သတင်း

စစ်တပ်၏လှုပ်ရှားမှု ဒေသတချို့တွင် ဆက်လက်ပြင်းထန်နေ

ငလျင်ဘေးကယ်ဆယ်ရေးအတွက် တော်လှန်ရေး အင်အားစုက အပစ်ခတ်ရပ်စဲမည်ဟု ကြေညာထားချိန် စစ်ဆက်တိုက်မည်ဟု ကြွေးကြော် ထားသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားများ ဒေသတချို့တွင် ဆက်တိုက်လုပ်နေသည်။

ငလျင်ဘေးနောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးများအတွက် လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေး အင်အားစုများက အပစ်ခတ်ရပ်စဲမည်ဟု ကြေညာထားချိန် စစ်ဆက်တိုက်မည်ဟု ကြွေးကြော် ထားသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားများကို နေရာတချို့တွင် ဆက်တိုက်လုပ်နေသည်။

မတ် ၂၈ ရက်နေ့က မန္တလေးမြို့အနီးဗဟိုပြုသည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူလူထု ထောင်နှင့်ချီ ထိခိုက်သေဆုံးပြီး အိုးအိမ် အများအပြားပျက်စီးနေရချိန်တွင်  စစ်တပ်က စစ်ကိုင်းတိုင်း အင်းတော်၊ ချင်းပြည်နယ် မင်းတပ်မြို့တို့ကို ယနေ့ (ဧပြီ ၂) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ အင်းတော်မြို့  နှစ်ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရသဖြင့်  အရပ်သား ၂ ဦး သေဆုံးပြီး   ၉ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက  သိရသည်။

အင်းတော်မြို့ အရှေ့ဘက်တွင်တည်ရှိသည့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ယမန်နေ့ နေ့လယ်ပိုင်းက  လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ယနေ့ (ဧပြီ ၂) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင်  ဂျပန်လိုဏ်ဂူကုန်းကို သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပေ။

စစ်ဘေးရှောင်သူများ ခိုလှုံနေသော မြို့မဘုန်းကြီးကျောင်းရှိသည့် အဆိုပါ တောင်ကုန်းမှာ စစ်ကောင်စီတပ် တပ်စွဲထားသည့် ဂျပန်လှိုင်ဂူကုန်းနှင့် တစ်ဆက်တည်းရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ အင်းတော်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ကချင်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF တို့က စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

“အဲဒီဘုန်းကြီးကျောင်းက စစ်တပ်က ဓားစာခံလုပ်ထားတာ၊ တိုက်ပွဲဖြစ်တော့ ပြည်သူတွေပိတ်မိရင်းနဲ့မှ စစ်တပ်က ပြန်ထွက်ခွင့်မပေးတာပေါ့နော်၊ တိုက်ပွဲဖြစ်စက ပြည်သူ ၁၀၀၀ လောက်ရှိတယ်၊ နောက်တော့ ပြည်သူတွေ ဖြည်းဖြည်းချင်းထွက်ရင်းနဲ့ နည်းနည်းပဲကျန်တော့တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဘုန်းကြီးကျောင်းအတွင်း၌ ဒေသခံ ၅၀ ဝန်းကျင်ခန့်သာ ကျန်ရှိနေပြီး အများစုမှာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊   စစ်တပ်၊ ရဲတို့၏ မိသားစုဝင်များ ဖြစ်ကြသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗုံးကြဲစဉ် သေဆုံးသူ ဒေသခံ နှစ်ဦး၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို  မသိရသေးပေ။

ဒဏ်ရာရသူတို့မှာ ဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါး၊ ဒေါ်မိမိစိန် (၄၇)နှစ်၊ ဒေါ်သန်းသန်းဦး(၃၆)နှစ်၊ ဒေါ်စန်းစန်းဝင်း(၃၂)နှစ်၊ ဦးကြည်မြင့်(၆၁)နှစ်၊ ဒေါ်စန်းစန်းထွန်း(၄၆)နှစ်၊ ဒေါ်ဝင်းသန်း(၄၈)နှစ်၊ ဒေါ်တာ(၆၃)နှစ်နှင့် မောင်ကြယ်စင်နိုင်ဦး ၁၂ နှစ်တို့ဖြစ်ကြသည်ဟု သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ် 

မကွေးတိုင်း၊ ပေါက်မြို့နယ် အခြေစိုက်  လက်နက်စက်ရုံတစ်ခုဖြစ်သည့် ကပစ ၂၄ ရှိ စစ်တပ်က  မတ်လ ၃၀ နှင့် ၃၁ တို့တွင် တိုက်ခိုက်မှု‌ ကြောင့် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သည်။ 

ပေါက်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် အလူမီနီယမ်ကုန်ကြမ်းများထုတ်လုပ် သော ထိုစက်ရုံအတွင်းမှ မတ် ၃၀ ရက်နေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးကင်းယူနေသည့် NUG လက်အောက်ခံ ရပ်ကျေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ညီကိုထိတဲ့အချိန်မှာ အကို(ဝမ်းကွဲ)က တက်ဆွဲတဲ့အချိန်မှာ တရစပ်ပစ်ခတ်တော့ အကိုပါ ထပ်ကျတယ်။အဲ့ဒီအချိန် မှာ ကျောင်းဆရာတစ်ယောက်လည်း လက်မှန်တယ်။ တရစပ် ပစ်နေတဲ့အချိန်မှာ ခေါင်းထောင်လို့မရတော့ အဲ့ဒီမှာတင်သွေးထွက်လွန်ပြီး နေရာတင် ကျဆုံးသွားတယ်”ဟု ပေါက်မြို့နယ် လူသားစာနာကူညီပေးရေး တာဝန်ရှိသူက ပြောသည်။ 

