အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်းအာဘော်

“စစ်ကောင်စီနဲ့ အလားတူတဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်” – ယိင်းလျန်းဟန်

လေတပ်ဗုံးကြဲမှုကြောင့် ရှမ်းပြည်နယ်မှ အရပ်သား အများအပြား သေဆုံးနေရသည်၊ လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်သူတို့ကို သက်ညှာသင့်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က တောင်းဆိုလိုက်သည်။

စစ်ကောင်စီက ရှမ်းပြည်နယ်မှ အရပ်သားများကို ဗုံးကြဲသတ်ဖြတ် နှိပ်စက်နေချိန်တွင် အခြား လက်နက်ကိုင်အဖွဲ့များကလည်း အလားတူအမှုများ မကျူးလွန်ကြရန်  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ က တိုက်တွန်းလိုက်သည်။

 ၁၉၉၀ ပြည့်နှစ်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်လုပ်ကိုင်နေသည့် ထိုအဖွဲ့သည်
ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏လူအခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည်။

မကြာသေးမီက အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကို Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဒေသတွင်းအခြေအနေ၊  အရပ်သားများ အစုအပြုံလိုက် သေဆုံးရသည့် အကြောင်းရင်း၊ လူအင်အားနှင့် နည်းပညာအကန့်အသတ်ရှိသော ၎င်းတို့အဖွဲ့၏ စောင့်ကြည့်မှတ်တမ်းတင်နိုင်မှုတို့အကြောင်း ပြောပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တပ်မ(၉၉) ဟုခေါ်သည့် အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီတပ်သားများသည် အရပ်သားများကို တရားဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့အဓမ္မပြုကျင့် ခြင်းနှင့်နေအိမ် မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အစီရင်ခံစာ ထုတ်ပြန်ဖော်ပြနိုင်ခဲ့သည်။ တွေ့ရှိချက်များကို မြန်မာ၊ ထိုင်း၊ ရှမ်း၊ အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြနေ သည်။



မေး။    ။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ လတ်တလောလုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။

ဖြေ။    ။  ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ပြီး မှတ်တမ်းယူနေပါတယ်။ ပြီးတော့ ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့ သယံဇာတ အလွန်အကျွံ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ စောင့်ကြည့်မှတ်တမ်းယူနေတာတွေလုပ်နေပါတယ်ရှင့်။

မေး။     ။   ရှမ်းပြည်နယ်မှာ လူအခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာမြင့်တက်လာတာရှိလား။

ဖြေ။     ။  ရှမ်းပြည်နယ်က အရင်တည်းကလည်း တိုက်ပွဲဖြစ်နေတဲ့ဒေသလည်း ဖြစ်တယ်၊ မအေးချမ်းတဲ့ဒေသလည်းဖြစ်တဲ့အတွက်ကြောင့် မြေပြင်မှာ အချင်းချင်းသတ်ဖြတ်တာတွေ၊ ပစ်ခတ်သတ်ဖြတ်ခံရတာတွေကတော့ သိပ်ပြီးမထူးခြားဘူး၊ အရင်လိုပဲ။ အရင်က ဆိုးရွားနေသလို အခုလည်း ဆက်ပြီးဆိုးရွားနေတုန်းပဲ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေပိုဖြစ် လာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးမှ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ပိုများလာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ နောက်ပြီးတော့ မြေမြှုပ်မိုင်း ပေါ့၊ မြေမြှုပ်မိုင်းတွေကလည်း တော်တော်ကို ဆိုးလာတယ်ရှင့်။ 

အဓိကကတော့ လေကြောင်းတိုက်ခိုက်မှုပေါ့နော်။  အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းမြောက်မှာ အရပ်သားတွေ အများဆုံးသေဆုံးရတာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်။

မေး။    ။ အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးဆုံး လူအခွင့်အရေးချိုးဖောက်မှုက ဘာဖြစ်မလဲ။

ဖြေ။    ။ အဆိုးရွားဆုံးဆိုရင်တော့ အများကြီးပဲ။ စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ဟာတွေက တော်တော် များတယ်။ လေကြောင်းတိုက်ခိုက်မှုဆိုရင်လည်း အစုလိုက်အပြုံလိုက်သေဆုံးတဲ့တိုက်ခိုက်မှုဆိုရင် သိန္နီ ရှိတယ်၊ ကျောက်မဲရှိတယ်၊ နောင်ချိုရှိတယ်။ အထူးသဖြင့် နောင်ချိုမှာဆိုရင် အရပ်သားတွေနေတဲ့ လက်ဖက်ရည်ဆိုင်တွေကို ဗုံးကြဲတာတွေ  ဖြစ်စဉ် နှစ်ခု၊ သုံးခုလောက်အထိကို ရှိတယ်။ 

