အတွေးအမြင်အာဘော်

ကပ်ဘေးမျိုးစုံဆိုက်နေသော မြန်မာပြည် နလံထူနိုင်ပါအံ့လော  

ရင်ဆိုင်နေရသော ဘေးဒုက္ခဆိုးကြီးကို ကျော်လွှားနိုင်ရန် ပြည်သူတို့၏စွမ်းအား၊ နိုင်ငံ၏ အရင်းအမြစ်များနှင့် လုံးဝ မလုံလောက်၊ မစွမ်းဆောင်နိုင်တော့သည်ကို တွေ့မြင်နေရပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်မှ စတင်၍ မြန်မာပြည်သူများသည် ကပ်ဘေးမျိုးစုံဆိုက်ရောက်ခြင်းကို ကြုံတွေ့ခံစားနေရပြီး၊ ကပ်ဘေးတစ်ခုမှ ပြန်လည်ထူထောင်ရန် အပြည့်အဝ ကုစားနိုင်ခြင်း မရှိသေးမီ နောက်ထပ်ကပ်ဘေး တစ်ခု ဆင့်ကဲရင်ဆိုင်ရခြင်းနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့လာရသည်။

မတ်လ ၂၈ ရက်နေ့ နေ့လယ်တွင် ပြင်းအား ၇.၇ အဆင့်ရှိပြီး၊ နိုင်ငံ၏ ဗဟိုချက်မှ လှုပ်ခတ်သွားခဲ့သော ငလျင် ကြီးသည် မြန်မာပြည်သူများ၏ သက်ရှိမှတ်ဉာဏ် (Living Memory) တွင် အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီး ဟု ဆိုချင်ပါသည်။ 

သဘာဝဘေးအန္တရာယ်ကပ်ဘေးများကို ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ မည်သည့်လူမျိုးကမျှ ရှောင်ရှားနိုင်ခြင်းမရှိ သလို၊ မြန်မာနိုင်ငံလည်း ရှောင်၍ မရပါ။ သိုသော် “လူလုပ် ကပ်ဘေး” (Man-made Disaster) များသည် ရှောင်ရှား၍ရသော ကပ်ဘေးများဖြစ်ပြီး၊ လူသားများအနေဖြင့် ကြုံတွေ့ခံစားထိုက်ခြင်း မရှိသလို၊ အဆိုပါ ကပ်ဘေးကို ဖန်တီးကြသူများတွင် အဓိကတာဝန် ရှိသည်။ 

ယနေ့ မြန်မာနိုင်ငံနှင့် ပြည်သူများသည် သဘာဝကပ်ဘေးနှင့် လူလုပ်ကပ်ဘေး နှစ်မျိုးစလုံးကို တစ်ပြိုင်နက် တည်း ရင်ဆိုင်နေရသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ပြန်လည်နလံထူနိုင်ပါတော့မည်လား ဆိုသည့် အလွန် စိုးရိမ်စရာကောင်းသော အခြေအနေဆိုက်ရောက်နေပြီး၊ မြန်မာ့အနာဂတ် ပျက်သုဥ်းကိန်း ဆိုက်ရောက်နေပြီ ဟု ဆိုချင်ပါသည်။ 

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်ကပ်ဘေးမှသည် နှစ်စဥ် ခပ်စိပ်စိပ် ကြုံတွေ့လာရသည့် ရေဘေးနှင့် မုန်တိုင်းဘေးများ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားမှု အလျင်မမီဖြစ်နေကြရသော မြန်မာပြည်သူများ နောက် ဆုံးကြုံတွေ့နေရသော အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီး ဖြစ်သည်။

ထိုအခြေအနေတွင် သဘာဝကပ်ဘေးများကဲ့သို့ အချိန်တစ်ခုတွင် ရပ်တန့်ပြီးဆုံးသွားခြင်း မရှိဘဲ၊ ထိုကပ်ဘေး များထက်ပင် အဆပေါင်းများစွာ ပို၍ဆိုးရွားပြီး၊ နေ့တိုင်း အချိန်တိုင်း ပြည်သူတို့၏ အသက် အိုးအိမ်များကို ဖျက်ဆီးနေသော “လူလုပ်ကပ်ဘေး” များဖြစ်သည့် စစ်အာဏာသိမ်းမှု၊   နိုင်ငံအနှံ့ ပြည်တွင်းစစ်ဘေးတို့ ပေါ်ပေါက်လာသည်။ လူလုပ်ကပ်ဘေးတို့ကြောင့် မြန်မာပြည်သူများ အသက်ရှင်သန်နိုင်ခွင့်နှင့် မျိုးဆက်တစ်ခုလုံး၏ အနာဂတ်ကို အကြီး မားဆုံး ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်ခဲ့သော ၄နှစ် လုံးလုံးဖြစ်ပြီး၊ ယနေ့ကြုံတွေ့နေရသော စစ်ကိုင်း ငလျင်ဘေးနှင့် တစ်ပြိုင်တည်း တစ်နိုင်ငံလုံးအနှံ့ရှိ ပြည်သူများ ခံစားနေရသည်ကို မမေ့အပ်ပေ။  

ယနေ့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသော တစ်မျိုးသားလုံးဆိုင်ရာ ဘေးဒုက္ခဆိုးကြီးကို ကျော်လွှားနိုင်ရန်၊ မြန်မာပြည်သူတို့၏စွမ်းအား၊ မြန်မာပြည်၏ အရင်းအမြစ်များနှင့် လုံးဝ (လုံးဝ) မလုံလောက်၊ မစွမ်းဆောင်နိုင်တော့သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝဘေး ဒဏ်နှင့် လူလုပ်ကပ်ဘေးဒဏ် နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းမှသာ နိုင်ငံ၏ရေရှည်အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်သည်။ 

ထို့ကြောင့် စစ်ကိုင်းငလျင်ဘေးအပါအဝင် သဘာဝဘေးဒဏ်များနှင့် လူလုပ်ကပ်ဘေးဒဏ်များကို တစ်ပြိုင်တည်း ဆင့်ကဲခံစားနေရသော မြန်မာပြည်သူတို့၏ လူ့ဂုဏ်သိက္ခာနှင့် လူသား၏အသက်ရှင်သန်ခွင့်ကို လေးစားသော အားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ၎င်းဖန်တီးခဲ့သော “လူလုပ် ကပ်ဘေး” ကို အပြည့်အဝ တာဝန်ယူ တာဝန်ခံပြီး၊ စစ်အာဏာသိမ်းမှုကို အမြန်ဆုံး အဆုံးသပ်ရန် လိုအပ်သည်။

ထို့အပြင် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး၏ ကြားဝင်ကူညီမှုဖြင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆောင်များ အားလုံးပါဝင်သော “အဓိပ္ပာယ်ရှိပြီး အခြေခံကျကျ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြီး” ကို တစ်ပါတည်းဖော်ဆောင်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါ ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။  

Related Articles

Back to top button