
ငလျင်ဘေးကြောင့် တော်လှန်ရေးအင်အားစုများက အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးတဝိုက်တွင် နယ်မြေစိုးမိုးမှုပြန်ရရန် ကြိုးပမ်းနေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ပြောကြသည်။
မတ် ၂၈ ရက်နေ့က မန္တလေး၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်နှင့်နောက်ဆက်တွဲငလျင်များကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးမြို့အပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ရပြီး လူထောင်ချီ သေဆုံးခဲ့ သည်။
ထို့ကြောင့် ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်နှင့်ဆက်စပ်နယ်မြေများတွင် ရက်သတ္တပတ် ၂ ပတ်၊ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ခုခံမှုမှ အပ ဧပြီတစ်လလုံး အပစ်အခတ်ရပ်နားမည်ဟု ကြေညာထားကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီတပ်က နမခ အခြေစိုက်ရာ မုံရွာမြို့နှင့် မန္တလေးကို ဆက်သွယ်ထားသော အရေးပါသည့်လမ်းကြောဖြစ်သည့် မုံရွာ- မန္တလေး လမ်းတလျှောက် မြို့နယ်များတွင် အင်အားဖြည့်နေသည် ဟု တော်လှန်ရေးအင်အားစုများက ဆိုကြသည်။
“ မြင်းမူ၊ ချောင်းဦး ၊ မုံရွာခွင်ထဲမှာ အင်အား တွေ တော်တော်ဖြည့်ထားတယ်။ ဒီ ၂၄ နာရီ (မတ် ၃၁ ကနေ ဧပြီ၁ ) အတွင်း နမခထဲက ထွက်လာတဲ့အင်အားကိုက ၁၀၀ ကျော်လောက်ရှိတယ်”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသန့်က ပြောသည်။
မုံရွာ – မန္တလေးလမ်းတလျှောက် အထိုင်စခန်းများ ခပ်စိပ်စိပ်ချ၍ နယ်မြေစိုးမိုးရန် ယခင်ကတည်းက ကြိုးပမ်းနေသော စစ်ကောင်စီ၏ ယာဉ်တန်းများ၊ ကြေးနီသယ်သည့်ယာဉ်တန်းများကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းတို့ လုပ်လေ့ရှိသည်။
ထိုလမ်းကြောတစ်လျှောက် NUG တပ်များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များစွာက အခြေချလှုပ်ရှားနေကြပြီး စစ်ရေး၊ စီးပွားရေးအရ နှစ်ဖက်စလုံးအတွက် အရေးပါသောလမ်းကြောင်းဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ယခု NUG ဘက်က ထိုးစစ်ရပ်ချိန်တွင် ထိုလမ်းကြောင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် စစ်တပ်က ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“အရင်တုန်းကဆိုရင် စစ်တပ်ယာဉ်တန်းတွေဖြတ်မယ်ဆိုရင် ဖြတ်တောက် မိုင်းဆွဲတိုက်ခိုက်ဖို့ နေရာ ယူထားတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက အဲ့လိုစာထုတ်လိုက်တဲ့အပေါ်မှာ ကာကွယ်ရေးအဖွဲ့ တွေက မိုင်းဆွဲတိုက်ခိုက်ဖို့ရာ နောက်ဆုတ်ထားရတော့ သူတို့ပိုပြီးရဲရဲတင်းတင်း လှုပ်ရှားလာတယ်”ဟု မြင်းမူ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုစွန်ရဲက ပြောသည်။
အင်အားပြင်းငလျင်၏ ဗဟိုချက်ဖြစ်သည့် ရေခါးအင်းနှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသည့် မြင်းမူမြို့နယ်၊ အလက္ကပ္ပရွာကို ယမန်နေ့ (မတ် ၃၁ ရက်) ညနေတွင် အထက်ပါ မုံရွာ – မန္တလေး လမ်းများပေါ်မှ အထိုင်စခန်းများမှ စစ်သားတချို့က ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။
