေပြီး ထိုလမ်းပိုင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ငါးခုကို ပြီးခဲ့သည့် နှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/CNA) သည် ၎င်းတို့မဟာမိတ်များဖြစ်ကြသည့် CDF (KKG)၊ CDF (ဟားခါး)၊ CDF (ထန်တလန်)၊ ယောဒေသလွတ် မြောက်ရေးတပ်ပေါင်းစု၊ ကလေးတောင်ပိုင်းတော်လှန်ရေး အင်အားစု၊ ဟံသာဝတီ ပကဖ နှင့် ကျောင်သားတပ် ABSDF တို့နှင့် ပူးတွဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုတပ်ပေါင်းစုသည် ကလေး – ဂန့်ဂေါကားလမ်းပေါ်ရှိ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့)၊ အောင်သာယာ (အနောက်)ရွာတို့ကိုဖေဖော်ဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကြံသာရွာစခန်းကို ဧပြီ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကလေး – ဂန့်ဂေါလမ်းပိုင်းသည် မကွေးတိုင်း ၊ ဂန့်ဂေါနှင့် စစ်ကိုင်းတိုင်း ကလေးမြို့အပြင် ချင်းပြည်နယ်အထိပါ ဆက်သွယ်ရေးအရ အချက်အချာကျသည့် လမ်းကြောင်းဖြစ်ပြီး ထိုစခန်းများ သိမ်းပိုက်နိုင်သည့် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် ပိုမိုမြန်ဆန်လာမည်ဟု သုံးသပ်သည်။
“ ဂန့်ဂေါနဲ့ ကလေးကြားဆက်သွယ်ရေးမှာက ဒီစခန်းတွေကို မတိုက်နိုင်ခင်တုန်းကဆိုရင် ကလေး၊ ဖလမ်း ကနေ တဆင့် ဟားခါး ကနေ ပတ်ပြီးတော့ ဂန့်ဂေါဘက်ကိုဆက်သွယ်ရတဲ့အနေအထားဖြစ် တာပေါ့နော်။ အခုကတော့ ဟိုးအရင်ကပုံစံလိုမျိုး တစ်ရက်တည်းကနေ ဂန့်ဂေါဘက်ကိုသွားလို့ရနိုင်တဲ့ အနေအထားထိအောင်လည်းဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပိုင်းမှာရော ကုန်စည်ကူးသန်း ရောင်းဝယ်ရေးပိုင်းမှာရော ပိုပြီးတော့ အားသာချက်ရှိလာတာပေါ့” ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF (KKG) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။
ထိုစခန်းများအနက် စစ်သား အင်အား ၈၀ နီးပါး နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချို့ ပူးပေါင်း တပ်စွဲထား သော ကမ်းပါးနီ စခန်းမှာ ခိုင်မာတောင့်တင်းမှုရှိဆုံးစခန်းတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတါင် ကလေးမြို့တောင်ဘက် မိုင် ၃၀ကျော် အကွာ ဆယ်တော်ရွာ အနီးတွင်ရှိသည့် ကမ်းပါးနီတံတားအနီးတွင် စစ်တပ်ကအင်အားအနည်းငယ်ဖြင့် တပ်စွဲခဲ့သော်လည်း နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
သို့သော်လည်း ၂၀၂၄ တွင် စစ်တပ်က ကမ်းပါးနီ တံတားအနီးမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ဘန်ကာများ အခိုင်အမာတည်ဆောက်ပြီး အင်အားတိုးချဲ့ကာ ခြေကုပ်ယူတပ်စွဲခဲ့သည်။
ကမ်းပါးနီစခန်းတိုက်ခိုက်ခံရချိန်တွင် စစ်တပ်ကအနီးဝန်းကျင်ရှိ ပြည်သူ့စစ်ကျေးရွာများမှ စစ်ကူအင်အားပို့ဆောင်ခဲ့သည့် အပြင် လေကြောင်းမှလည်း အပြင်းအထန်ခုခံခဲ့ကြောင်း CDF KKG မှသိရသည်။
“ဘန်ကာလည်းတော်တော်လေးများတယ်။ ကတုတ်ကျင်းတွေလည်း များတယ်။ ပြီးတော့ သူတို့က လေကြောင်းကလည်း တော်တော်လေးသုံးတယ်။ သူတို့ရဲ့စစ်ကူက ကြံသာ၊ မှန်တောကနေလာပြီး ကောင်းကောင်းလေးပံ့ပိုးတယ်။ တိုက်ပွဲက တော်တော်လေး ကြမ်းကြမ်းတယ်။ Y 12 တို့ ၊ ဖိုက်တာတို့က နှစ်စီးလောက်ပြိုင်တူလာကြဲခဲ့တဲ့အနေအထားရှိခဲ့တယ်” ဟု ကမ်းပါးနီတိုက်ပွဲ အခြေအနေကို CDF KKG ပြန်ကြားရေးတာဝန်ရှိသူ နောက်တစ်ဦးကပြောသည်။
