သတင်း

လေကြောင်းပစ်ကူဖြင့်အပြင်းထန်ခုခံခဲ့သော်လည်း ဖလမ်းကို စစ်တပ်လက်လွှတ်ခဲ့ရ 

ဖလမ်းမြို့မကျစေရေးအတွက် တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က အင်အား ၂၀၀ ခန့်စစ်ကူပို့ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ခန့်ပြုလုပ်ခဲ့သည်ဟု မြို့သိမ်းတိုက်ပွဲတွင် ပါဝင်သူများက ဆိုသည်။

ငါးလကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်နှင့်မဟာမိတ်အဖွဲ့များက ယနေ့ (ဧပြီ ၉ ရက်)တွင် ကြေညာလိုက်သည်။

စစ်တပ်က မြို့ကိုလက်မလွှတ်ရရေးအတွက် စစ်ကူအင်အား ၂၀၀ ခန့်ဖြည့်တင်းခဲ့ပြီး လေကြောင်းမှ တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးအမျိုးအစားလေယာဉ်များ အပါအဝင် အကြိမ် တစ်ထောင်ခန့် တိုက်ခိုက်ခဲ့သည့်ကြားမှ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“ ကလေးနဲ့ မြို့တော်ဟားခါးကြားမှာရှိတဲ့မြို့လေးဖြစ်သလို မြောက်ပိုင်းမှာ နယ်စပ်ရေးရာမှာ အိန္ဒိယနဲ့ ထိစပ်နေတဲ့နေရမှာရှိတဲ့အတွက် တော်တော် လေးအရေးကြီးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် လေယာဉ်နဲ့သော်လည်းကောင်း၊ ဂျက်နဲ့သော်လည်းကောင်း၊ MI 35, Y 12, Y 8 နဲ့ ကျွန်တော်တို့စာရင်းအရ တစ်ထောင်ကျော်လောက်ကို ပစ်ခတ်တဲ့အခြေအနေမှာရှိတယ်။ အဲ့လောက်ထိ စကစ ဘက်က လေကြောင်းသော်လည်းကောင်း၊ စစ်ကူသော်လည်းကောင်းနဲ့တော်တော်လေးကို ကာကွယ်တဲ့သဘောမှာရှိတယ်”ဟု ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။ 

ချင်းညီနောင် အဖွဲ့ကို နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသော ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CDF Mindat)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် (CDF Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၁ တို့ ဖြင့် (Chinbrotherhood) ကို စုဖွဲ့ထားသည်။ 

ကလေး – ဟားခါး လမ်းပေါ်တွင်ရှိသည့် ဖလမ်းမြို့မှာ ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၄၀ သာကွာဝေးပြီး စစ်တပ်၏ ဒေသအခြေစိုက် ကွပ်ကဲမှုဌာနချုပ်ရှိရာ ကလေးမြို့နှင့် မိုင် ၇၀ ကျော်သာကွာဝေးသည်။

ဆူဘုရ်လေယာဉ်ကွင်းရှိရာ ဖလမ်းမြို့ပြင်အပါအဝင်ကျေးရွာအများစုကို ချင်းတော်လှန်ရေးတပ်က ပြီးခဲ့သည့်နှစ်များကတည်းက နယ်မြေထိန်းချုပ်ထားခြင်းဖြစ်ပြီး စစ်တပ် အခြေချတပ်စွဲရာ ဖလမ်းမြို့ပေါ်ရှိ စခန်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

မြို့သိမ်းတိုက်ပွဲစတင်ပြီး မကြာမီမှာပင် မြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားရာ ခရိုင်ထွေအုပ်ရုံး၊ မြို့နယ် ရုံး စသည့်နေရာများကို သိမ်းပိုက်နိုင်ခဲ့ပြီး  မြို့အနောက်တောင်ဘက် ကုန်းပေါ်တွင်ရှိသည့် ခလရ ၂၆၈ စခန်းတွင်သာ စစ်တပ်က ခြေကုပ်ယူကာ ခုခံတိုက်ခိုက်နေသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ မြေပြန့်ဒေသမှ တော်လှန်ရေးအဖွဲ့ နှစ်ဒါဇင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး အာရက္ခ တပ်တော် (AA) ကလည်း လက်နက်ခဲယမ်းနှင့် စစ်ရေးဆိုင်ရာ အကူညီများ ပံ့ပို့ပေးခဲ့သည်ဟုဆိုသည်။

