အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

အာဏာသိမ်းမှုကြောင့် စျေးတက်ရှားပါးနေသော ဘိလပ်မြေကို ငလျင်အပြီး ပိုမို လိုအပ်လာ

ဘိလပ်မြေရှားပါးခြင်းနှင့် အဆမတန်စျေးတက်နေခြင်းက စစ်တပ်အာဏာသိမ်းပွဲနှင့် တိုက်ရိုက်ဆက်စပ်နေသည်။

မတ်လ ၂၈ ရက်မြေငလျင်အပြီး ပြည်တွင်း ဘိလပ်မြေစျေးနှုန်း နှစ်ဆခန့် ခုန်တက်သွားသည်။

ငလျင်မလှုပ်မီက ၅၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ဘိလပ်မြေတစ်အိတ်စျေးသည် ကျပ် ၂၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ငလျင်လှုပ်ပြီးသီတင်းတစ်ပတ်ခန့်အကြာ ဧပြီလဒုတိယအပတ်တွင် ကျပ်  ၄၀,၀၀၀ ကျော်အထိ မြင့်တက်သွားသည်။ သို့သော်လည်း စျေးကွက်တွင် ပစ္စည်းလိုသလောက်မရဟုဆိုကြသည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးကတည်းက လိုသလောက်ဝယ်မရခြင်း၊ တရိပ်ရိပ်စျေးတက်လာ ခြင်းတို့နှင့် ကြုံနေရသည့် ဘိလပ်မြေအကျပ်အတည်းသည် မြေငလျင်လှုပ်ပြီးနောက် အဆိုးရွားဆုံးအခြေအနေဖြစ်လာသည်။

စစ်အာဏာမသိမ်းခင် ၂၀၂၀ တွင်   တအိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင်သာရှိခဲ့သည်။

အထပ်မြင့်အဆောက်အဦးများရှိရာ ရန်ကုန်မြို့လယ်ရှိ ရပ်ကွက်တစ်ခု။ (ဓာတ်ပုံ- Myanmar Now)

ဘိလပ်မြေတင်သွင်းမှု ပိတ်ပင်ရေးအမိန့်

ဘိလပ်မြေရှားပါးခြင်းနှင့် စစ်တပ်အာဏာသိမ်းခြင်းတို့က တိုက်ရိုက်ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။ စစ်ကောင်စီက အာဏာသိမ်းပြီး ၆လခန့်အကြာတွင် ပြည်ပမှဘိလပ်မြေတင်သွင်းခြင်းကို ပိတ်ပင်လိုက်သည်။

ပြည်တွင်း၌ ဘိလပ်မြေ အသုံးပြုမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သန်း မှ ၁၁ သန်း ကြား ရှိနေချိန်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၉ ရုံက တစ်နှစ်လျှင် တန်ချိန် ၁၆ သန်း ထုတ်နိုင်သဖြင့် ဘိလပ်မြေတင်သွင်းရန် မလိုကြောင်း စစ်ခေါင်းဆောင်က ယုံကြည်ခဲ့သည်ဟုလည်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက အာဏာသိမ်းသည့်နှစ် နိုဝင်ဘာလက ရေးသားသည်။

သို့သော်လည်း ဘိလပ်မြေထုတ်လုပ်မှုကို ကြီးကြပ်ရသည့် စစ်ကောင်စီစက်မှုဝန်ကြီးက ပြည်တွင်းတွင် တစ်နှစ် တန်ချိန် ၇သန်း မှ ၉ သန်းသာ ထုတ်နိုင်ကြောင်း  ထိုနှစ် သြဂုတ်လ ကတည်းက ဘိလပ်မြေစက်ရုံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောခဲ့ပြီး ဖြစ်သည်

တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ နှစ်စဉ်  တန်ချိန် ၁ သန်းကျော်ကို တင်သွင်းနေရသည်ဟု  ဝန်ကြီး ဦးချာလီသန်းက ဆိုသည်။ 

သို့သော်လည်း စစ်ခေါင်းဆောင်က တင်သွင်းခွင့်များကို အကြီးအကျယ်ကန့်သတ်ပိတ်ပင်လိုက်သည်။

၂၀၂၁ မတ်လမှ ၂၀၂၄ ဇူလိုင်အတွင်း တန်ချိန် ၇၈၀,၀၀၀ သာ သွင်းခွင့်ပြုခဲ့သည်။ ထို၃နှစ်ကျော်ကာလ တင်သွင်းမှုပမာဏက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ နောက်ဆုံးဘဏ္ဍာနှစ်အတွင်း တင်သွင်းမှုပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့်သာရှိသည်။