ကလေး – ဂန့်ဂေါကြား အခိုင်အမာဆုံးစစ်စခန်းတစ်ခုဖြစ်သည့် ကမ်းပါးနီစခန်းကို တိုက်ခိုက်ခံရချိန် တွင် လက်နက်ခဲယမ်းနှင့် လေကြောင်းပစ်ကူများပေးခဲ့သည့်တိုင် စခန်းကို လက်လွှတ် ခဲ့ရကြောင်း ဒုဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ခိုင်ရေးအမတ်ဟောင်းဖြစ်သူ ဦးလှဆွေက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ တွင် ဝန်ခံရေးသားခဲ့သည်။
ထို့နောက် ပြည်သူ့စစ် တပ်ဖွဲ့ဝင်အင်အားအများစုနှင့် တပ်စွဲထားသည့် စခန်းများဖြစ်သော မှန်တော ရွာနှင့် အောင်သာယာ (အနောက်)၊ အောင်သာယာ (အရှေ့) တို့တွင် ရက်ပိုင်းအတွင်းမှာပင်ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တစ်လကျော်အကြာ ဧပြီ ၁၁ ရက်နေ့ နံနက်တွင် ကြံသာရွာကို တော်လှန်ရေးအင်အားစုများက ထိုးစစ်တိုက်ခိုက်ခဲ့ရာ နာရီပိုင်းအကြာတွင် စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲများမှ လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိကြောင်းABSDF က ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
စစ်တပ်က လက်လွှတ်ခဲ့ရသည့် စခန်းများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် နှစ်လအတွင်း တန်ပြန် ထိုးစစ်ဆင်မှု ၁၉ ကြိမ်ခန့် ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၁၅ ဦးသေဆုံးပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစု များက ထုတ်ပြန်ထားသည်။
ထိုစခန်းသိမ်းတိုက်ပွဲများအနက် ကမ်းပါးနီ တိုက်ပွဲတွင် ကျောင်းသားတပ် ABSDF မှ ဒုတပ်စိတ်မှူး ၁ ဦး၊ ကြံသာရွာတိုက်ပွဲတွင် တပ်စုမှူး ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသား တပ်က ထုတ်ပြန်ထားသည်။ CDF KKG ကလည်း တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုများရှိသည်ဟု ပြောကြားထားပြီး အရေအတွက်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ကြံသာရွာစခန်းကို လက်လွှတ်ရပြီးနောက် ပြည်သူ့စစ်အခိုင်အမာတပ်စွဲထားရာကျေးရွာများဖြစ်သည့် ဟံသာဝတီရွာနှင့် မြောက်ခင်ရန်းရွာတို့တွင် စုဖွဲ့မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း အထက်ပါ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။
“ဟံသာဝတီဘက်၊ မြောက်ခင်ရန်းဘက်မှာပဲ စုဖွဲ့မှုကောင်းကောင်းနဲ့ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒါပေမယ့် ဒါကတော့ တိုက်ခိုက်သိမ်းပိုက်ပြီးသားကိုပဲ ပြန်ထိုးဖို့ပဲလား၊ ခံစစ်အသေလုပ်ဖို့ပဲလားဆိုတာ ကို ကျွန်တော်တို့အနေနဲ့ လောလောဆယ်တော့မသိနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်တို့မှာ တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသလို ကလေးမြို့တောင်ပိုင်းနှင့် ဂန့်ဂေါမြို့ မြောက်ပိုင်းကြား မြစ်သာမြစ်ဝန်းကျင်တွင် ပြည်သူ့စစ် အားကောင်းသည့် ကျေးရွာ ၁၀ ရွာနီးပါးရှိသည်။