သတင်း

သင်္ကြန်ပွဲအစီအစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်း

ငလျင်ဒဏ်သင့်ပြည်သူများကို စာနာသောအားဖြင့် လွတ်မြောက်နယ်မြေများတွင် သင်္ကြန်ပွဲအခမ်းအနားများ ပြုလုပ်တော့မည်မဟုတ်ကြောင်း MNDAA, NDAA, TNLA တို့က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်ထားကြသော်လည်း  သေကြေပျက်စီးမှု များပြားသည့် ငလျင်ကြောင့်  နိုင်ငံအနှံ့ ခက်ခဲနေကြသဖြင့် အစီအစဉ် ပြောင်းလဲလိုက်ကြသည်။ 

ကိုးကန့်တပ် MNDAA က ပွဲတော်ဖျက်သိမ်းကြောင်း ဦးစွာကြေညာခဲ့သည်။   ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုကို စာနာသဖြင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ဦးမည် မဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ နောက် ၂ ရက်အကြာတွင် ၎င်း၏ မဟာမိတ် NDAA တပ်ဖွဲ့ကလည်း အလားတူ သတင်းထုတ်ပြန်သည်။

“သဘာဝဘေးအန္တရာယ်ရှေ့မှောက်တွင် မိမိတို့ အားလုံးသည် စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ဖေးမကူညီကာ၊ ဘေးဒဏ်သင့်ပြည်သူများနှင့်အတူ အခက်အခဲများကို အတူတကွ ကျော်ဖြတ်နိုင်ကြရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌သာ အာရုံစိုက်ထားလိုပါသည်” ဟု NDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 ဧပြီ ၁ ရက်နေ့တွင် တအာန်းတပ် TNLA ကလည်း ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင်   သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုတော့ကြောင်း ထုတ်ပြန်ကြေညာသည်ဟု ရွှေဖီမြေ သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

ရန်ကုန်မြို့ ထိုင်းသံရုံးတွင် ကျင်းပရန် စီစဉ်ထားသည့်  သင်္ကြန်ပွဲကို ဖျက်သိမ်းသည်ဟု သံရုံးက မတ်လ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဧပြီလလယ်တွင် ရက်ရှည်ပြုလုပ်ရန် ပြင်ဆင်ထားကြသည့် သင်္ကြန်ပွဲတော်ဖျက်သိမ်းကြောင်း ထုတ်ပြန်ချက်များတွင်  တူညီသည့်အချက်မှာ ငလျင်ဒဏ်သင့်ပြည်သူများကို စာနာမှုဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ ပြင်းထန်သည့်ငလျင်ကြောင့်   လူဦးရေတစ်သောင်းကျော်  သေဆုံးနိုင်ခြေရှိသည်ဟု အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က  နောက်တစ်နေ့တွင် ထုတ်ပြန်သည်။

အဆောက်အဦအပျက်အစီးများအောက်မှ အသက်ရှင်လျက်ရှိနေသူများကို ကယ်ထုတ်နိုင်သလို ရုပ်အလောင်းအများအပြားကိုလည်း ရှာဖွေတွေ့ရှိကြောင်း သတင်းများ နေ့စဉ်တက်နေပြီး စစ်ကောင်စီ နေ့စဉ် ထုတ်ပြန်သည့် ငလျင်ဘေးသေဆုံးသူ အရေအတွက်လည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေသည်။

ဤအခြေအနေတွင် စစ်ကောင်စီကလည်း  သင်္ကြန်ကို အပျော်အပါး အစီအစဉ် မပါဘဲ ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်သည်။ 

“တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို

အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ  ​အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်” ဟု ဧပြီ ၁ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ငလျင်ကြောင့်လူဦးရေရာနှင့်ချီသေဆုံးခဲ့သော နေပြည်တော်တွင်မူ စစ်ကောင်စီ ဦးစီးကျင်းပမည့် သင်္ကြန်ပွဲမဏ္ဍပ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်ရှိနေသည်ဟု အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက မတ်လ ၃၁ ရက်နေ့တွင် ပြောသည်။

“မနေ့ကထိ ညပိုင်း ခုနှစ်နာရီလောက်ထိ မီးထွန်းပြီးဆောက်နေတာ ၊ ငလျင်ကယ်ဆယ်ရေးကတော့ အဲလောက်မလုပ်ကြဘူး”ဟု သူက ဆိုသည်။

နေပြည်တော် ပျဉ်းမနား တောင်ညိုလမ်းမကြီးပေါ်တွင် နေပြည်တော်ကောင်စီ မြို့တော်ဝန်မဏ္ဍပ် အပါအဝင် မဏ္ဍပ် ၄ ခုခန့် ဆောက်လုပ်နေသည်။ ယခင်နှစ်ကထက်  မဏ္ဍပ်အရေအတွက်နည်းပါးသည်။

မြို့တော်ဝန် မဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ  နေပြည်တော်ကောင်စီ မုခ်ဦးသည်လည်း ငလျင်ဒဏ်ကြောင့်ဆိုးရွားစွာ ကြေမွပျက်စီးနေသည်ကိုလည်းတွေ့မြင်ရကြောင်း ဒေသခံများကပြောသည်။

ငလျင်ကြောင့် နေပြည်တော် ထိခိုက်သေဆုံးမှုအခြေအနေကို ရုပ်အလောင်း သင်္ဂြိုဟ်သည့်နေရာတွင် တွေ့နိုင်မည် ဖြစ်သည်။

ငလျင် အစပြုသည့် မတ် ၂၈ရက်နေ့တွင် ရုပ်အလောင်း ရာဂဏန်း သင်္ဂြိုဟ်ခဲ့ရပြီး နောက်ရက်များတွင် ရုပ်အလောင်း ၇၀၊ ၈၀ ခန့်   နေ့စဉ်သင်္ဂြိုဟ်ပေးနေရကြောင်း Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သည့် ကွေ့ကြီးသုသာန်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“စဖြစ်တဲ့နေ့က မနားရဘူး၊ ခုနောက်ပိုင်း ဆေးရုံကတစ်ဆင့်ပို့တော့နည်းသွားတာ”ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button