သတင်း

အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သားအချို့ အသေအပျောက်ရှိလာ 

အာဏာသိမ်းပြီး ရက်ပေါင်း ၅၀ အကြာတွင် အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သားအချို့ အသေအပျောက်ရှိလာပြီး မြဝတီ၊ ဖယ်ခုံ၊ ဒီပဲယင်း၊ ထားဝယ်၊ ကျောက်ပန်းတောင်း စသည့်ဒေသများတွင် စစ်သား နှင့် ရဲအပါအဝင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့သည်ကို အတည်ပြုတွေ့ရှိရသည်။

ထို့ပြင် အောင်ပန်း၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူး၊ ပေါက်နှင့် ပျဉ်းမနားမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၅ ဦးခန့် အသတ်ခံရကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ တွေ့ရှိရသည်။ သို့ သော် အဆိုပါလူမှုကွန်ရက်သတင်းများနှင့် ပတ်သက်၍မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မတ် ၂၁ ညပိုင်းက ရပ်ကွက်ကင်းသမားများကို ဆိုင်ကယ်ဖြင့်တိုက်ခဲ့သူ အရပ်ဝတ် စစ်သားနှစ်ဦးကို ရပ်ကွက်နေပြည်သူများက တားဆီးစစ်ဆေးစဉ် အခင်းဖြစ်ပွားပြီး စစ်သား နှစ်ဦး သေဆုံးခဲ့သည်။ 

ထိုဖြစ်စဉ်ကြောင့် ထိုရပ်ကွက်နေသူ အရပ်သား ၅၀ ခန့်ကို စစ်ကောင်စီလက်နက်ကိုင်များက မတ် ၂၂ တွင် ဖမ်းဆီးခဲ့သည်။ 

“ပြည်သူတွေက ဝိုင်းရိုက်တော့ တစ်ယောက်က လက်လွန်ပြီးသေသွားတယ်။ နောက်တစ်ယောက်လည်း မသေမရှင်ဖြစ်နေတာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လမ်းထဲမှာရှိတဲ့နေရာကို ပြန်လာဖမ်းတာ”ဟု ထားဝယ် မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင်လည်း မတ် ၂၀ ညပိုင်းက စစ်သားတစ်ဦးနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်တစ်ဦး၏ သားဖြစ်သူ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများ ထံမှ သိရသည်။

စရဖတပ်ဖွဲ့ဝင်၏ သားဖြစ်သူသည် ကျောက်ပန်းတောင်း – မြင်းခြံလမ်း (မြို့ရှောင်လမ်း) အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ စစ်သားတစ်ဦးမှာ ကျောက်ပန်းတောင်းဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ည၈ နာရီ နောက်ပိုင်း မထွက်ရ ဆိုတာမှာ စရဖ (စစ်ထောက်လှမ်းရေး) ရဲ့ သားက ည ၉ နာရီ ထိုးခါနီး လောက်မှာ သူ့ရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန် စစ်တပ်က ရပ်လို့ ပြောတာကို မရပ်ဘဲနဲ့ ဖုန်းပြောရင်းနဲ့ မောင်းနေတဲ့အချိန်မှာ ပစ်တယ်လို့ အသံကြားတယ်” ဟု အဆိုပါ​ဒေသခံက ပြောသည်။

ကျောက်ပန်းတောင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ခဲ့ရာတွင် လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်မောင်းသူတစ်ဦးက ရန်ပြုတိုက်ခိုက်သဖြင့် ဒဏ်ရာရသေဆုံးခဲ့ပြီး တိုက်ခိုက်ခဲ့သူကို မြို့အတွင်း ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းရာတွင် အခြားလူတစ်ဦးမှာ အဓိကရုဏ်းလက်နက်ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးခဲ့သည်ဟု ဆိုသည်။ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် မတ် ၁၈ ရက်က လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် ရွာသား ၁၀၀ ခန့် ထိပ်တိုက်တွေ့ဆုံရာ ရဲနှစ်ဦးသေဆုံးပြီး ရဲအရာရှိတစ်ဦး အပြင်းအထန်ဓားခုတ်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်က အင်အား ၁၈၀ ခန့်ဖြင့် လာရောက်တပ်စွဲလာသဖြင့် ကျေးရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

“တချို့လည်း ကလေးပိုက်၊ တချို့လည်း ဆန်ထုပ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ”ဟု ထွက်ပြေးတိမ်းရှောင်ရသော တည်တောရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

ပဲခူးမြို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အကြောင်းရင်း အတိအကျမသိရသော်လည်း ရဲဝန်ထမ်းတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါရဲဝန်ထမ်း၏ ရုပ်အလောင်းကို သုသာန်ပို့ဆောင်ရာတွင် အခေါင်းဝယ်မရခဲ့သည့်အပြင် လိုက်ပါပို့ဆောင်ပေးမည့် နာရေးကူညီမှုအသင်းလည်း မရှိခဲ့ပေ။ 

