လေ့လာသုံးသပ်ချက်သတင်း

မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အကျပ်အတည်းနှစ်သွယ်

ကုလသမဂ္ဂသံတမန် ဘိရှော့သည် တရုတ်နှင့် ဆက်နွှယ်နေဖွယ် ရှိသလို သူ၏ဇာတိနိုင်ငံ သြစတေးလျတွင်လည်း စီမံခန့်ခွဲမှု၊ ကျင့်ဝတ်စည်းကမ်းတို့နှင့်ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) သည် ခေါင်းဆောင်မှုတာဝန်များတွင် ဘေးကျပ်နံကျပ်အခြေအနေ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရသည်။ 

အထူးကိုယ်စားလှယ်ဟူသော သံတမန်ရာထူးယူထားစဉ် ကိုယ်ကျိုးစီးပွားပဋိပက္ခ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး  အကြီးအကျယ်ဝေဖန်ခံနေရသလို၊ ဩစတြေးလျအမျိုးသားတက္ကသိုလ် (ANU) အဓိပတိ ရာထူးနှင့်ပတ်သက်၍လည်း ငွေကြေးလွဲမှားစီမံမှု၊ ကျင့်ဝတ်ပျက်ယွင်းမှု စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်။ 

ANU တွင် တက္ကသိုလ်ဝန်ထမ်းများက သူနှင့် ဒုတိယတက္ကသိုလ်အဓိပတိ Genevieve Bell တို့ကို ၎င်း တို့၏ မေးခွန်းထုတ်ဖွယ် တက္ကသိုလ်ဘဏ္ဍာငွေအသုံးပြုမှု၊ ဝန်ထမ်းလျှော့ချမှု ကိစ္စရပ်များကြောင့် အယုံအကြည်မရှိကြောင်း ပြတ်ပြတ်သားသား မဲပေးဆန့်ကျင်ခဲ့ကြသည်။  

တက္ကသိုလ်တည်ရှိသည့် ဩစတြေးလျမြို့တော်နယ်မြေ၏ အဆင့်မြင့်ပညာရေးသမဂ္ဂ (NTEU)   အတွင်းရေးမှူးဖြစ်သူ Dr. Lachlan Clohesy အဆိုအရ ဘိရှော့နှင့် ဘဲလ်တို့သည် ANU ၏ ၂၀၂၄ ခုနှစ်အတွက် လိုငွေပြမှုကို ဩစတြေးလျဒေါ်လာ သန်း ၆၀ (အမေရိကန်ဒေါ်လာ ၃၇.၇ သန်း) ကျော် ပိုမို၍ ခန့်မှန်းတွက်ချက်ခဲ့ကြောင်း၊ ယင်းတွက်ချက်မှုကို ပြန်ညှိရန် အတွက် ကျန်းမာရေးနှင့် ဆေးပညာကောလိပ်ကို ဖျက်သိမ်းသည့်အပြင် အလုပ်အကိုင်နှင့် သင်ရိုးများကိုလည်း လျှော့ချ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ANU ဝန်ထမ်းများက တာဝန်ခံမှုရှိဖို့ တောင်းဆိုနေတာပါ ဟု Clohesy က ဆိုသည်။ တက္ကသိုလ် ခေါင်းဆောင်မှုက “ဝန်ထမ်းတွေကို အပြစ်တင်ပြီး၊ ဝန်ထမ်းတွေကို ‘စွမ်းဆောင်ရည်ညံ့သူများ’ အဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်ရပ်နားခတွေ တိုးမြှင့်ကောက်ခံတယ်၊ ကလေးထိန်းကျောင်းဝန်ဆောင်မှု ပိတ်ပင်တယ်၊ ဝန်ထမ်းလစာတိုးမြှင့်မှုကို ဖျက်သိမ်းဖို့လည်း ကြိုးပမ်းခဲ့ပါတယ်” ဟု Clohesy က ဆိုသည်။

