သတင်း

အင်းလေးကန် ငလျင်ဒဏ်ခံရ၊ သေဆုံး ပျက်စီးမှု များပြား

လှေကို ခြေထောက်နှင့်လှော်သောကြောင့် ထင်ရှားသည့် အင်းလေးဒေသည် ငလျင်ဘေးတွင် ၈၉ ဦး သေဆုံး၊ နေအိမ်အများအပြား ပျက်စီးသွားသည်။ အိမ်များပြိုကျစဉ် ဒေသခံ အများအပြားမှာ စိုက်ခင်းအတွင်း ရောက်နေကြသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ ကမ္ဘာကျော် အင်းလေးအိုင်ရှိရာ ဒေသသည် အင်အားပြင်း ငလျင်ကြောင့် နေအိမ်များ ရေနစ်မြှုပ်မှုနှင့် ကြုံလိုက်ရသည်။

မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို သက်ရောက်ခဲ့သလို အင်းလေးအိုင်နှင့် အနီးပတ်ဝန်းကျင်ကိုလည်း ပြင်းပြင်းထန်ထန် သက်ရောက်ခဲ့သည်။

အင်းလေးအိုင်သည် ၄၄ ဒသမ ၉ စတုရန်းမိုင်ရှိသည့် ရေချိုအိုင်ကြီးဖြစ်ပြီး နေရာတချို့တွင် ၁၂ ပေခန့် နက်သည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားကာ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။

အင်းလေးအိုင်ထဲနေထိုင်ကြသူများကို အင်းသူ၊ အင်းသားများဟု ခေါ်ကြပြီး ၎င်းတို့သည် လှေကို ခြေဖြင့် လှော်သောကြောင့် ကမ္ဘာတွင် လူသိများသည်။

ငလျင်ကြောင့် အင်းလေးအိုင်နှင့် အနီးဝန်းကျင်ရှိ နမ့်ပန်မြို့နှင့် ရွာပေါင်း ၁၈ ရွာမှ ‌နေအိမ် ၂၃၀၀ ကျော် လုံးဝနီးပါးပျက်စီးသွားရသည်။  နေအိမ်အဆောက်အအုံတချို့  ယိုင်နဲ့ ရွဲ့စောင်းသွားသည်ကို အွန်လိုင်းလူမှုကွန်ရက် ဓာတ်ပုံများတွင်  တွေ့ရသည်။

ငလျင်ကြောင့် အင်းလေးဒေသတွင်   ၈၉ ဦးသေဆုံးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မတ်လ ၃၀ ရက်နေ့တွင် ကြေညာသည်။

အင်းလေးဒေသ၏ နာမည်ကျော် ဖောင်တော်ဦးဘုရားတွင်လည်း  ရင်ပြင်ပေါ်  အက်ကွဲကြောင်းများ ပေါ်လာသဖြင့်  ယာယီပိတ်ထားရသည်။

အင်းလေးကန်တောင်ဘက်ရှိ ကေလာရွာနှင့် နမ့်ပန်မြို့တွင် သေဆုံးသူ များပြားသည်။ ကေလာရွာတွင် လူ ၄၆ ဦးသေဆုံးကြောင်း ကေလာရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ နမ့်ပန်မြို့တွင် ၃၇ ဦးသေဆုံးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့၏ အချက်အလက်အရ သိရသည်။

ကြာတောရွာ၊ နန်းပန်ပေါက်ပါး၊ အိုင်ထောင့်ကြီး၊ ရှေ့ဝကြီး၊ သလဲဦးအင်းရွာ၊ ညောင်းဝန်း စသည့်ကျေးရွာတို့တွင် ရွာလုံးကျွတ်နီးပါး အိမ်များ ပျက်စီးသွားကြောင်း အင်းလေးဒေသခံအချို့က ဆိုသည်။

 “ကေလာ၊ ဇရပ်ကြီး၊ နောက်တောင်၊ နောက်မြောက်၊ ရှေ့တောင်၊ရှေ့မြောက်၊ ရွှေပြည်သာ၊ အင်းထဲမှာ အသေအပျောက်အများဆုံးပဲ။ ကျနော်တို့ရွာမှာ အိမ်တွေက ရေပေါ်မှာဆောက်ထားတာများတယ်။ အင်းအလယ်တကြောမှာလည်းဖြစ်တယ်” ဟု ကေလာရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

သေဆုံးသူများထဲတွင် အသက် ၄ နှစ်အရွယ်ကလေးတစ်ဦး၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊  မသန်းစွမ်းသူ၊   သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ငလျင်ဒဏ်ကြောင့် နေအိမ်ရေထဲပြိုကျမှုကြုံလိုက်ရသည့် အင်းလေးကန်အရှေ့ခြမ်း သလဲဦးအင်းရွာ ဒေသခံအမျိုးသမီးကလည်း ၎င်းတို့ရွာတွင် လုံးဝ ပျက်စီးသွားသည့် အိမ် ၈၁ လုံး ရှိပြီး တစ်ဝက်တစ်ပျက် ပျက်စီးသွားသည့်အိမ် ၇၂ လုံးရှိကြောင်း Myanmar Now ကို ပြောသည်။

ငလျင်ကြောင့် သေဆုံးသူ ၂ ဦး ရှိကြောင်း အသက် ၄၀ အရွယ် သလဲဦးအင်းရွာခံ အမျိုးသမီးက ဆိုသည်။

