သတင်း

တောင်ကြီးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၂၅) ၌ စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးကျဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဒဏ်ရာရရှိထားကြောင်း ကံသာရပ်ကွက်တွင်  ကျဆုံးသွားသူတစ်ဦး၏ မိသားစုဝင်ထံမှ သိရသည်။

တောင်ကြီးမြို့တွင် အစ္စလာမ်ဘာသာဝင်အများဆုံး နေထိုင်သော ကံသာရပ်ကွက်တွင် ပစ်ခတ်မှုကြောင့် အသက် ၂၉ နှစ်အရွယ် ကိုဆွာသစ်ဆိုသူသည် ကျည်ဆန်ထိမှန်ကာ ကျဆုံးသွားကြောင်း ၎င်း၏ဦးလေး တော်စပ်သူက Myanmar Now ကိုပြောသည်။

“ကောင်းလေးက ဆိုင်မှာ ဖုန်းဘေဝယ်နေတာ။ ဖုန်းဘေတစ်ထောင်တန်ကတ်နဲ့ ပေါင်မုန့်တစ်လုံး ဝယ်ပြီးအထွက်မှာ စစ်သားတွေမြင်တော့ ပြေးတာ။ အဲ့ဒီမှာ ပစ်လိုက်တာ။ ကျည်အစစ်လား ဘာလား တော့မသိဘူး အဲ့ဒီကောင်းလေးကို မှန်ပြီး ဖောက်ထွက်သွားပြီးတော့ အနောက်က အုတ်တံတိုင်းတောင် ဟိုဘက်ဒီဘက် ဖွာသွားတာ”ဟု ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ကိုဆွာသစ်၏ ဘယ်ဘက်မျက်လုံးနှင့် ယာဘက်ပေါင်းရင်းကို ကျည်ထိမှန်ကာ နေရာတွင်ပင် ပုံလဲသွားပြီး စစ်သားများက အလောင်းကို သယ်ယူသွားသည်ဟု ဆိုသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက်ပစ်ခတ်မှုကြောင့် တောင်ကြီးတွင် အနည်းဆုံး ၄ ဦး သေဆုံး ခဲ့ကြောင်း စဝ်စံထွန်းဆေးရုံ၌ ကိုဆွာသစ်၏ ရုပ်အလောင်းသွားထုတ်ယူစဉ် အခြားသေဆုံးသူများ၏ အလောင်းကို တွေ့မြင်ခဲ့ရသည်ဟု ကံသာရပ်ကွက်နေထိုင်သူ အထက်ပါ အမျိုးသားက ဆိုသည်။

“ကျွန်တော် ဆေးရုံကို လိုက်သွားတယ် ပေးမတွေ့ဘူး။ အဲ့ဒီက ဆရာဝန်ကို မေးကြည့်တော့ ဒီနေ့ရောက် တာ လေးလောင်းရှိပြီတဲ့။ အလောင်းလေးလောင်းကို အိတ်အမဲတွေနဲ့ ထုတ်ထားတာကိုလည်း ကျွန်တော် ကားပေါ်တက်တော့ လှမ်းမြင်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ညနေခင်း ၆ နာရီကျော်တွင် အသက် ၃၅ နှစ်အရွယ် ခေါ်ခင်ခင်ဝင်းမှာ ဈေးဝယ်ရာမှ အပြန်လမ်း၌ ဘယ်ဘက်ပေါင်ကို သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ဝါးပြားရပ်ကွက်တွင် နေထိုင်သူ ၎င်းသည်  ကလေးနှစ်ယောက်၏ မိခင်ဖြစ်သည့်အပြင် ကိုယ်ဝန်ဆောင်ထားသူဟုလည်း သိရသည်။ 

ရပ်ကွက်အတွင်း ဝင်မပစ်မီ ဒရုန်းကင်မရာဖြင့် ကြိုတင်ကြည့်ရှု့ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း ဖမ်းမိသူ အမျိုးသားတစ်ဦးကို စစ်သားနှင့် ရဲများက သေနတ်ဒင်ဖြင့် ဝိုင်းရိုက်နှက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ယူနီဖောင်းဝတ်မြင်လျှင်ပင် ကြောက်ရွံ့လာမိပြီဟုလည်း အထက်ပါအမျိုးသားက ဆိုသည်။ 

အဆိုပါရပ်ကွက်အတွင်း စစ်ကားများဖြင့် ဝင်ရောက်ချိန်တွင် လမ်းဘေးဝဲယာရှိ ဈေးဆိုင်၊ ကားနှင့် ဆိုင်ကယ်များကို ရိုက်ချိုးဖျက်ဆီးသွားပြီး အဆောက်အအုံအမိုးပေါ်များတက်ရောက်ကာပင် လိုက်လံ ပစ်ခတ်ခဲ့သည်ကို လူမှုကွန်ရက်တွင် ပျံ့လာသော ဓာတ်ပုံများနှင့် ရုပ်သံများတွင် တွေ့ရသည်။

တောင်ကြီးမြို့၌ ယနေ့တွင် မြို့မရပ်ကွက်မှ ၁၆ ဦး၊ ဝါးပြားရပ်ကွက် ၁၇ ဦး၊ ကံသာရပ်ကွက်မှ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၄ ဦး၊ ရတနာသီရိ ရပ်ကွက်မှ ၆ ဦး စုစုပေါင်း ၅၈ ဦးခန့်အဖမ်းခံရပြီး လမ်းသွား လမ်းလာ အရပ်သားပြည်သူ ၂၇ ဦးထံမှလည်း လက်ကိုင်ဖုန်းများ အသိမ်းခံခဲ့ရသည်ဟု သိရသည်။ 

 

Show More

Related Articles

Back to top button