ထို့ကြောင့်စျေးကွက်အတွင်း  ဘိလပ်မြေ ပြတ်လာသည်။

မှန်းချက်နှင့်နှမ်းထွက်မကိုက်သည့် ဘိလပ်မြေမူဝါဒ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် နိုင်ငံခြားငွေအကြီးအကျယ်လိုအပ်နေသည့်အချိန်တွင် စစ်ခေါင်းဆောင်၏ အိမ်မက်က ပြည်တွင်းဘိလပ်မြေစက်ရုံများကို အားကိုးပြီး ပြည်ပမှဘိလပ်မြေ တင်သွင်းသည့်စရိတ်ကို လျှော့ချရန် ဖြစ်သည်။

အာဏာမသိမ်းခင်ကာလများအတွင်း နှစ်စဉ်ဘိလပ်မြေ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကုန်ကျမှုက  ဒေါ်လာ ၅၇ သန်းမှ သန်း ၉၀ အတွင်း ရှိသည်။

ပြည်တွင်းထုတ်အရည်အသွေးသည် ပြည်မှတင်သွင်းသည့်ဘိလပ်မြေများကို မယှဉ်နိုင်ကြောင်း စစ်ခေါင်းဆောင်က   ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ဝန်ခံခဲ့သည်။

တင်သွင်းမှုကို အပြီးသတ်ပိတ်ပင်ရန် ပြည်တွင်းဘိလပ်မြေစက်ရုံများ အရည်အသွေး မြှင့်ရမည်ဟုလည်း ၎င်းကဆိုသည်။  

“(ဘိလပ်မြေအရည်အသွေးကို နိုင်ငံတကာစံနှုန်းအတိုင်း) မလုပ်ရင် အဲ့ဒီစက်ရုံပိတ်မယ်” ဟု စစ်ခေါင်းဆောင်က ကြုံးဝါးခဲ့သည်။

ထိုသတိပေးချက်အပြီး ပြည်တွင်းဘိလပ်မြေစက်ရုံအချို့ပိတ်သွားခဲ့သည်။ သို့သော်စစ်ခေါင်းဆောင်၏ ကြုံးဝါးမှုကြောင့် မဟုတ်ဘဲ လက်နက်ကိုင်တိုက်ပွဲများကြောင့်ဖြစ်သည်။


ထိုသို့ လုပ်ငန်းရပ်သွားသည့်အထဲတွင် မွန်ပြည်နယ်အခြေစိုက် ထိုင်းရင်းနှီးမြှုပ်နှံမှု ဖြစ်သော မော်လမြိုင် SCG ဘိလပ်မြေစက်ရုံ၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် တရုတ်ရင်းနှီးမြှုပ်နှံမှု Alpha ဘိလပ်မြေစက်ရုံနှင့် ရှမ်းပြည်နယ်၊ နောင်ချို့မြို့အခြေစိုက် Crown ဘိလပ်မြေ စက်ရုံတို့ ပါဝင်သည်။

SCG နှင့်  Alpha ဘိလပ်မြေများသည် ပြည်တွင်းဆောက်လုပ်ရေး စျေးကွက်တွင် လူကြိုက်များသည်။

SCG  သည်  ထိုင်းနိုင်ငံမှ နာမည်ကျော် Siam Cement Group (SCG) ကုမ္ပဏီ နှင့် မြန်မာမှ Capital Diamond Star ကုမ္ပဏီတို့  ပူးပေါင်းပြီး ကုန်ကြမ်းပေါများသော မွန်ပြည်နယ်တွင် ထုတ်လုပ်ခဲ့သည်။ နှစ်စဉ် တန် ၁ ဒဿမ ၈ သန်း ထုတ်ရန်ရည်မှန်းခဲ့သည်။

Alpha  စက်ရုံသည်   ၂၀၂၄ ခုနှစ် ဇွန်လပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရပ်နားထားသည်။ 

Crown   စက်ရုံသည်လည်း တအာင်းတပ် TNLA နှင့်စစ်တပ်တို့တိုက်ပွဲများကြောင့် ထုတ်လုပ်မှုရပ်တန့်နေသည်။

အခြားသောစက်ရုံများသည်လည်း လျှပ်စစ်ဓာတ်အား ပုံမှန် မရရှိခြင်း၊   စက်ရုံအတွက် လိုအပ်သော အပိုစက်ပစ္စည်းများ နှင့် စက်ယန္တရားများ တင်သွင်းခွင့် ကန့်သတ်ခံထားရခြင်းတို့ကြောင့် အပြည့်အဝ မလည်ပတ်နိုင်ဟု ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

ဘိလပ်မြေဘယ်မှာဝယ်လို့ရမလဲ

လက်လီအရောင်းဆိုင်များမှာပင် ဘိလပ်မြေ ပြတ်လပ်နေသည်ဟု ရန်ကုန်မြို့မှ ဘိလပ်မြေ နှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တချို့ထံက သိရသည်။ 

“ကျွန်မတို့ ကိုယ်တိုင် ဘယ်နေ့ရမလဲဆိုတာကို အသေအချာမသိရသေးဘူး၊ အခုက သင်္ကြန်ကာလပြီး နောက်ပိုင်းမှ ပြန်ဝယ်လို့ရမယ်လို့တော့ ကြားတယ်၊ အဲဒါလည်း မသေချာဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ ဘိလပ်မြေအရောင်းဆိုင်တစ်ခု၏ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ 