နောက်တစ်နေ့တွင်လည်း အဆိုပါစက်ရုံနှင့် ၄ မိုင်ခန့်အကွာရှိ ပင်လောင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်  မိန်းကလေး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်၊ ဆေးရုံတွင်  

သေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကပစ ၂၄ က ၈၁ (မီလီမီတာ)လက်နက်ကြီးနဲ့ပစ်တာမှာ ၁၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက် ဗိုက်ပွင့်ပြီး ဆေးရုံ ရောက်လာသေးတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

ငလျင်အပြီးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး နှစ်ပတ်ကြာထိုးစစ်ဆင်မှုများ ရပ်တန့် ထားမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း တော်လှန်ရေးအင်အားစုများက ထိုးစစ်များ ရပ်နားထားသည်။

ဤအခြေအနေတွင်  စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိနေသည်ဟု တော်လှန်ရေးအင်အားစုထံက  သိရသည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ပေါက်နှင့်မြိုင်နယ်စပ်ရှိ ကျေးရွာများ၊ ရေနံ မှော်များကို ပြီးခဲ့သည့်လက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ခဲ့ရာ ဒါဇင်နှင့်ချီသည့် အရပ်သား များ သေဆုံးခဲ့ပြီး အများပြား  ဒဏ်ရာရခဲ့သည်။ 

မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင် ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့မှာ အပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရချိန်     ကပစ စက်ရုံများရှိရာ ပေါက်မြို့နယ်ထဲတွင် စစ်တပ်လေကြောင်းပျံသန်းမှုများ ရှိလာသည့်အတွက် ဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်ထိတ်လန့်နေသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမရွာအနီးဝန်းကျင်ကို ယမန်နေ့ ညနေ ၄ နာရီက အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။ 

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်နေမှုများကို ချင်းတော်လှန်ရေးတပ်ဖြစ်သည့် ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ် ထိန်းချုပ်ထားသည့် မင်းတပ်မြို့တွင်လည်း တွေ့နိုင်သည်။

  စစ်လေယာဉ်သည် ဧပြီလ ၁ ရက် ညနေတွင် မင်းတပ်မြို့ပေါ်သို့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဗုံးက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသွားတာပေါ့။ ကတ္တရာလမ်းနဲ့ လူနေအိမ်တွေပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့ပြည်သူတော့မရှိပါဘူး” ဟု  အဖွဲ့ ပြောခွင့်ရ ကိုယောမန်က ဆိုသည်။

ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ရွာမှ စစ်ကောင်စီတပ်က  မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှ ခရွဲရွာကို မတ်လ ၂၉ ရက်ညဘက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ခရွဲရွာကို  ထိန်းချုပ်ထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဆိုသည်။ စစ်တောင်းမြစ်သာခြားသည့် ထိုနှစ်ရွာသည် တစ်မိုင်ကျော်သာဝေးသည်။ 

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျိုက်ထိုမြို့နယ် ခရွဲရွာမှ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး ပခုံးတွင် ဒဏ်ရာရထားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်ဘက်တွင်မူ စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များ အပြန်အလှန်စစ်ကြောင်းထိုးမှု ရှိနေကြောင်း ကရင်နီပြည်နယ်အခြေအနေသိသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မိုးဗြဲကို ဆက်လက်တိုက်ခိုက်နေသလို ကရင်နီတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) ရှိရာ ဘော်လခဲမြို့ကို စစ်ဆင်တိုက်နေသည်။

ဘောလခဲမြို့အနီးရှိ  ဝမ်မလန်းတပ်စခန်းကို  မတ်လ (၃၁) ရက်နေ့နံနက်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီပြည်နယ်အခြေစိုက် Karenni People’s Voice သတင်းဌာန၏  ဧပြီ ၁ ရက်နေ့ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

ငလျင်ဒဏ်သင့်ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် AA, TNLA, MNDAA တို့က ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လကြာ အပတ်ခတ်ရပ်စဲထားမည်ဟု ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။ 

မတ် ၂၈ ရက် ငလျင်ဘေးသင့်ပြီးနောက်  နိုင်ငံအနှံ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တို့ ပြုလုပ်ခဲ့သည့် တည်နေရာပြ မြေပုံ 

လက်နက်ကိုင်တပ်ဖွဲ့များ၏ ယာယီအပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းချက်များကို စစ်ခေါင်းဆောင်က ပယ်ချလိုက်ပြီး လိုအပ်သည့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယမန်နေ့က တုံ့ပြန်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့မှာ လက်ရှိအခြေအနေတွင် တိုက်ပွဲဖော်ဆောင်ခြင်း မရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် လေ့ကျင့်ခြင်း၊ စုဖွဲ့ပြင်ဆင်ခြင်းများလုပ်နေပြီး ထိုဆောင်ရွက်မှုများ မှာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု   နေပြည်တော်တွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 

ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်နေ့အထိ လေးရက်တာအတွင်း  စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ စဉ့်ကူးမြို့နယ်တို့အပါအဝင် နေရာ ၁၁ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ် လုပ်ခဲ့ရာ အရပ်သား ၅၀ ထက်မနည်းသေဆုံးပြီး ၄၉ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက ထုတ်ပြန် ထားသည်။ 

အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၂၇၁၉ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄၅၂၁ ဦးနှင့် ပျောက်ဆုံးသူ ၄၄၁ ဦးရှိကြောင်း စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၁)ည ၈ နာရီဝန်းကျင်တွင် ထုတ်ပြန်ထားသည်။

Related Articles

Back to top button