စစ်အာဏာသိမ်းစစ်မှုကို ဆန့်ကျင်သော မြန်မာပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ဦးက လက်မှတ်ရေးထိုး အဆိုပြုလိုက်သည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်သည့်လှုပ်ရှားမှုဖြစ်သော CDM လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အဓိကကျကြောင်းနှင့် CDM လှုပ်ရှားမှု အောင်မြင်မှုရရှိပါက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်တပ်အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်း အဆိုပြုလွှာ၌ ထည့်သွင်းရေးသားသည်။
“သန်းပေါင်းများစွာသော ပြည်သူတွေဟာ CDM ရဲ့အစိတ်အပိုင်းအဖြစ် ကိုယ်စားပြုပါဝင်နေကြပြီး ဒီအဆိုပြုမှုဟာ ဒီမိုကရေစီနိုင်ငံမှာ ငြိမ်းချမ်းစွာနေထိုင်ဖို့ သူတို့အခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို ကျေးဇူးတင်ဂုဏ်ပြုတာ ဖြစ်ပါတယ်” ဟု အဆိုပြုလွှာက ဆိုသည်။
CDM ဆန္ဒပြမှုသည် အထွေထွေသပိတ်များ၊ ရှောင်ကြဉ်သပိတ်မှောက်ခြင်းများ၊ လမ်းမပေါ် ငြိမ်းချမ်းစွာစုဝေးခြင်းများ၊ သံပုံးတီးခြင်းများအပါအဝင် ပုံစံမျိုးစုံသော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို လူမှုကွန်ရက်မှဖြစ်စေ၊ အချင်းချင်းဖြန့်ဝေခြင်းဖြစ်စေ စတင်စုစည်းခဲ့ကြခြင်းဖြစ်သည်။
စတင်ကတည်းက CDM သည်ပြည်သူလူထုအကြား ကြီးမားပြီးညီညွတ်ထင်ရှားသည့် ထောက်ခံမှုရရှိခဲ့ကာ CDM ထောက်ခံသူများသည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သေဆုံးခြင်းအန္တရာယ်များရှိသည့်တိုင် လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခြင်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် အကြမ်းမဖက်ဘဲ ကြံ့ကြံ့ခံခြင်းဖြင့် ၎င်းတို့၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်း အဆိုပြုလွှာ၌ ရေးသားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်၌ အများစုအနိုင်ရခဲ့ပြီး နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ၏ လေ့လာမှုအရ ယင်းရွေးကောက်ပွဲသည် ကြီးမားသည့်မှားယွင်းမှု မရှိကြောင်းနှင့် ပြည်တွင်းနှင့် နိုင်ငံတကာအသိအမှတ်ပြုသည့် ရလဒ်အပေါ် တပ်မတော်က မဲမသမာမှုများရှိသည်ဆိုကာ စိန်ခေါ်ခဲ့ကြောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုအဆိုပြုလွှာ တင်သွင်းခဲ့သည့် ပါမောက္ခခြောက်ဦးက သုံးသပ်သည်။
စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူကာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အနိုင်ရပါတီနှင့် အစိုးရအဖွဲ့မှ အဓိကပုဂ္ဂိုလ်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း၌ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အာဏာရှင်အစိုးရများကို ဆန့်ကျင်ရာတွင် ပြည်သူ့အာဏာဖီဆန်ရေး၏ ရှည်လျားသည့်သမိုင်းကြောင်း ရှိနှင့်ပြီးဖြစ်ကာ ဒေါက်တာမာတင်လူသာကင်း၊ ဒလိုင်းလားမားအပါအဝင် နိုဘယ်ငြိမ်းချမ်းရေးဆုအင်စတီကျု၏ အသိအမှတ်ပြု ရွေးချယ်ခံခေါင်းဆောင်အများအပြားက ကနဦး စတင်လှုပ်ရှားသူများဖြစ်သည်။
မြန်မာနိုင်ငံရှိ CDM သည်လည်း ယင်းသမိုင်းကြောင်းအတိုင်း တူညီသည့်လုပ်ဆောင်မှုဖြစ်ပြီး အာဏာရှင်အစိုးရကို ဆန့်ကျင်ရန် ပြည်သူ့အာဏာဖီဆန်ရေးနှင့် ငြိမ်းချမ်းသောဆန္ဒပြမှု နည်းလမ်းများကို အသုံးပြုကာ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ပါမောက္ခ ၆ ဦးက အဆိုပြုလွှာ၌ ထည့်သွင်းရေးသားသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ ရုန်းကန်လှုပ်ရှားမှုဖြင့် ၁၉၉၁ တွင် ရရှိခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးနှင့် တစ်ဦးတည်းသော နိုဘယ်ဆုရှင်ဖြစ်သည်။