လတ်တလောတွင် ကုန်စည်ပြတ်လပ်နေခြင်းကြောင့် ဘိလပ်မြေအရောင်းရပ်ထားရပြီး ကြိုတင်အမှာစာ ဝယ်ယူမှုများကပင် ယာယီရပ်နားထားသည်ဟု တာမွေမြို့မှ  အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်တစ်ခုမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

မတ်လ ၂၈ ရက်နေ့  အင်အားပြင်း ငငလျင်ကြောင့် မန္တလေးနှင့် နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ ၅ ရုံ ထိခိုက်သွားပြီး ရပ်နားထားခဲ့ရသည်ဟု  စက်မှုဝန်ကြီး ဦးချာလီသန်းက ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားကြောင်း စစ်တပ်ပိုင် သတင်းဌာနများက ထုတ်လွှင့်ခဲ့သည်။ 

နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ လူနေတိုက်တာအဆောက်အအုံ ၄၈,၈၃၄ လုံး၊   စာသင် ကျောင်း ၂,၀၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၂,၁၇၁ လုံး၊ ဆည်မြောင်း တမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်း ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဧပြီ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ 

ထို့အပြင် ဘုရားစေတီပုထိုးပေါင်း ၅,၀၀၀ ကျော် ပျက်စီးသည်၊  ဘုန်းကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၄၀၀၀ ကျော်၊ ခရစ်ယာန် ဘုရားကျောင်း ၅၀၊ ဗလီ ၁၃၆ လုံး၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ တရုတ်ဘုံကျောင်း ၁ ကျောင်း  ပြိုကျပျက်စီးသည်ဟု စစ်ကောင်စီက ဆိုသည်။ 

ဘိလပ်မြေ ဝယ်ယူအသုံးပြုမှု များလာချိန် ပစ္စည်းပြတ်နေသဖြင့်  စျေးကျမည်မဟုတ်ဟု  ဟု ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

“နိုင်ငံပိုင်အဆောက်အဦးတွေတင် ထောင်နဲ့ချီ ပျက်တယ်၊ လမ်းတံတားတွေလည်း ပျက်တယ်ဆိုတော့ သံချောင်းတွေ၊ ဘိလပ်မြေတွေ လိုအပ်ချက်က အများကြီးပဲလေ” ဟု သူက ပြောသည်။ 

ထိုကြောင့် ဘိလပ်မြေ တင်သွင်းရန် ယခုထက်ပိုမိုခွင့်ပြုပေးရမည်၊  ပြည်တွင်းစက်ရုံများအတွက်  လိုအပ်သော အပိုပစ္စည်းများနှင့် စက်ပစ္စည်းများလည်း တင်သွင်းခွင့်ပေးရမည်ဟု သူက မှတ်ချက်ပြုသည်။

စစ်တပ်ထုတ်သတင်းစာများတွင် နိုင်ငံခြားမှ ဘိလပ်မြေများ မကြာခင်ရောက်လာတော့မည်၊ ပြည်တွင်းထုတ်ဘိလပ်မြေများကို ငလျင်ဒဏ်သင့်ဒေသများတွင် ရောင်းချပေးမည်ဟု အဆက်မပြတ် ကြေညာနေသည်။

ဧပြီလ ၈ ရက်နေ့မှ စတင်ကာ မြိုင်ကလေး နှင့် ပြည်ညောင် ဘိလပ်မြေစက်ရုံများမှ ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို  မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ပဲခူးတိုင်းများတွင် ရောင်းချပေးမည်ဟု ထုတ်ပြန်ထားသည်။ 

ထို့အပြင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘိလပ်မြေ တင်သွင်းမှုများကို ခွင့် ပြုပေးနေသည်၊  ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဘိလပ်မြေတန်ချိန် ၁၅၀၀ ခန့် ထပ်မံ ရောက်မည်၊ အပတ်စဉ် ဆက်လက် ရောက်ရှိလာမည်ဟု စစ်ကောင်စီက ဆိုသည်။ 

လတ်တလောတွင် စျေးတက်၊ ပစ္စည်း ပြတ်ဆဲပင်။  

ဤအခြေအနေကြောင့် အိမ်ကြီးကြီးမားမား ဆောက်နိုင်ကြဦးမည်မဟုတ်ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။ 

“ကျွန်တော့်ညီ မိသားစုဆိုရင် သူတို့ သုံးထပ်တိုက်လေး ပြိုသွားတယ်၊ အခု ဘိလပ်မြေစျေးတင် တစ် အိတ်ကို ငါးသောင်းခွဲ လောက်ဖြစ်နေတာ ဘယ်လိုလုပ် အရင်လို အိမ်မျိုး ဘယ်လိုပြန်ဆောက် နေနိုင်တော့မှာလဲ” ဟု ထိုအမျိုးသားက ပြောသည်။ 

Related Articles

Back to top button