သတင်း

တရုတ်ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်မခံရမီ ထိုယာဉ်များ မည်သည့်နေရာတွင် ရောက်နေသည်ကို စစ်ကောင်စီကြိုသိ

Myanmar Now က ရရှိထားသော တရုတ်နိုင်ငံ ကူမင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်မှ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးထံ လိပ်မူထားသည့် အကြောင်းကြားစာတွင် တရုတ်ကြက်ခြေနီယာဉ်များ လားရှိုးမြို့သို့ ရောက်နေကြောင်း မန္တလေးသို့ ဆက်သွားနိုင်ရန် ကူညီပေးစေလိုကြောင်း ပါရှိသည်။

တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်အကြောင်းကို  ယာဉ်တန်းတိုက်ခိုက်ခံရခြင်းမတိုင်မီကပင်မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စစ်ကောင်စီအရာရှိများ သိရှိထားပြီးဖြစ်သည်။

တရုတ်ကြက်ခြေနီ ကယ်ဆယ်ရေးဝန်ထမ်းများကို စစ်ကောင်စီတပ်က ပစ်ခတ်မှုမုလုပ်မီ နာရီပိုင်းအလိုတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြန်မာကောင်စစ်ဝန်ချုပ်က မန္တလေးသို့ ကယ်ဆယ်ရေးအကူအညီပေးပို့မှု လက်ခံ၊မခံကို   နေပြည်တော်ထံ ညွှန်ကြားချက်  တောင်းခံခဲ့သည်။  

တရုတ်ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံသို့ အကူအညီပေးပို့ရန် ယင်းတို့၏အစီအစဉ်များကို နေပြည်တော်သို့ ကြိုတင်အကြောင်းကြားခဲ့သည်ကို Myanmar Now က သီးသန့်ရရှိသော အသိပေးစာတွင် တွေ့ရသည်။ 

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုတ် ကယ်ဆယ်ရေးယာဉ်တန်းကို မဟန့်တာ၊ မပစ်ခတ်မီ စစ်ကောင်စီက ခွင့်ပြုခဲ့ခြင်း ရှိ၊မရှိကို မသိရပေ။

Myanmar Now ကရရှိခဲ့သည့် ဧပြီလ ၁ ရက် ရက်စွဲပါ အကြောင်းကြားစာတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ စစ်ကောင်စီ၏ ကောင်စစ်ဝန်ချုပ် သွင်ထက်လင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးထံ လိပ်မူထားသည်။

ယင်းစာကို နေပြည်တော်နှင့် မန္တလေးရှိ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့များနှင့် ပေကျင်းရှိ မြန်မာသံရုံးသို့လည်း မိတ္တူပေးပို့ထားကြောင်း တွေ့ရသည်။

ဧပြီလ ၁ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်တွင် တရုတ်ကြက်ခြေနီယာဉ်တန်းက စစ်ဆေးရေးဂိတ်တွင် ရပ်မပေးသောကြောင့်စစ်ကောင်စီတပ်ဖွဲ့များက သေနတ်မိုးပေါ်ထောင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကူအညီပေးပို့သည့် ဝန်ထမ်းများသည် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ကောင်စစ်ဝန်ချုပ် သွင်ထက်လင်း၏စာတွင် တရုတ်ကြက်ခြေနီ ကိုယ်စားလှယ်များသည် မတ်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်မြို့မှ မြန်မာနိုင်ငံသို့ မလာမီ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အရာရှိများနှင့် ညှိနှိုင်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် စစ်ကောင်စီအရာရှိများထံ  တိုက်ရိုက်ဆက်သွယ်မှု မလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမှ မြန်မာနိုင်ငံသို့ ကုန်းလမ်းမှတဆင့် ဝင်ရောက်လာသည့် တရုတ်ကြက်ခြေနီအသင်း၏ အကူအညီပေးရေးယာဉ်ကိုတွေ့ရစဉ်။

ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာအစိုးရနှင့်  အမှီအခိုကင်းသည့် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သော်လည်း  ယခုငလျင်ကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အပါအဝင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။

