သတင်း

ငလျင်ကြောင့် စစ်ကောင်စီ ဆိုက်ဘာလုံခြုံရေးဌာနနှင့်ဒေတာစင်တာများ အကြီးစားပျက်စီး

ဆက်သွယ်ရေးကွန်ရက်ကို စောင့်ကြည့်ကာ အများပြည်သူ လုံခြုံရေးထိခိုက်စေမည့်ကိစ္စများ ဆောင်ရွက်နေသည့် ဝန်ကြီးဌာန အဆောက်အအုံတချို့ပျက်စီးသွားသည်၊ ပြန်လည်ပြုပြင်နေသည်ဟု စစ်ကောင်စီက ဆိုသည်။

မြေငလျင်ဒဏ်ကြောင့်  အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အအုံနှင့် e-Government ဒေတာစင်တာတို့ အကြီးစားထိခိုက်ပျက်စီးကြောင်း စစ်ကောင်စီ ပို့်ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်၍ ပြန်လည်ပတ်နိုင်ရန်စီစဉ်နေသည်၊ သတင်းအချက်လက်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုများ မကြာမီပြန်လည်ရရှိနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

ထို့ပြင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးရုံးရှိ e-Learning စင်တာနှစ်ခုလည်း ပျက်စီးသွားကြောင်း၊ ငလျင်ဒဏ်ခံဒေသများရှိ ဆက်သွယ်ရေးစခန်း ၂၆,၂၇၇ ခုအနက် ၆,၇၃၀ ကျော် ချွတ်ယွင်းပျက်စီးသွားပြီး ထက်ဝက်ခန့် ပြန်လည်ပြုပြင်နိုင်ပြီဖြစ်ကြောင်းလည်း ပါရှိသည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊  ဇမ္ဗူကျက်သရေလမ်းတွင် တည်ရှိသည်။ 

ပျက်စီးမှုအသေးစိတ် မသိရသော်လည်း စစ်ကောင်စီ၏ အင်တာနက်လွတ်လပ်ခွင့်ကန့်သတ်ပိတ်ပင်မှု၊ ဆက်သွယ်ရေးကွန်ရက် စောင့်ကြည့်၍ ပြည်သူလူထုကို ဖမ်းဆီးနှိပ်ကွပ်မှုများ လျော့ကျသွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။ 

“သူတို့က ၂၄ နာရီ သိတဲ့အတိုင်းပဲ။ အဲ့ဒီအတွက်ကို ဝန်ထမ်း‌တွေအများကြီးသုံးပြီးတော့ ပြည်သူတွေရဲ့ အင်တာနက်သုံးစွဲမှုပေါ့နော်၊  ဒီဟာတွေကို အမြဲစောင့်ကြည့်နေတယ်။ ပြီးရင်  သူတို့ရဲ့လော်ဘီချန်နယ် ဟန်ငြိမ်းဦးတို့၊ ဘာတို့မှာတင်ပြီးတော့ သွားဖမ်းတာမျိုးပေါ့။ အဲ့လိုမျိုးတွေလုပ်နေတာ တော်တော်လေး ရပ်တန့်သွားတာမျိုး၊ လုပ်ငန်းပြန်မစနိုင်တာာမျိုး ရှိနိုင်တယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။ 

စစ်ကောင်စီက e-Government လုပ်ငန်းဟု ကြွေးကြော်သော်လည်း ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း၊ လည်ပတ်နေသည့်လုပ်ငန်းကိုလည်း ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ရန်အတွက်သာ အသုံးချနေကြောင်း သူက ဆိုသည်။ 

‌”သေချာတာတော့ စစ်တပ်ရဲ့ e-Government တင်မကဘူး၊ စီမံအုပ်ချုပ်မှုပိုင်းဟာကြီးတစ်ခုလုံးက တော်တော်လေးကို Crisis (အကြပ်အတည်း) ဖြစ်သွားတဲ့သဘောတော့ မြင်တွေ့ရပါတယ်” ဟု သူက ပြောသည်။ 

NUG စိုးမိုးနယ်မြေများအပါဝင် မြေငလျင်ဒဏ်ခံရသည့်နယ်မြေအများအပြားတွင် အင်တာနက်နှင့် ဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်သည်။

ငလျင်ကြောင့် စစ်ကောင်စီ၏ ဝန်ကြီးဌာန ဝက်ဆိုက်များ အွန်လိုင်းတွင် ပျောက်သွားသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီး၍   ဝန်ထမ်းများလည်း ကြုံသလို နေထိုင်နေကြရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြန်မာတွင် လူသုံးများသည့် Facebook နှင့် လွတ်လပ်သည့် သတင်းဌာနဝက်ဘ်ဆိုက်များ ကြည့်ရှုခွင့်ပိတ်ထားပြီး ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်ကွပ်နိုင်ရေးအတွက်  တယ်လီဖုန်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများမှတစ်ဆင့်  ကြားဖြတ်နားထောင်၊ ပုဂ္ဂိုလ်ရေး အချက်လက်များရယူခဲ့ကြောင်း ဒစ်ဂျစ်တယ်အရေးတက်ကြွလှုပ်ရှားသူများက ပြောကြသည်။ 

၂၀၂၄ ခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသတွင် အင်တာနက်ဖြတ်တောက်မှု စံချိန်တင်မြင့်တက်ခဲ့ရာ မြန်မာ၌ အင်တာနက်ဖြတ်တောက်မှု ၈၅ ကြိမ်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းအဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း နယူးယော့ခ်အခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအဖွဲ့ Access Now က ယခုနှစ်ဆန်းတွင် ထောက်ပြခဲ့သည်။

Show More

Related Articles

Back to top button