နောက်တစ်ခုဆိုရင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီတုန်းက ဖြစ်ခဲ့တဲ့ KIA နဲ့ စစ်ကောင်စီ တိုက်ပွဲတွေကြား မှာ မိုးမိတ်မှာရှိတဲ့ အမျိုးသမီးတွေကို Rape လုပ်တဲ့  (မုဒိမ်းကျင့်တဲ့) ဟာတွေဆိုရင်လည်း တော်တော် ဆိုးဆိုးရွားရွားတွေဖြစ်တယ်။ ပြီးတော့ ရှမ်းတောင်နဲ့ အလယ်ပိုင်းဒေသတွေမှာလည်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ခံရတာတွေလည်းရှိတယ်ဆိုတော့ အများကြီးပဲရှင့်။ ဘယ်ဟာက အဆိုးဆုံးလို့ ပြောလို့ မရနိုင်ဘူး။ 

ကျွန်မတို့ မှတ်တမ်းပြုစုထားရသလောက်ဆိုရင်တော့ အာဏာသိမ်းပြီးနောက် ရှမ်းပြည်ထဲမှာဆိုရင် စစ်ကောင်စီရဲ့  လေကြောင်းဗုံးကြဲတာတွေ၊  လူ ၁၀ ဦးဝန်းကျင်နဲ့ ၁၀ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ(တွေ) ကတော့ ဖြစ်စဉ် ၁၅ ခုထက်မနည်း ရှိတယ်ရှင့်။ များလွန်းလို့ အဆိုးဆုံးကတော့ ဘယ်ဟာပြောရမှန်း မသိတော့ဘူး ။ ဖြစ်တဲ့နေရာတွေကတော့ ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်း၊ ရွာငံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မှာဖြစ်တယ်၊ ပြီးတော့ သိန္နီမှာဆိုရင်လည်း တော်တော်များများဖြစ်ခဲ့တယ်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်   မြို့နယ် ၃ ခုတွင် ၁၇ ဦး သေဆုံးခဲ့သည်။

မေး။    ။ ၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီမရှိတော့ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ် တဲ့ ဒေသတွေမှာ လူအခွင့်အရေးချိုးဖောက်မှု ဘာတွေတွေ့ရလဲ၊ လူမှုစီးပွားရေး ဘာတွေ ပြောင်းလဲသွား လဲ။

ဖြေ။    ။ မြေသိမ်းတာတွေရှိမယ်။ နည်းနည်းဆိုးဆိုးရွားရွားကတော့ ကွတ်ခိုင်မှာဖြစ်သွားတဲ့ အရပ်သား တွေ ဆန္ဒပြတာကို MNDAA တပ်ဖွဲ့က ပစ်ခတ်တာရှိမယ်။ ပြီးတော့ ဖမ်းဆီးခံရတာတွေရှိတယ်။ အရမ်း ကြီးကြီးမားတာတွေကတော့ မတွေ့ရသေးဘူး။ လက်ရှိကတော့ တော်လှန်ရေးကာလလည်း ဖြစ်တယ်။ ပြီီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နယ်မြေစိုးမိုးထားတာပဲရှိသေးတယ်၊ အခုအချိန်အထိ ငြိမ်းချမ်းတဲ့ နေရာတွေမဟုတ်သေးတော့ လူမှုရေး၊ စီးပွားရေးကိစ္စတွေကတော့ စစ်ဖြစ်နေတဲ့ အခြားဒေသတွေလိုပါပဲ။ 

မေး။    ။ စစ်ကောင်စီမရှိတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခွန်ကောက်ခံမှုနဲ့ စစ်မှုထမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အဆင်မပြေတဲ့အကြောင်း ဒေသခံအချို့က တိုင်ကြားတာမျိုးတွေရှိလားဗျ။

ဖြေ။    ။ အဲဒီကိစ္စတွေကတော့ အသေးစိတ်မသိရသေးဘူးရှင့်။ လောလောဆယ် ကျွန်မတို့ရဲ့လူအင်အား အခြေအနေရယ်၊ ကျွန်မတို့ရဲ့ မြေပြင်ကို ရောက်နိုင်စွမ်းရယ်ကြောင့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ပစ်မှတ်ထားပြီးမှ လုပ်နေရလို့ပါရှင့်။ စစ်ကောင်စီရဲ့ လူအခွင့်အရေး ချိုးဖောက်မှုကလည်း လောလောဆယ်မှာဆိုရင်တော့ လေကြောင်းတိုက်ခိုက်မှုက အဆိုးဆုံးပါပဲ။

မေး။    ။ MNDAA အဖွဲ့ရဲ့ကွတ်ခိုင်မြို့နယ်က ဒေသခံတွေကို ပစ်ခတ်မှုလိုမျိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ။    ။ စစ်ကောင်စီပဲ အုပ်ချုပ်သည်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေပဲ အုပ်ချုပ်သည်ဖြစ်စေ လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ စံနှုန်းတွေကို လိုက်နာသင့်တယ်။ ဒါကတော့ တော်လှန်ရေးကာလမို့လို့ ဆိုတာမျိုးတော့ မရဘူး။