ယင်းလုပ်ရပ်များကြောင့် ဩစတြေးလျနိုင်ငံ၏  အဆင့်မြင့်ပညာလေ့လာရေး ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုဖြစ်သည့် ANU ရှိ ဝန်ထမ်းများနှင့် ကျောင်းသားများအပေါ် ကြီးစွာသောသက်ရောက်မှုတစ်ရပ် ရှိလာသည်။

 “ANU မှာ စိတ်ခွန်အား အနိမ့်ဆုံးအဆင့်ရောက်ရှိနေတယ်။ ဒီတက္ကသိုလ်က ထူးချွန်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေကို ပိုင်ဆိုင်ထားတဲ့၊ ခမ်းနားတဲ့တက္ကသိုလ် ဖြစ်တယ်။ သို့ပေမယ့် ခေါင်းဆောင်ပိုင်းရဲ့ ဆုံးဖြတ်ချက်တွေကြောင့် နိမ့်ပါးခဲ့ရပါတယ်။ ယခုဆန္ဒမဲတွေက ဝန်ထမ်းတွေရဲ့ စိတ်ပျက်မှုတွေ၊ အယုံအကြည်ကင်းမဲ့မှုတွေကို ဖော်ညွှန်းလိုက်တာ ဖြစ်ပါတယ်” ဟု NTEU ၏ ANU ဌာနခွဲ ဥက္ကဋ္ဌဖြစ်သူ Millan Pintos-Lopez က ဆိုသည်။

တစ်ချိန်တည်းတွင် ဘိရှော့၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရာထူးနှင့် ပတ်သက်၍လည်း နိုင်ငံတကာဝေဖန်မှုများရှိနေသည်။ ယင်းရာထူးကို ခန့်အပ်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။ မကြာသေးမီက မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၆၀ တို့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တို နီယိုဂူတာရက်စ်နှင့် ကုလသမဂ္ဂအထွေထွေညီလာခံတို့ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး၊ တရုတ်မြေရှားသတ္တုကုမ္ပဏီ ကြီး Shenghe Resources နှင့် ဆက်နွှယ်မှုရှိသည့် ဩစတြေးလျကုမ္ပဏီ Energy Transition Minerals (ETM) တွင် အကြံပေးရာထူးအဖြစ် ရှိနေခြင်းမှ အကျိုးစီးပွားပဋိပက္ခများရှိသည်ဟူသော စွပ်စွဲချက်များကြောင့် ဘိရှော့ကို ရာထူးနေရာမှ​ ဖယ်ရှားရန် တောင်းဆိုထားသည်။ ယင်းတရုတ်ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သလို မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေထောက်ပံ့နေသည်ဟု စွပ်စွဲခံနေရသည်။

“ဆိုးရွားတဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခတွေ၊ သူမရဲ့ တည်ကြည်ဖြောင့်မတ်မှုအပေါ် မယုံကြည်မှုတွေ များပြားနေတဲ့အခြေအနေမှာ ကုလသမဂ္ဂအနေနဲ့ ဂျူလီဘိရှော့ကို ရာထူးအတိုင်း ရှိနေစေဖို့ဆိုတာ ယုတ္တိကင်းမဲ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်သော တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနှင့် ဘိရှော့တို့အကြားဆက်နွှယ်မှုကို ဖော်ထုတ်ခဲ့သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့ Justice For Myanamr (JFM) ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ဆိုသည်။ 

“အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့ အထူးကိုယ်စားလှယ်အဖြစ် သူမအပေါ် ယုံကြည်မှု မရှိပါ။ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့ပြီး၊ ဘိရှော့၏ နိုင်ငံတွင်း ပညာရေးဆိုင်ရာရာထူးတာဝန်ရှိပြဿနာများသည် ဂူတာရက်စ်အတွက် “သတိပေးခေါင်းလောင်းသံ” ဖြစ်သင့်ကြောင်း၊ အရေးယူဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်ခြင်းသည် မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအကျိုး ဆောင်လုပ်ငန်းအပေါ် ဘိရှော့ကြောင့် ထိခိုက်စေခဲ့သည့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာပျက်စီးမှုများကို ကြာရှည်ဆိုးရွားစေမည်သာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘိရှော့ကမူ  သူ၏ အလုပ်ရာထူးနှင့်အကျိုးစီးပွားဆက်နွှယ်မှုတို့တွင် အမှားအယွင်း ရှိမနေဟု ဆိုသည်။ သြစတေးလျ သတ္ထုတူးဖော်ရေးကုမ္ပဏီ Mineral Resources (MinRes) တွင် အကြံပေးအဖြစ် ဆောင်ရွက်မှုကို ANU သို့ အသိပေးရန် ပျက်ကွက်ခြင်း၊ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း မိန့်ခွန်းရေးသားခြင်းဝန်ဆောင်မှုအတွက် ယခင်ဝန်ထမ်းအကြီးအကဲကို ခန့်အပ်ရန် တက္ကသိုလ်ရံပုံငွေ ဩစတြေးလျဒေါ်လာ ၃၅,၀၀၀  သုံးစွဲခွင့်ပြုခြင်းတို့အတွက်လည်း ဝေဖန်မှု များ ခံနေရသည်။ 

ဂျူလီဘိရှော့၏ ကိုယ်ပိုင်အကြံပေးကုမ္ပဏီ Julie Bishop and Partners က ANU ဝန်ထမ်းနှစ်ဦးကို ရှေ့ဆင့်နောက်ဆင့် အလုပ်ခန့်အပ်ခဲ့သည်ဟူသော စွပ်စွဲချက်များမှလည်း နောက်ထပ်မေးခွန်းထုတ်မှုများ ပေါ်ထွက်လာသည်။ 

လွှတ်တော်ပညာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် တိုနီရှဲဒန်က “မစ္စဘိရှော့က ANU ဘဏ္ဍာရေးပြဿနာတွေရဲ့ အကြောင်းရင်းမြစ်အဖြစ် တက္ကသိုလ်ဝန်ထမ်းတွေအပေါ် စွပ်စွဲပြောဆိုနေချိန်မှာ သူ့အနေနဲ့ တက္ကသိုလ်ရံပုံငွေတွေကို သူ့ရဲ့ နိုင်ငံရေးဘက်ဝန်ထမ်းတွေနဲ့ ကိုယ်ပိုင်ကုမ္ပဏီဝန်ထမ်းတွေအတွက် ဖောဖော သီသီ သုံးစွဲပစ်လိုက်ပုံရပါတယ်” ဟု ယင်းဆုံးဖြတ်ချက်များအပေါ် မေးခွန်းထုတ်ခဲ့သည်။

ဘိရှော့၏ တစ်နှစ်စာလစာခံစားခွင့် ဩစတြေးလျဒေါ်လာ ၇၅၀၀၀ ထက် နှစ်ဆပိုများသည့် ၂၀၂၄ ခုနှစ်အတွင်း သူ့၏ ခရီးစရိတ်သည်လည်း ANU ဝန်ထမ်းများနှင့် လေ့လာသူများ၏ ဒေါသကို အစဆွဲထုတ်ခဲ့သည်။ ဘဏ္ဍာငွေကို အကျိုးရှိရှိအသုံးပြုရန်ဟူသော အကြောင်းပြချက်ဖြင့် ဝန်ထမ်းများနှင့် သင်ရိုးများ လျော့ချပယ်ဖျက်လိုက်သည့်အချိန်တွင် ယင်းခရီးစရိတ်သည် တက္ကသိုလ်ဘဏ္ဍာငွေကို အဟောသိကံ ဖြန်းတီးမှုအဖြစ် ရှုမြင်စေခဲ့သည်။