“ မဟာမိတ် AA ကတော့ စစ်ရေးအရ သော်လည်းကောင်း၊ လိုအပ်တဲ့ လက်နက်ခဲယမ်းမှုသော်လည်း အများကြီး ကူညီမှုပေးပါတယ်။ စစ်ဆင်ရေးမှာ အကြံဥာဏ်တွေလည်း ပေးတယ်။ မဟာမိတ်ကောင်းပီသတယ်”ဟု ဆလိုင်းတင်မီထွဋ်ကဆိုသည်။ 

မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည့် တပ်ဖွဲ့ဝင်အရေအတွက် နှင့်ပတ်သက်ပြီး ချင်းညီနောင်က ထုတ်ပြန်ပြောကြားခြင်းမရှိပေ။

ခလရ ၂၆၈ မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေဆဲဖြစ်သည့်အတွက် စစ်သုံ့ပန်းများနှင့်ပတ်သက်ပြီး သီးခြားထပ်မံကြေညာသွားမည်ဟု ဆလိုင်းတင်မီထွဋ်ကဆိုသည်။ 

စစ်တပ်ကလေကြောင်းမှ အပြင်းအထန်ခုခံတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၁၀၀ ကျော်ရှိသည့် ဖလမ်းမြို့မှ ၁၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ စကစ က ဂျက်နဲ့ ဝိုင် ၁၂ နဲ့ တစ်ထောင်ကျော်ပစ်ခတ်မှုရှိတဲ့အထဲမှာ ပျက်စီးမှုကို နှိုင်းယှဉ်ရင်တော့ ပျက်စီးမှု နည်းတယ် ပြောလို့ရတယ်။ 268 တပ်တွင်းထဲမှာပဲ ဝိုင်းထားနိုင်တဲ့အခြေအနေကြောင့် အိမ်မီးလောင် ပျက်စီးမှုက တော်တော်လေးနည်းတယ်။ ခုပျက်စီးသွားတာကလည်း ဝိုင် ၁၂ နဲ့ပစ်လို့ ပျက်စီးတာပိုများပါတယ်” ဟု ၎င်းကဆိုသည်။ 

ဖလမ်းမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ခြင်းဖြင့် ဒေသအခြေစိုက်ကွပ်ကဲမှု စစ်ဌာနချုပ် ရှိရာ ကလေးမြို့နှင့် ပြည်နယ်မြို့တော် ဟားခါးကြား မြေပြင်ဆက်သွယ်ရေး ဖြတ်တောက်ထားနိုင်သည့် အခြေအနေ ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

“ ဟားခါးနဲ့ ဖလမ်းနဲ့ မြေပြင်ဆက်သွယ်နိုင်မှုအကြောင်းအရာမရှိတော့ဘူး။ ပြီးရင် ဖလမ်းကနေ ပြန်ပြီးခြေကုပ်ယူပြီး မြို့တော်ဟားခါးကိုပဲဖြစ်စေ၊ ဒကစ ကလေးကိုပဲဖြစ်စေ တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက် ခြိမ်းခြောက်နိုင်တဲ့အဆင့်ရောက်သွားပြီ”ဟု ၎င်းကဆိုသည်။ 

“ခုတော့ စစ်ကောင်စီအတွက် ဟားခါးနဲ့ ကလေးဟာ စိတ်မချရတဲ့အနေအထားကို ရောက်သွားပြီ”

ချင်းပြည်နယ်မြို့နယ် ၉ ခုအနက် ချင်းညီ‌နောင်က မတူပီ၊မင်းတပ်၊ကန်ပက်လက်နှင့်ဖလမ်းမြို့တို့ကို သိမ်းပိုက်ထားပြီး ၎င်း၏ မဟာမိတ် အေအေ က ပလက်ဝကို သိမ်းပိုက်ထားသည်။ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်က တွန်းဇံမြို့ကို သိမ်းပိုက်ထိန်း ချုပ်ထားသည်။  စစ်တပ်က ပြည်နယ် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်တို့တွင်သာ နေရာယူတပ်စွဲထားသည်။

Show More

Related Articles

Back to top button