ထိုအခြေအနေကြောင့် တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် ၎င်းတို့အဖွဲ့အစည်းအောက်ရှိ   ယူနန်ပြည်နယ်အခြေစိုက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ခိုင်ဝမ်နန်မှတဆင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ထံ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။

တရုတ်ကြက်ခြေနီ ကယ်ဆယ်ရေးအဖွဲ့၏ အကူအညီပေးရေးပစ္စည်းများ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့သို့ ရောက်ရှိနေချိန်တွင် ၎င်းတို့သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း နေပြည်တော်သို့ပေးပို့သည့် စာတွင် ကောင်စစ်ဝန်ချုပ် သွင်ထက်လင်းက  ရှင်းလင်းထားသည်။

ခိုင်ဝမ်နန်က ယာဉ်တန်း၏အခြေအနေနှင့်ပတ်သက်၍ မြန်မာကောင်စစ်ဝန်အရာရှိများကို အသိပေးခဲ့ကြောင်း  သွင်ထက်လင်း၏စာတွင် ဖော်ပြထားသည်။ ပေးပို့သည့် အချက်အလက်များတွင် ယာဉ်မောင်းများ၏ အမည်များနှင့် ယာဉ်များ၏လိုင်စင်နံပါတ်များ အပါအဝင် ယာဉ်တန်းတွင်ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ၊ တင်ဆောင်လာသည့်အကူအညီပစ္စည်းများစာရင်းကိုလည်း အသေးစိတ်ဖော်ပြထားသည်။

ပေးပို့ကူညီသည့်ပစ္စည်းများ မန္တလေးရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ဘေးကင်းစွာပို့နိုင်ရန် မြန်မာအရာရှိများမှကူညီပေးရန်လည်း ခိုင်ဝမ်နန်က တောင်းဆိုခဲ့သည်။

တရုတ်ကြက်ခြေနီအဖွဲ့ဝင်များ စစ်ကောင်စီ၏ ကြိုတင်ခွင့်ပြုချက်မပါဘဲ လားရှိုးမြို့သို့ ရောက်ရှိလာကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်က နေပြည်တော်ရှိ အစိုးရအရာရှိများထံ အစီရင်ခံခဲ့သလို ခိုင်ဝမ်နန်၏ အကူအညီတောင်းမှုကိုမည်သို့တုံ့ပြန်ရမည်ကိုလည်း ကယ်ဆယ်ရေးယာဉ်တန်းပစ်ခတ်မခံရမီ နာရီပိုင်းအလိုတွင် ညွှန်ကြားချက်များ တောင်းခံခဲ့ကြောင်း စာတွင်ဖော်ပြသည်။

မြန်မာစစ်တပ်က တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့သည့် တည်နေရာပြမြေပုံ

တရုတ်ကြက်ခြေနီအဖွဲ့များသည် မြန်မာစစ်တပ်နှင့် တအာင်းတပ် TNLA တို့အကြား လပေါင်းများစွာ တိုက်ပွဲဖြစ်ပွားနေခဲ့သော နယ်မြေကိုဖြတ်၍ လားရှိုးမြို့မှ မန္တလေးသို့ မည်သို့မည်ပုံ ခရီးဆက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ငလျင်ဒဏ်ခံစားရသူများအတွက် တရုတ်ကြက်ခြေနီအသင်းမှ ပေးပို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြစ်ကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်များကို ထင်ရှားစွာပြသထားသော ယာဉ်တန်းကို အင်္ဂါနေ့ ည ၉ နာရီခန့်က မန္တလေးအရှေ့မြောက်ဘက်မိုင် ၄၀ ခန့်အကွာရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ထိုပစ်ခတ်မှုများကြောင့် အဆိုပါယာဉ်တန်းသည် အနီးရှိ TNLA ထိန်းချုပ်ထားသော  နယ်မြေအတွင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ 

ထိုကူညီကယ်ဆယ်ရေးအဖွဲ့အပေါ် ယခုကဲ့သို့  တိုက်ခိုက်ခြင်းသည် မြန်မာစစ်အာဏာရှင်၏ ဆက်သွယ်ဆောင်ရွက်မှုအမှားအယွင်းများနှင့် တရားဝင်ခွင့်ပြုချက်ပေးရာတွင် နှောင့်နှေးမှုများကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် နေပြည်တော်ရှိဝန်ကြီးဌာနရုံးများနှင့် အစိုးရဝန်ထမ်းများ၏ နေအိမ်များပျက်စီးရာမှ လုပ်ငန်းစဉ်များ ရှုပ်ထွေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