ယင်းအရာအားလုံးသည် ဘိရှော့အပေါ်တွင်သာမက ယင်းလူပုဂ္ဂိုလ်များ၏ လုပ်ဆောင်များအတွက် တာဝန်ရှိသူတို့ကိုပါ ပိုမိုစိတ်ပျက်စေခဲ့သည်။

၂၀၂၅ ခုနှစ်ထဲမှာ ဩစတြေးလျတက္ကသိုလ်အကြီးအကဲ ဆိုတဲ့ ခင်ဗျားရဲ့အလုပ် ဘာကြောင့် ပြုတ်သွားနိုင်သလဲ။  ANU မကောင်းသတင်းတွေက Telstra တာဝါတိုင်ကြီးထက် မြင့်အောင် စုပုံနေပြီဖြစ်ပေမဲ့  တက္ကသိုလ်ကောင်စီက ဒီဆိုးရွားတဲ့ စီမံမှုအလွဲအမှားတွေအတွက် တာဝန်ယူဖို့ ပျက်ကွက်ထားတဲ့ ခေါင်းဆောင်တွေကို ဆက်လက်ထောက်ခံနေဆဲဖြစ်ပါတယ်” ဟု NTEU သမဂ္ဂ၏ နိုင်ငံအဆင့် ဥက္ကဋ္ဌ ဒေါက်တာအလစ်ဆင်ဘားနက်စ်က မှတ်ချက်ပေးသည်။ 

“ဒီကိစ္စက လက်ရှိနိုင်ငံတဝန်း ကျွန်တော်တို့ တွေ့မြင်နေရတဲ့  စီမံအုပ်ချုပ်မှုဆိုင်ရာအကျပ်အတည်းကြီးရဲ့ သင်္ကေတဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရတက္ကသိုလ်တွေရဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခတွေ၊ ယဉ်ကျေးမှုဆိုင်ရာယိုယွင်းပျက်စီးမှုတွေကို ရပ်တန့်ဖို့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်”

မြန်မာနိုင်ငံတွင် အရင်းအနှီးသည် ပို၍ပင် ကြီးပါသည်။ လေးနှစ်ကျော်ကြာ ပြည်တွင်းစစ်က ဖြိုဖျက်ခံထားရသည့် နိုင်ငံတစ်ခုအနေဖြင့် ၎င်းတို့၏ဒုက္ခဝေဒနာများကို အဆုံးသတ်ပေးရန် နိုင်ငံတကာအသိုင်းအဝန်း၏ အကူအညီများ အသည်းအသန် လိုအပ်နေသည်။ 

အပြင်ကမ္ဘာ့အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရယူချင်သည်မှန်သော်လည်း တစ်စုံတစ်ဦးတည်းအပေါ်၊ အထူးသဖြင့် ဘက်မလိုက်မှုရပ်တည်ချက်တွင် မေးခွန်းထုတ်ဖွယ်ရှိသူများအပေါ်  ယုံကြည်မှု ပုံအပ်လိုက်ရန်မှာ မဖြစ်နိုင်ပေ။

ANU ဝန်ထမ်းများသည် ၎င်းတို့၏ အယုံအကြည်မရှိ မဲပေးမှုအပေါ် တုန့်ပြန်လာမှုကို စောင့်မျှော်နေကြစဉ် မြန်မာပြည်သူများသည်လည်း ဘိရှော့နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်ချက်များကို အလေးအနက်ထားခွင့် ရှိပေသည်။ ကုလသမဂ္ဂ၏ အခန်းကဏ္ဍများအပေါ် ယုံကြည်မှု ပြန်လည်ရရှိစေရန် အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်အနေဖြင့် ဘိရှော့သည် မိမိ၏ အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် လိုအပ်သော ကတိကဝတ်နှင့် ဖြောင့်မတ်တည်ကြည်မှုများ အမှန်တကယ်ရှိမရှိကို ပြန်လည်စဉ်းစားသင့်ပါသည်။

Related Articles

Back to top button