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖလိုင်တောင်ခြေကျေးရွာတွင် မတ် ၁၅ ရက်က စစ်တပ်မှ အရာရှိနစ်ဦးနှင့် စစ်သည်နှစ်ဦးပျောက်ဆုံးခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင်များကို ကျောက်လှိုင်ခေါင်းတစ်ခု အတွင်း လက်ပြန်ကြိုးတုပ်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မတ် ၂၀ တွင် စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး ဒေသခံရွာသား ၂၀ ကျော်ကိုဖမ်းဆီးစစ်ဆေးပြီး ကယန်းအမျိုးသားကာကွယ်ရေးတပ် (KNG)အဖွဲ့ဝင် နှစ်ဦးနှင့် ရွာသားနှစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က မတ် ၂၁ တွင် တုံ့ပြန်ထားသည်။

မန္တလေးမြို့တွင် မတ် ၂၂ က စစ်ကောင်စီလက်နက်ကိုင်တပ်က ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းရာ တွင် ရဲယူနီဖောင်းဝတ်နှစ်ဦး ဓားခုတ်ခံရပြီး ဘူဒိုဇာယာဉ်မောင်းတစ်ဦး ဂျင်ကလိဖြင့် အပစ်ခံရ၍ သေဆုံးကြောင်း၊ မိတ္ထီလာမြို့တွင်လည်း မတ် ၁၆ ရက် ဆန္ဒပြမှုကိုဖြိုခွင်းစဉ် ရဲနှစ်ဦးဓားခုတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ 

သို့ရာတွင် မန္တလေးနှင့် မိတ္ထီလာမြို့ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် မတ် ၁၉ က ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသော်လည်း ဓားခုတ် ခံရသဖြင့် ရဲသုံးဦး ဒဏ်ရာရရှိခဲ့ သည်ဟု ကြားသိရကြောင်း အောင်ပန်းမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ယမန်နေ့က ရဲဝန်ထမ်းများနေထိုင်သော ရဲရိပ်သာတစ်ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု မရှိဟု ကြားသိရကြောင်း လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ကျေးရွာအနီးတွင် ယမန်နေ့ (မတ် ၂၂) လက်နက်ကိုင်တပ်သားများ တင်ဆောင်လာသော စစ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်ကြောင်း ဂန့်ဂေါမြို့ နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကားတိမ်းမှောက်ခြင်းနှင့် ပတ်သက်၍ အသေအပျောက် မည်မျှရှိသည်ကို မသိရသော်လည်း ယနေ့ (မတ် ၂၃) နေ့လယ်ပိုင်းတွင် လက်နက်ရှာသည်ဟု အကြောင်းပြကာ ကားမှောက်သည့် နေရာအနီးရှိ ကျေးရွာများကို စစ်သည်အင်အား ၂၀၀ ခန့် စစ်ကား ၁၁ စီးဖြင့် ရောက်ရှိလာကာ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနေသည်ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဇရပ်ဖြူကုန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတာဝန်ခံ ရွေးချယ်ခန့်အပ်ရန် မတ် ၁၉ ည၌ အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင် ငါးဦးရောက်လာကာ ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မဲပလဲ့ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်တစ်ဦးကိုပါ ပစ်သတ်ခဲ့သည်။

ထို့ပြင် မြဝတီခရိုင်အတွင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သော CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်သူများ ဖမ်းဆီးနိုင်ရေးအတွက် ထွေအုပ်ရုံးဝန်ထမ်း ၆ ဦးကို လိုက်လံစုံစမ်းစေခဲ့ရာ အဆိုပါရုံးဝန်ထမ်း ၆ ဦးပျောက်ဆုံးနေကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ယနေ့ ရေးသားထားသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြအရပ်သား ပြည်သူများအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေ သောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့ နီးစပ်ရာ ထွက်ပြေးတိမ်း ရှောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေသည်။

ချင်းပြည်နယ်နှင့် နယ်ချင်းစပ်တည်ရှိနေသော အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သူ ရဲဝန်ထမ်းများက ၎င်းတို့၏ မိသားစုဝင်များအပါအဝင် စစ်တပ်ဘက်၌ မရပ်တည်သူတိုင်းကို ပစ်သတ်ရန် အာဏာသိမ်းစစ်ကောင်စီက အမိန့်ပေးထားကြောင်း CNA သတင်းဌာနက မတ် ၁၉ တွင် ရေးသားထား သည်။ 

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် CDM ပြုလုပ်ကာ အိန္ဒိယနိုင်ငံ သို့ထွက်ပြေးတိမ်းရှောင်ခဲ့သူ ရဲတပ်ဖွဲ့ဝင် ရာဂဏန်းရှိပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ (မတ် ၂၂) ထုတ်ပြန်ချက် အရ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၂၆၁ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၆၈၂ ဦးရှိသည်။ 

Show More

Related Articles

Back to top button