သတင်း

ငလျင်ဘေးဒဏ်ကြုံတွေ့နေချိန်တွင်စစ်ကောင်စီကသစ်များကိုလေလံတင်ရောင်းချရန်စီစဉ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် သစ်များကို အမေရိကန်ဒေါ်လာဖြင့် လေလံတင်ရောင်းချမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

 အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ   မြန်မာ့သစ်လုပ်ငန်း (MTE) က ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် သစ်များကို အမေရိကန်ဒေါ်လာဖြင့် လေလံတင်ရောင်းချမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် အဆိုးဆုံးထိခိုက်ပျက်စီးခဲ့ပြီး   အပျက်အစီးများအောက်မှ သေဆုံးသူတို့၏ အလောင်းများကို  ဆွဲထုတ်နေရဆဲအချိန်တွင် ယခုသစ်လေလံတင် ရောင်းချမည့်အစီအစဉ်ကို စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်သည်။ 

သစ်လေလံတင်ရောင်းချမှုအား ဆက်လုပ်ရန် ရှိမရှိကို Myanmar Now က မေးမြန်းခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်အထိ မြန်မာ့သစ်လုပ်ငန်းက ပြန်လည်ဖြေကြားထားခြင်းမရှိသေးပေ။ 

MTE သည် စစ်အုပ်စုအတွက် အဓိကဝင်ငွေရှာဖွေပေးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံခြားငွေလက်ကျန်များ လျော့နည်းလာချိန်တွင် ပြည်ပဝင်ငွေရရှိရာ အရင်းအမြစ်တစ်ခုလည်းဖြစ်နေသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်  MTE ကို ကနေဒါ၊ ဥရောပသမဂ္ဂ၊ ယူကေနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူထားသော်လည်း နိုင်ငံပိုင် MTE သည် သစ်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းတို့ကို တစ်ဦးတည်း လုပ်ကိုင်ခွင့်  ရထားသလို ရွက်လှေများ၊ ဇိမ်ခံပရိဘောဂများနှင့် ကြမ်းခင်းများအတွက် ဝယ်လိုအားမြင့်မားသော မြန်မာ့ကျွန်းသစ်ကဲ့သို့ အမြတ်အစွန်းများသော သစ်များကို ပြည်ပသို့ တင်ပို့ရောင်းချသည်။  

ဗြိတိန်အခြေစိုက် Environmental Investigation Agency  ၏ သစ်တောများကာကွယ်ရေးဆိုင်ရာ အကြီးအကဲ   ဖိတ်သ် ဒိုဟာတီက မြန်မာနိုင်ငံအနေဖြင့်  ငလျင်ဖြစ်ပွားပြီးနောက် သစ်များကို ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုသင့်ပြီး စစ်အုပ်စုအနေဖြင့် အမြတ်အစွန်းအတွက်  ရောင်းမထုတ်သင့်ကြောင်း ပြောကြားထားသည်။

“မြန်မာပြည်သူတွေ  ထိတ်လန့်ကြောက်ရွံ့စရာအခြေအနေနဲ့ ကြုံတွေ့နေရချိန်မှာ စစ်အစိုးရက နိုင်ငံရဲ့ အဖိုးတန်သဘာဝအရင်းအမြစ်တစ်ခုကို ရောင်းချနေခြင်းဟာ   မယုံနိုင်စရာ ဖြစ်မိပါတယ်။ အခြားနိုင်ငံတွေကလည်း မြန်မာပြည်သူတွေကို ဂရုမစိုက်ဘဲ မြန်မာ့ကျွန်းသစ်ကို ဆက်လက်ဝယ်ယူနေပါတယ်။ ဒါဟာ သွေးစွန်းတဲ့ သစ်ပင်တွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဧပြီ ၂ ရက်မှစတင်၍ လစဉ် သစ်ရောင်းချမည့် တစ်နှစ်စာ အချိန်စာရင်းကို MTE က ယခု မတ်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

 သီးခြားကြေညာချက်တစ်ခုတွင် ရန်ကုန်တွင် ထားရှိသည့်  ကျွန်းသစ်တုံး တန်ချိန် ၃၀၁၊ ကျွန်းသစ်ပျဉ်၊ တိုင်၊ တိုင်တိုနှင့် တိုင်သေး ၅၇ ကုဗမီတာနှင့် သစ်မာ (ပျဉ်းကတိုး) တန်ချိန် ၁၆၁ တို့အတွက် လေလံများကို ဖိတ်ခေါ်ခဲ့သည်။

အနောက်နိုင်ငံများက  ပိတ်ဆို့အရေးယူထားသော်လည်း စစ်ကောင်စီ၏ ပြည်ပသို့ သစ်တင်ပို့မှု ရှိနေဆဲဖြစ်သည်။ 

အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းဖြစ်သည့်  Forest Trends ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာ့သစ်တောထွက်ပစ္စည်းများအား ပြည်ပနိုင်ငံများမှ ဝယ်ယူမှုသည်  အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံကျော်ရှိခဲ့ပြီး တရုတ်နိုင်ငံက အများဆုံးဝယ်ယူခဲ့သည်။

Related Articles

Back to top button