“ရေပေါ်အိမ်တွေဆိုတော့ ရေထဲပဲ ပြုတ်ကျပြီး ပျောက်ဆုံးနေတာပါ။ ငလျင်လှုပ်တဲ့အချိန်မှာ အိမ်ပေါ်ကနေ ထွက်မပြေးနိုင်ဘဲနဲ့ အိမ်ပြိုတဲ့အထဲပါသွားကြတာ။ အိမ်က အိမ်အောက်ထဲကို နိမ့်ကျသွားတာဆိုတော့ အိမ်အောက်ကို ပိပြီးတော့ ပါသွားတာပေါ့”  ဟု ၎င်းက ဆိုသည်။

အဆောက်အဦ ပြိုမကျမီ ရေထဲသို့ ခုန်ဆင်းခဲ့သဖြင့် အသက်ဘေးမှလွတ်လာခြင်းဖြစ်ကြောင်း သလဲဦးရွာဒေသခံ အမျိုးသမီးက ပြောသည်။

ခရမ်းချဉ်သီးစိုက်ပျိုးသည့် ရာသီချိန်တွင်  ယာခင်းထဲ ရောက်နေကြသူများမှာ  အသက်ဘေးမှ လွတ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။

ယက္ကန်းလုပ်ငန်းနှင့် ကျွန်းမျောများပေါ်တွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် အင်းလေးဒေသခံတို့သည် ငလျင်ကြောင့် နေအိမ်များပျက်စီးမှုအပါအဝင် မိသားစုဝင်များ ဆုံးရှုံးကြရသဖြင့် ဝမ်းနည်း ပူဆွေးနေရကြောင်း သိရသည်။

အင်းလေးမှ ငလျင်ဒဏ်သင့် ပြည်သူအများအပြားသည်   ကုန်းမြေပေါ်တွင်   မိုးကာယာယီတဲဖြင့် နေထိုင်နေသလို လှေများပေါ်တွင် ဝါးဖြင့် အမိုးအကာများပြုလုပ်‌၍ နေထိုင်နေကြကြောင်း ဒေသခံအချို့ကဆိုသည်။

အချို့ရွာများတွင် ပျက်စီးမှုနည်းသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေကြောင်း သိရသည်။

ဒေသခံများအတွက် သောက်ရေ၊ အစားအစာ၊ ဆေးဝါး၊ အိမ်သာ၊ အိုးခွက်ပန်းကန်၊ အဝတ်အထည်တို့ လိုအပ်နေကြောင်း Myanmar Now နှင့် စကားပြောခွင့်ရသည့် အင်းလေးဒေသခံအချို့ကဆိုသည်။

ရှမ်းတောင်ပရဟိတညီနောင်များအဖွဲ့၊  ကမ္ဘောဇ ဖောင်ဒေးရှင်းနှင့် အခြားသော ပရဟိတအဖွဲ့များက အင်းလေးဒေသရှိ ငလျင်ဘေးသင့်သူများကို ကူညီနေသော်လည်း လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း   ဒေသခံအချို့က ပြောသည်။

အင်တာနက် အခက်အခဲရှိသည့် အင်းလေးဒေသတွင်   MPT နှင့် Mytel တယ်လီဖုန်းလိုင်း အသုံးပြုနေကြသည်၊ ရံဖန်ရံခါ ဖုန်းအဆက်အသွယ်ပြတ်တောက်နေသည်ဟု  ဒေသခံများထံက သိရသည်။

ပြင်းထန်သည့် သဘာဝဘေးကြုံလိုက်ရသည့်နောက် အင်းလေးအိုင်မှဒေသခံများသည်  သဘာဝဘေး နောက်တစ်ခု ထပ်မံ ကြုံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

မုန်တိုင်းလာမည်ကို စိတ်ပူမိသည်ဟု အင်းလေးကန်အရှေ့ခြမ်း သလဲဦးအင်းရွာ ဒေသခံအမျိုးသမီးက ပြောသည်။

“နေစရာလည်းမရှိကြတော့ဘူး။ ပြန်လည်ထူထောင်ရေးတွေ ဆိုရင်လည်း မတတ်နိုင်တော့တဲ့ အခြေအနေပေါ့။ လုပ်ငန်းတွေလည်း အဆင်မပြေတော့ဘူး။ ပြောမယ်ဆိုရင် လူတိုင်း စိတ်အားငယ်ရတာပေါ့” ဟု သူက ပြောသည်။

“ကျွန်မတို့အင်းလေးဒေသရဲ့ ရာသီဥတုအရဆိုရင် ၄ လပိုင်း၊ ၅ လပိုင်းက လေကြမ်း၊ မိုးကြမ်းတွေ တအားတိုက်တာ။ အဲဒီတော့ ထပ်ပြီး လာမယ့်ဟာတွေကိုလည်း စိုးရိမ်နေကြရတယ်” 

ငလျင်ဒဏ်သင့် အင်းလေးတွင် ပစ်ခတ်မှုများလည်း ရှိနေသည်။

အင်းလေးကန်၏ တောင်ဘက်ရှိ ဘုရားတောင်ရွာကို စစ်ကောင်စီတပ်နှင့် ပအိုးဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်က  မတ်လ ၃၀ ရက်နေ့တွင်   လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် နေအိမ် ၁ လုံးပျက်စီးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် ကြေညာသည်။

Show More

Related Articles

Back to top button