ထိုရွာထဲသို့ စီးနင်းချိန်တွင် ဖြတ်သန်းသွားသည့် ဆိုင်ကယ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများက ပြောကြသည်။ အလက္ကပ္ပရွာမှ ဒေသခံများလည်း ထွက်ပြေးနေရသည်။
ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် မုံရွာ – မန္တလေးလမ်းအနီးတဝိုက်ဖြစ်သော ချောင်းဦးမြို့နယ်၊ နွယ်ခွေ ရွာဝန်းကျင်ကို အင်ဂျင်တပ်လေထီးက ဗုံးသီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြင်းမူပကဖ တာဝန်ခံက ဆိုသည်။
စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မ ၃၃ သို့ သွားသည့် မုံရွာမှ စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးရန် မုံရွာ – မန္တလေး ကားလမ်းဝန်းကျင်နေရာများကို အင်ဂျင်တပ်လေထီးဖြင့် ရှင်းလင်းခြင်းဖြစ်နိုင်ကြောင်း မြင်းမူပကဖ တာဝန်ခံ ကိုစွန်ရဲက သုံးသပ်သည်။
ချောင်းဦးမြို့နယ်၊ နွယ်ခွေရွာအနီး ငလျင်လှုပ်ပြီး နာရီပိုင်းအကြာမှာပင် မတ် ၂၈ ရက်နေ့ ညပိုင်းတွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲထားသေးသည်။
ယနေ့ ဧပြီ ၁ ရက်နေ့ နံနက်တွင်လည်း နွယ်ခွေရွာနှင့် မြင်းမူဘက်ကို အင်ဂျင်တပ်လေထီး ပျံသန်းမှုရှိခဲ့သဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။
မုံရွာမြို့ နမခ မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုကလည်း ယမန်နေ့ညနေက မုံရွာမြောက်ဘက် ဘက်ဘုတလင်မြို့သို့ စစ်ကြောင်းထိုးသလို မတ် ၃၀ ရက်နေ့ကလည်း မုံရွာ နမခမှ တပ်ဖွဲ့များသည် စစ်ကား ၅ စီးဖြင့် ယင်းမာပင်မြို့နယ်၊ အရှေ့မြောက်ဘက် ဘန့်ဘွေးကုန်းရွာကို စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။
ငလျင်ဘေးဒဏ်အကြီးအကျယ်သင့်နေချိန် စစ်ကောင်စီတပ်က ရခိုင်၊ ကချင်၊ ကယား (ကရင်နီ) ၊ တနသာ်ရီ ၊ ရှမ်းမြောက်နှင့် ရှမ်းတောင် အင်းလေးဒေသ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသများကို ပါ လေကြောင်း၊ ရေကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ဖြင့် ဆက်လက်တိုက်ခိုက်နေသည်။
ငလျင်လှုပ်ခတ်ချိန်မှ ၄ ရက်တာအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ဦးရေ တစ်ဒါဇင်ကျော်ရှိနေပြီဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ် KIA ထံ စစ်ပညာသင်ရန်လာသည့် လူငယ် များထဲမှ ၃၈ ဦးလည်း လေကြောင်းဗုံးကြဲမှုကြောင့် ယမန်နေ့က သေဆုံးခဲ့သည်။
ယမန်နေ့ညအထိ စစ်ကောင်စီစာရင်းများအရ ငလျှင်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်၊ ပျောက်ဆုံး ၂၇၀ ခန့် ရှိနေကာ သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ်ရှိနေသည်။
စစ်ခေါင်းဆောင်ကမူ ငလျင်လှုပ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် ထိုးစစ်ဆင်မှုများ ရပ်တန့်သွားသော်လည်း လေ့ကျင့်မှုများ၊ တပ်စုဖွဲ့မှုများရှိနေကြောင်း၊ ထိုသို့ပြင်ဆင်မှုများသည် “တိုက်ခိုက်ခြင်း” ဟု သဘောထားသည့်အတွက် “လိုအပ်သည့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း” ဟု ယနေ့နံနက်က နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်ပြန်လည် ထူထောင်ရေးအလှူငွေပေးပွဲတွင်ပြောထားသည်။