သတင်း

သမ္မတနှင့်အတိုင်ပင်ခံ၏ ရုံးချိန်းကို အာဏာသိမ်းစစ်ကောင်စီထပ်ရွှေ့

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ (မတ် ၂၄) လေးကြိမ်မြောက် ရုံးချိန်းကို အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ ဖြတ်တောက်ထားသည့် Mobile Internet မရဟူသော အကြောင်းပြချက်ဖြင့် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။

ပြီးခဲ့သည့် မတ် ၁၅ ရက်တွင်လည်း အင်တာနက်မရသဖြင့် Video Conferencing စနစ်ဖြင့်ကြားနာ၍ မရနိုင် ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သလို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အကြီးအကဲများကို ယနေ့တိုင် တွေ့ခွင့်မရသေးကြောင်း ၎င်းက ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာမူ ကိုယ်တိုင်တရားလွှတ်တော်ရှေ့နေဖြစ်၍ ရှေ့နေငှားရမ်းမည်မဟုတ်ဟု တရားရုံးမှတစ်ဆင့် ကြားသိထားရကြောင်း ဒေါ်မင်းမင်းစိုးတို့၏ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ဖေဖော်ဝါရီ ၁၆ ရက် ပထမအကြိမ်ရုံးချိန်းကတည်းက ပြောကြားထားသည်။ 

သို့သော် ရှေ့နေငှားရမ်းမည်ဟု ပထမအကြိမ်ရုံးချိန်းကတည်းက တရားရုံးသို့ အသိပေးပြောကြားပြီး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကိုယ်စားလှယ်လွှဲစာရရှိရန် အာဏာသိမ်းစစ်ကောင်စီက ယနေ့ တိုင်ခွင့်မပြုသေးဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ကျွန်မလက်ထဲ ကိုယ်စားလှယ်လွှဲစာမရသေးတော့ နောက်ရုံးချိန်း ဧပြီ ၁ ရက်ဆိုတာ တရားသူကြီးဆီ ဝင်မေးမှ သိရတာပါ” ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မလေးခု၊ NLD ဒုဥက္ကဋ္ဌ ၁ လည်းဖြစ်သူ ဦးဝင်းမြင့်ကို ပုဒ်မနှစ်ခုဖြင့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် အမှုတရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးဝင်းမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ် ကြီးပုဒ်မ  ၅၀၅ (ခ)၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆိုထား ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုမူ ရာဇသတ် ကြီးပုဒ်မ  ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့် ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အနီးကပ် လုံခြုံရေး တပ်ဖွဲ့မှ သုံးစွဲသည့် စကားပြော စက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆိုထားပြီးဖြစ်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြီးလေးသော အဂတိဆိုင်ရာ ပြစ်မှုများဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီက မတ် ၁၇၊ ၂၄ ရက်တို့တွင် သတင်းထုတ်ပြန်ထားသေးသည်။

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျဖူးသူ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလွန်နီးစပ်ခဲ့သူ မောင်ဝိတ်နှင့် NLD အစိုးရလက်ထက်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ငွေများပေးခဲ့ကြောင်း ထွက်ဆိုထားသည်ဆိုသော ရုပ်သံဖိုင်များကို အာဏာ သိမ်းစစ်ကောင်စီက ထုတ်ပြန်ခြင်းဖြစ်သည်။

“ဒီနေ့ရုံးချိန်းမှာ မေးကြည့်ရသလောက်တော့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ အမှုထပ်တိုးထားတာ မရှိသေးဘူးလို့ သိရပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် လူငယ်ရှေ့နေများဖြစ်သည့် ဦးယုယချစ် နှင့်ဒေါ်မင်းမင်းစိုးတို့ကိုသာ ရှေ့နေလိုက်တရားဝင်ရရန်ဆောင်ရွက်ပေးနေပြီး ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်နှင့် ဦးကြည်ဝင်းတို့ အမှုလိုက်ခွင့် ကိုယ်စားလှယ်လွှဲစာရရန် လျှောက်ထားမှုကိုမူ လျစ်လျူရှုထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button