ဆောင်းပါးရွေးကောက်ပွဲ

ဘာသာရေးအစွန်းရောက်မှုများကို လက်မခံကြောင်း ပြသလိုက်တဲ့ မြန်မာပြည်သူလူထု

ရန်ကုန် – နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ်အနိုင်ရခဲ့ခြင်းသည် စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးအင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများ ရှိနေသည်။

ဆယ်စုနှစ်များစွာ လူထုအား ဖိနှိပ်ချုပ်ချယ်ခဲ့သည့် စစ်တပ်အား မဲတစ်ပြားဖြင့် ကလဲ့စားချေလိုက်သည်ဟု ဆိုနိုင်သကဲ့သို့၊ မဲမသမာမှုတို့ အကြီးအကျယ်ဖြစ်ပွားခဲ့သော၂၀၁၀ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရအား ပြည်သူတို့က “သင်တို့ သွားကြလော့ ၊ ဆင်းကြလော့” ဟု တစ်ခဲနက် ကြွေးကြော်လိုက်သည်ဟုလည်း ဆိုနိုင်သည်။

သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီအကူးအပြောင်းများ ဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ ပြည်သူများက အလဲထိုးအနိုင်ယူခဲ့ခြင်းမဟုတ်။

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာညှိုးနွမ်းစေခဲ့သော အစွန်းရောက် ဗုဒ္ဓဝါဒအမည်ခံ မျိုးချစ်အင်အားစုများကိုလည်း ပြည်သူများက အနိုင်ယူခဲ့သည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။

ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမှုမရှိသော ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သည့် “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ ဦးစီးသည့် အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလာမ်ဘာသာလွှမ်းမိုးလတ္တံ့ဟု မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် ပြည်သူလူထုအား မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ NLD ပါတီသည် မဘသမှ အကြံပြုတင်သွင်းခဲ့ပြီး သမ္မတမှ အတည်ပြုခဲ့သည့် မျိုးစောင့်ဥပဒေလေးရပ်အား လွှတ်တော်တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီ အာဏာရလာပါက ထိုဥပဒေများအား ပြင်ဆင်နိုင်သဖြင့် ဘာသာသာသနာ ဆုတ်ယုတ်တော့လတ္တံ့ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။

ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်အား မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတကြီးဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရရှိသည့် ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော်နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

ထို့ပြင် မဘသက ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အောင်ဇေယျတု စသည့် ဂျာနယ်မဂ္ဂဇင်းများတွင်လည်း မဘသဥက္ကဋ္ဌဖြစ်သူ ဆရာတော် ဦးတိလောကာဘိဝံသအပါအဝင်၊ ဆရာတော်များနှင့် လူပုဂ္ဂိုလ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုသည်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှူးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင် ကျင်းပခဲ့သည့် မဘသညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်သူ အစိုးရဝန်ကြီးအချို့ကလည်း အမျိုးဘာသာသာသနာကို ထမ်းရွက်မည်ဟု အသံကောင်းဟစ်ခဲ့လေသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့ကလည်း မဘသက ရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်သည့် စာရွက်စာတမ်းများအား ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ဝေငှခဲ့သည်။

ဘာသာရေးနှင့် နိုင်ငံရေး ထွေးရောယှက်တင်ပြုလုပ်ခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွန်ပြုခဲ့ကြသည်။

စစ်တပ်ကို မုန်းတီးသော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မထောက်ခံသူများ၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ နုတ်ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP)ကို ထူထောင်ပြီး၊ မဘသအဖွဲ့တွင် တက်ကြွစွာလှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့အား အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ NDP ၏ ပါတီကြေညာစာတမ်းတွင်လည်း အမျိုးဘာသာသာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။

ထိုအမျိုးသားရေးလှုပ်ရှားမှုများကို ထောက်ရှု၍ ၁၉၉၀ ရွေးကောက်ပွဲတွင်ကဲ့သို့ NLD အပြတ်အသတ်မနိုင်နိုင်ဟု တွက်ဆမှုများ ထွက်ပေါ်လာသည်။

သို့သော် ထိုတွက်ဆချက်များ အလုံးစုံ မှားယွင်းသွားကြောင်း NLD ၏အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာ အနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုးသားရေး ဘာသာရေးအသံများ ဟစ်ထားသော NLD မှ ခွဲထွက်ကာ ဖြစ်ပေါ်လာခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ မွတ်စလင်မုန်းတီးရေးဝေဖန်တိုက်ခိုက်မႈများ ပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှာလည်း ရွေးကောက်ပွဲတွင် နေရာတစ်နေရာမျှ မရရှိခဲ့ပေ။

မဘသအားအကောင်းဆုံးဟု ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။

စစ်တပ်လွှမ်းမိုးထားသော အုပ်ချုပ်ရေးအား ပြည်သူတို့၏ စက်ဆုပ်ရွံရှာမှုသည် မွတ်စလင်ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမိုအားကောင်းနေသည်ကိုလည်းကောင်း၊ လူမျိုးရေးဘာသာရေးအမည်ခံ အစွန်းရောက်လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံသည်ကိုလည်းကောင်း ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှား ပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။

၂၀၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများဖြစ်ပွားပြီး၊ ထိုမီးပွားများ အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း ရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေးခံစားချက်များ တိုးမြင့်လာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွှယ်ကြောင်း ပြည်သူတို့က သိမြင်လာခဲ့သည်။

မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား မုန်းတီးခြင်းအဖြစ်များသို့ ယှဉ်တွဲလာသည်၊ ထိုထိုအမုန်းစကားများအား တရားပွဲအမည်ခံ ဟောပြောပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင် ပြောဆိုရေးသား ထုတ်လွှင့်နေသူများကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။

နောက်ဆုံး ပြည်သူတို့အား အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ကာကွယ်မည့် သူရဲကောင်းများအဖြင့် ပုံဖော်မဲဆွယ်နေသည်ကို ပြည်သူတို့က တွေ့ရသောအခါ ၄င်းတို့၏ မကျေနပ်ချက်များသည် အထွတ်အထိပ် ရောက်လာခဲ့သည်။

သို့သော် သံဃာတော်များအား အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူတို့သည် ထိုမကျေနပ်ချက်များအား မျိုသိပ်ခဲ့ရသည်။ ဆန့်ကျင်ဘက်ပြောဆိုပါကလည်း မွတ်စလင်ဘက်ကရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့တဲ့ပါတီကို မဲမထည့်ကြနှင့်ဟူသော စကားများကို ရဲရဲတင်းတင်း ဥပေက္ခာပြု၍ NLD ပါတီအား တောင်ပြိုကမ်းပြိုအနိုင်ပေးလိုက်ကြသည်။

ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၄င်းတို့ကိုယ်ကိုယ် ၄င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့် ရမရဆိုသော အရေးသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအမည်ခံ ဟောပြောမှုများကို ပြည်သူအများတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ်များက ထင်ထင်ရှားရှား ဖော်ပြလိုက်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မေးမြန်းသောအခါ ရန်ကုန်ရှိ မဘသထိပ်တန်းတာဝန်ရှိသူတစ်ဦးက မိမိအား“သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမှုအား ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့်ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန် ကြိုးစားပါက ငြိမ်နေလိမ့်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲများ ပြင်းထန်သူများမဟုတ်ကြောင်း ရွေးကောက်ပွဲမှတစ်ဆင့် ပြသလိုက်သည်ကို မဘသဆရာတော်များသည်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာနေသူများသည်လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။

Show More

Related Articles

Back to top button