သတင်း

အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီတပ်က ရခိုင်တွင် ဗုံးကြဲမပျက် 

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အများပြည်သူများဒုက္ခရောက်နေချိန် စစ်ကောင်စီတပ်သည် အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်ကာ ရခိုင်ဒေသတွင်လည်း ဗုံးကြဲတိုက်ခိုက်နေသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၄) လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ 

နံနက် ၁၁ နာရီခန့်က စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများက စစ်တွေမြို့နယ်၊ မင်းလှရွာကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်၊ ဗုံးကြဲသဖြင့် နေအိမ်တချို့မီးလောင်သလို ယမန်နေ့ကလည်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ အိမ်ခြေ ၅ ဆောင် မီးလောင်သွားသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“မနေ့က မင်းလှ၊ ဝါဘိုဘက်ကို ဒရုန်းနဲ့အကြိမ် ၁၀ နီးပါးလာချတယ် ။ ဒရော့ဗုံးအလုံးအရေအတွက်နဲ့ ဆိုရင် ၁၈ လုံးလောက်ဖြစ်မယ်။၁၂၀ မမအပါအဝင် လက်နက်ကြီးအလုံး ၄၀ လောက်ပစ်တယ်။ ဝါဘိုရွာမှ အိမ်ခြေ ၅ ဆောင်လောက် မီးလောင်တယ်။ မနေ့ကမနက် ၉ နာရီကပင် ၁၁ နာရီပတ်ဝန်း ကျင်အထိ ပစ်တာ။ ဒီနေ့လည်း ၁၁ နာရီပတ်ဝန်းကျင်လောက်ပင် ၂ နာရီလောက်ပတ်ဝန်းကျင်အထိ ဒရုန်းနဲ့ ဒရော့ဗုံးလာချတာရှိတယ်။ မင်းလှရွာဘက်ကို။ မော်တာနဲ့လည်းပစ်လို့ရှိတယ်”ဟု ၎င်းက ဆိုသည်။ 

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က ကျေးရွာများကို စစ်ရေယာဥ်(နေဗီ)က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်လေယာဥ်ပေါ်မှ ဗုံးကြဲခြင်းများရှိကြောင်း သိရသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာအနီးနှင့်အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ‌ဒေသခံတစ်ဦး က ပြောသည်။

“ဒီနေ့ ဗုံးအကြီးကြီးတစ်လုံးချလိုက်တာ ထမင်းစားရင်း ထမင်းလုပ်ထွက်ကျခါနီးလို့။ မနေ့ကတည်းက အပေါ်ရော၊အောက်ရော..လေယာဥ်ရော၊ လက်နက်ကြီးရောပစ်နေကြတာပါ။ ဒီနေ့က ခုနလေးတင် ရပ်သွားပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်အခြေစိုက် နိရဥ္စရာသတင်းတစ်ပုဒ်တွင် ဂုံးချွိန်တိုက်နယ်၊ ပြင်ရှည်နှင့်ပြိုင်းစေ့ကေရွာအနီးအနားကို ယနေ့နံနက်က စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထား သည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် လူပေါင်း ထောင်နှင့်ချီသေဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ပြီး ပြည်သူများအခက်အခဲဖြစ်နေ သည်၊အရေးပေါ် ချက်ချင်းလိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဧပြီ တစ်လလုံးအပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည်။ 

အလားတူ စစ်ကောင်စီဘက်ကလည်း ဧပြီ ၂ မှ ၂၂ အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာ သည်။ 

စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း အလားတူရက်များ တွင် အပစ်ရပ်ကြောင်း ကြေညာထားသည်။

စစ်ကောင်စီက ငြိမ်းချမ်းစွာအဖြေရှာရန် ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် အဖြေရှာရန် ပြောဆိုနေ ခြင်းမှာလည်း လူမြင်ကောင်းအောင်ပြောနေခြင်းဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

“ULA/AA ရဲ့ထိန်းချုပ်မှုအောက်မှာနေထိုင်ကြတဲ့ ပြည်သူတွေကိုအမြဲတမ်း စိုးရိမ်ပူပင်နေအောင် ဒုက္ခ ပေးဖို့ ရည်ရွယ်တာ ဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ဆွေးနွေးမှုမျိုးနဲ့အဖြေရှာလိုတာမရှိ ။ သူတို့ လိုချင်တာကို တစ်ဖက်သတ်ကြိုတင် သတ်မှတ်ချက်၊ တောင်းဆိုချက်တွေနဲ့အရှုံးကို အဖတ်ဆယ်ဖို့ကြိုးစားနေတာ ဖြစ်တယ်။အဲလို စိတ်သဘောထား မျိုးကြောင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို မရောက်လာဘဲ စစ်ရေးနဲ့ အဆုံးအဖြတ်ပေးသွားမှာကို ဦးတည်သွားဖို့ အခင်းအကျင်းအခြေအနေလို့မြင်တယ် ”ဟု ၎င်းက ဆိုသည်။ 

AA သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကပင် မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော ၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကိုသိမ်းပိုက်ထားပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို လည်း သိမ်းထားသည်။ 

AA သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မြို့များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိ ပြီး မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတို့မှ စစ်ကောင်စီ၏တပ်စခန်းများသည် AA ၏ စစ်ရေးပစ်မှတ် ဖြစ်လာနေသည်။

အင်အားပြင်းငလျင်ကြောင့် ဧပြီ ၄ ရက်နေ့ နံနက် ၈ နာရီအထိ စစ်ကောင်စီစာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရသူ ၄၅၀၀ ကျော်၊ ပျောက်ဆုံးသူ ၂၀၀ ကျော် ရှိလာသည်။ သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်ဖွယ် ရှိနေသည်။

ငလျင်လှုပ်သည့်နေ့မှ ယမန်နေ့အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် သေဆုံးသူ ၃ ဒါဇင်ထက်မနည်း ရှိနေပြီဖြစ်သည်။

ရခိုင်သာမက ကချင်၊ စစ်ကိုင်း၊ ရှမ်းမြောက်တို့တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု စုံစမ်းသိရသည်။ 

Related Articles

Back to top button