သတင်း

အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ၊ ဒဏ်ရာရသူ ၂၄၀၀ ရှိ 

မန္တလေးတစ်ခုတည်းတွင် သေဆုံးသူ ၇၀၀ နီးပါးရှိ

ယမန်နေ့က မန္တလေးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၀၀၂ ဦးရှိလာပြီး ဒဏ်ရာရသူ ၂၃၇၆ ဦး ကျော်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

စစ်ကောင်စီထုတ်ပြန်ချက်အရ မန္တလေးတိုင်းတစ်ခုတည်းတွင် သေဆုံးသူ ၆၉၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၆၇၀ ဦးရှိကြောင်း  စစ်ကောင်စီက ယနေ့ မတ် ၂၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေဆဲ့ဖြစ်၍ ထိခိုက်သေဆုံးမှုပိုတိုးလာဖွယ်ရှိသည်။ 

မန္တလေးမြို့ရှိ ကျုံးမြို့ရိုး၊ မဟာမုနိဘုရားမုဒ်ဦးအပါဝင် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦးများ၊ ဟိုတယ်နှင့် လူနေအဆောက်အဦးများစွာ ပြိုကျပျက်စီးသွားပြီ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်းနှင့် အခြားမြို့နယ်များတွင်လည်း ငလျင်ဒဏ်ကြောင့် လမ်းနှင့် တိုက်တာအဆောက်အဦးများပျက်စီးကာ လူထိခိုက်သေဆုံးမှုများရှိနေသည်ဟု သိရသည်။  

နေဆက်တွဲငလျင်များလှုပ်ခတ်နိုင်ခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲသဖြင့် အဆောက်အဦးများ ပြိုကျနိုင်သဖြင့် မန္တလေးမြို့ဒေသခံများသည် ကျုံးဘေးလမ်းအပါဝင် လမ်းမများ၊ ကွင်းပြင်များတွင် နေထိုင်နေကြကြောင်း မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 


မန္တလေးတွင် ငလျင်ကျ ပြိုကျပျက်စီးမှုများဖြစ်ပေါ်နေပုံ (EPA) 


လျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး စားရေးသောက်ရေးအခက်ခဲရှိကြောင်း ၎င်းက ပြောသည်။

“လူတွေက ခုက လမ်းမှာ။ ကျုံးဘေးပလက်ဖောင်းမှာ အများကြီးပဲ။ ရပ်ကွက်ထဲကလူတွေဆိုလည်း  ကွင်းရှိတဲ့နေရာကြီးမှာ နေနေရကြတယ်” ဟု ၎င်းက ပြောသည်။ 

“ဖြစ်တာက တော်တော်ကို ပျက်စီးတယ်။ နေရာတော်တော်များများပဲ။ ဘယ်နေရာ ထိခိုက်မှု အများဆုံးလို့ ပြောရမှန်းကိုမသိဘူး။ ၂၆ လမ်းတစ်လမ်းလုံးလိုလိုပဲ။ ဘယ်လိုမှ နေလို့မဖြစ်တဲ့ ဟာတွေချည့်ပဲ။ လုံးဝပြိုကျသွားတဲ့အဆောက်အဦးတွေလည်းရှိတယ်။ ပြီးရင် တိုက်တွေကွဲပြီးတော့ နေလို့မဖြစ်တဲ့ဟာပေါ့။ လေနည်းနည်းပြင်းရင်တောင်ပြိုကျမယ့်ဟာမျိုးတွေ” ဟု သူက ဆိုသည်။ 

 စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်အများစုလည်းမဖွင့်နိုင်ကြသေးသလို လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အစားသောက်ချက်ပြုတ်ရန်လည်းအခက်ခဲရှိသည်ဟု သူက ဆိုသည်။ စက်သုံးဆီဆိုင်များတွင်လည်း လူဦးရေအများအပြားတိုးကြိတ်ဝယ်ယူနေကြာင်း ၎င်းက ဆိုသည်။

မန္တလေးတွင်သာမက အခြားမြို့နယ်များတွင်လည်း ငလျင်ဒဏ်ခံခဲ့ရ၍ လမ်းများပြတ်တောက်နေခြင်း၊ အားလုံးနီးပါး သဘာဝဘေးဒဏ်ခံရခြင်းကြောင့် ပြည်သူအချင်းချင်း အစားအစာနှင့် အကူအညီပေးရန် အခက်ခဲတွေ့နေကြောင်း ၎င်းက ပြောသည်။  

အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် စစ်ကိုင်း၊ မန္တလေး မကွေး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ လူထိခိုက်သေဆုံးမှုများစွာရှိနေသည်။

Related Articles

Back to top button