
ရခိုင်ပြည်နယ် မြို့ရွာများတွင် မြေမြှုပ်မိုင်း နင်းမိ၍ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပေါ်နေသဖြင့် ဒေသခံများက အာရက္ခတပ်တော်(AA) ကို မိုင်းရှင်းလင်းရေးလုပ်ငန်း ထိထိရောက်ရောက် လုပ်ဆောင်ပေးရန် လိုလားနေကြသည်။
စစ်ကောင်စီတပ်က စစ်စခန်းများ၊ တောတောင်များတွင် မိုင်းများထောင်ထားရာ ဒေသခံတို့ ဟင်းရှာ၊ ထင်းခုတ် သွားရောက်စဉ် မိုင်းထိကြသဖြင့် ထိခိုက်သေဆုံးမှုရှိသည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
“လူတွေက စားဝတ်နေရေးအတွက် တောတောင်တွေကို သွားကြတယ်၊ ဟင်းရှာဖို့၊ ထင်းခုတ်ဖို့ပေါ့။ တချို့လည်း ကျွဲ၊ နွားကျောင်းဖို့ သွားကြတယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲနင်းမိပြီး ပေါက်ကွဲတယ်။ AA အနေနဲ့ မိုင်းရှင်းလင်းရေးတို့ကို ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဟင်းစားရှာသွားစဉ် မိုင်းထိသူအရေအတွက် ၃ ဦး အနည်းဆုံးရှိသည်ဟု သိရသည်။
ဧပြီ ၃ ရက်နေ့က ဂွမြို့နယ်၊ ကျိန္တလီမြို့မှ အသက် ၃၀ အရွယ် ဦးထွန်းလှ၊ မတ်လ ၃၀ ရက်နေ့က ဂွမြို့နယ်၊ ဆားချက်ရွာမှ ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်တို့မှာ ခြေတစ်ဘက်ပြတ်သွားကြသူများ ဖြစ်သည်။ မတ် ၃၁ ရက်နေ့က တောင်ကုတ်ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားခဲ့သည်။
ဒေသခံအများအပြားမှာ စားဝတ်နေရေးအတွက် တောကို မှီခိုနေရသည်ဟု ရခိုင်ပြည်နယ်အတွင်း မိုင်းထိသူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“အဓိက စားဝတ်နေရေးအတွက် ဆင်းရဲတဲ့သူတွေက တောတောင်တွေကို ဟင်းရှာ၊ ထင်းခုတ်ဖို့ သွားကြတယ်။ သူတို့ မိုင်းထိတယ် ဆိုတော့ သူတို့က နဂိုကတည်းက ဆင်းရဲတော့ ဆေးကုသဖို့ ပိုက်ဆံလည်း မရှိဘူး။ သိပ်အခက်အခဲဖြစ်ကြတယ်။ လိုအပ်ချက်တွေ သိပ်ရှိတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးများ လည်ပတ်နိုင် ရန် လုပ်ဆောင်နေသည်။
ထိန်းချုပ်နယ်မြေအများစုတွင် ပြည်သူများအန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းရေးလုပ်သလို မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်အသိပညာပေးဟောပြောပွဲများကိုလည်း လုပ်ဆောင်နေ သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

မိုင်းရှင်းလင်းရေးစက်ကိရိယာများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့ အဓိက စိန်ခေါ်မှုအခက်အခဲတွေကတော့ မိုင်းရှင်းလင်းရေးအတွက် လိုအပ်တဲ့စက်ကိရိယာတွေ အလုံအလောက်မရှိတာတွေဖြစ်ပါတယ်။ ဒါကြောင့် မိုင်းရှင်းလင်းရေး အထောက်အကူပြုပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးနိုင်ရင်တော့ ဒီမိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကို စိတ်ဓါတ်ရေးရာပြန်လည်ကုစားရေး ၊ သူတို့ဘဝ ပြန်လည် ထူထောင်ရေး၊ စားဝတ်နေရေးအတွက်ကိစ္စတွေအတွက်လည်း ကျွန်တော်တို့အနေနဲ့တော့ တတ်နိုင်သမျှ လုပ်ဆောင်ပေးနေတာရှိပါတယ်။ ဒါပေမဲ့ တခြားအကူအညီတွေလည်း အများကြီးပံ့ပိုးပေးဖို့အတွက် လိုအပ်နေတာတွေရှိပါတယ်”
ရခိုင်ပြည်နယ်တွင် AA ထိုးစစ် စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ဒဏ်ရာရရသူ ၁၆၅ ဦး ရှိကြောင်း AA ၏ အချက်အလက်များအရ သိရသည်။
ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်တို့ကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားပြီး စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့အနီး စစ်ရေးတင်းမာနေသည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသော မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း AA က စစ်မျက်နှာဖွင့်ထားပြီး မကြာသေးခင်က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီနှင့် AA တို့ ငလျင်ကြောင့် လတ်တလော ယာယီအပစ်ရပ်ကြောင်း အသီးသီး ကြေညာထားကြသော်လည်း ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်လုံးက တိုက်ခိုက်ခံရမှုများ ရှိနေကြောင်း ထုတ်ပြန်ထားကြသည်။