တရုတ်ကြက်ခြေနီအဖွဲ့ဝင်အချို့ပါဝင်သည့် ယာဉ်တန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမှတဆင့်မြန်မာနိုင်ငံသို့ ကုန်းလမ်းမှ ဝင်ရောက်လာစဉ်။

Myanmar Now သည် အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများထံ စုံစမ်းမေးမြန်းခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်အထိ မည်သည့်ဆက်သွယ်မှုကိုမှ ပြန်မရသေးပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးခွန်းများကို ဖြေကြားရာ၌  တရုတ်ကြက်ခြေနီ ကယ်ဆယ်ရေးဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်းနှင့် ငလျင်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်း တရုတ်ကဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျိုင်ကွန်းက တရုတ်ကြက်ခြေနီအသင်းမှ ပံ့ပိုးပေးသောကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မန္တလေးရှိ ငလျင်ဒဏ်ခံရသောဒေသများသို့ ပို့ဆောင်ပေးနေသည်ဟုဆိုသည်။ “ကယ်ဆယ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေးပစ္စည်းများ လက်ရှိတွင် ဘေးကင်းသည်” ဟုလည်း ဂေါင်ကျိုင်ကွန်းက ပြောသည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တရုတ်နှင့် အခြားနိုင်ငံများမှ ကယ်ဆယ်ရေးသမားများနှင့် ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန်၊ ထောက်ပံ့ ပို့ဆောင်ရေးလမ်းကြောင်းများ အပြည့်အဝ အသုံးပြုနိုင်ရန်လည်း ဂေါင်ကျိုင်ကွန်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ ငလျင်ဒဏ်ခံရသော ဒေသများသို့ ကယ်ဆယ်ရေးနှင့် အကူအညီများပေးရန် အဆင်သင့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ငလျင်ကြောင့် မီးလောင် ပျက်စီးခဲ့သည့်  မန္တလေးမြို့တွင်းရှိ ရပ်ကွက်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

ငလျင်ဒဏ်မှ ပြန်လည်ထူထောင်ရေးကို ကူညီရန် ဧပြီလ ၂၂ ရက်နေ့အထိ အာဏာသက်ရောက်သည့် ယာယီအပစ်အခတ်ရပ်စဲရေးကို အင်္ဂါနေ့ညတွင် စစ်ကောင်စီက တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ကြေညာခဲ့ပုံရသည်။

ယင်းဆုံးဖြတ်ချက်သည် ယခုအပတ်အစောပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ 

ငလျင်ကယ်ဆယ်ရေး ပိုမိုထိရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို စစ်ကောင်စီက ပြတ်ပြတ်သားသား ငြင်းပယ်ကာ   စစ်ဆင်ရေးများကို ဆက်လုပ်မည်ဟု မကြာသေးမီကကြေညာခဲ့သည်။  

တော်လှန်ရေးအဖွဲ့များသည် နောင်တွင် ဆက်လုပ်မည့် တိုက်ပွဲများအတွက် အင်အားပြန်လည်စုစည်းပြီး လေ့ကျင့်မှုများလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း  အာဏာသိမ်း စစ်ခေါင်းဆောင်က စွပ်စွဲခဲ့သည်။ 

 “လက်ရှိ တိုက်ပွဲများ၌ တက်ကြွစွာ ပါဝင်ခြင်းမရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ရှိသော်လည်း ၎င်းတို့သည် တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရန် စုစည်း လေ့ကျင့်နေကြသည်” ဟု ဧပြီ ၁ ရက်တွင် ပြောသည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်များ၏ လှုပ်ရှားမှုများသည် ရန်လိုမှုတစ်မျိုးဖြစ်သည်ဟုဆိုကာ စစ်တပ်ကလည်း လိုအပ်သည့်စစ်ဆင်ရေးများ ဆက်လုပ်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

Related Articles

Back to top button