အဓိကကတော့ လက်ရှိကာလမှာက ကျွန်မတို့ စစ်ကောင်စီကို အနိုင်တိုက်နိုင်တာမျိုး မဟုတ်သေးဘူး၊ စစ်ကောင်စီရဲ့ နယ်မြေတချို့ကိုပဲ ကျွန်မတို့ ရထားတာပဲရှိသေးတယ်။ ဒီလိုမျိုး လူအခွင့်အရေး ချိုးဖောက်မှုတွေ ရေရှည်ဖြစ်လာရင်တော့ စစ်ကောင်စီအတွက် ဝမ်းသာအားရဖြစ်စေမဲ့ကိစ္စ ဖြစ်တဲ့ အတွက်၊ ဒီလိုမျိုး မဖြစ်အောင် MNDAA မှ မဟုတ်ပါဘူး….လက်နက်ကိုင်အဖွဲ့တိုင်းက လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ စံနှုန်းတွေကို အောက်ခြေတပ်သားတွေကို ကြပ်ကြပ်မတ်မတ်နဲ့ထိန်းသိမ်းပြီး ပညာပေးတာမျိုး လုပ်တာတွေ ၊ အဖွဲ့ရဲ့ ဥပဒေသတ်မှတ်တာတွေ လုပ်သင့်တယ်။

၂၀၂၄ ဇန်နဝါရီက စစ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မိုးမိတ်မြို့တွင်းမှ ဘုန်းကြီးကျောင်း တစ်ခု။  (ဓာတ်ပုံ – ပေးပို့)

မေး။      ။ စစ်ကောင်စီတပ် မရှိတဲ့နောက် ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပွတ်တိုက်မှုတွေက ဒေသခံတွေအပေါ် သက်ရောက်မှုရှိနိုင်လား။

ဖြေ။     ။ ကျွန်မတို့ မြေပြင်မှာရှိတဲ့ ပြည်သူတွေနဲ့တော့ မဆိုင်ဘူးရှင့်၊ လက်နက်ကိုင်အချင်းချင်းကြား ပြဿနာကို လက်နက်ကိုင်အချင်းချင်းတွေ့ဆုံပြီး ဖြေရှင်းသင့်တယ်။ မြေပြင်မှာရှိတဲ့ ပြည်သူတွေနဲ့ သူတို့နဲ့က အတူတူမဟုတ်တဲ့အတွက် လက်နက်ကိုင်အချင်းချင်းပဲ ရှင်းစေချင်တယ်၊ ပြည်သူတွေကို မပတ်သက်ဖို့ ပြောချင်တယ်။ ပြီးတော့ ဒါကတော့ ရေရှည်စောင့်ကြည့်ရမဲ့အရာလို့ ပြောရမယ်။ 

လောလောဆယ်မှာ အနည်းနဲ့ အများတော့ လက်နက်မကိုင်ထားတဲ့ ပြည်သူတွေ အချင်းချင်းကြားမှာ လည်း မတော်တဆ စကားများတာ၊ အဆင်မပြေတာတွေရှိတယ်။ ဒီလိုပဲ လက်နက်ကိုင်ထားတဲ့လူတွေ ဆိုတော့လည်း ပွတ်တိုက်မှုတွေရှိနိုင်တယ်။ ရေရှည်မှာတော့ ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်မယ်လို့ ပြောချင်ပါတယ်။

မေး။     ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာရော ဘယ်အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးလဲ။

ဖြေ။     ။ ကျွန်မတို့ရဲ့ လူအင်အားအရ အဖွဲ့အကြီးကြီးမဟုတ်ဘဲ လူအင်အားအကန့်အသတ်နဲ့ လုပ်ရလို့ လောလောဆယ်မှာတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကထားပြီးလုပ်နေတာ ပေါ့နော်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ကျွန်မတို့ စောင့် ကြည့်နေတယ်။ အသေးစိတ်မှတ်တမ်းတင်တာမျိုးတော့ မလုပ်နိုင်သေးဘူးရှင့်။ ဒါကလည်း ကျွန်မတို့ လူအင်အားအခြေအနေနဲ့ နည်းပညာ အခက်အခဲအကုန်လုံးကြောင့်ပါ။

မေး။     ။ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရော ဘာပြောချင် လဲ။

ဖြေ။     ။ အဓိကကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာက စစ်ကောင်စီကို မကြိုက်လို့ စစ်ကောင်စီကို တော်လှန်ကြတာ။ အဲဒါကြောင့်မို့လည်း စစ်ကောင်စီနဲ့ အလားတူတဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ တောင်းဆိုချင်တယ်၊ ကျွန်မတို့ ပြည်သူတွေကိုသက်ညှာပေးဖို့၊ စစ်ကောင်စီလိုချင်တဲ့လမ်းအတိုင်း မသွားဖို့ တောင်းဆိုချင်ပါတယ်။ ပြည်သူကိုပဲ မျက်နှာမူပေးကြပါ…ပြည်သူတွေအသံကို နားထောင်ပေးကြပါလို့ပဲ…ပြောချင်ပါတယ်။

မေး။     ။ ပဋိပက္ခတွေကြား နေနေရတဲ့ ရှမ်းလူထုကိုရော ဘယ်လို သတင်းစကားပါးချင်လဲ။

ဖြေ။     ။ ကျွန်တို့အနေနဲ့ လက်နက်ကိုင်တွေရဲ့ ပဋိပက္ခတွေကြားမှာ အေးအတူ ပူအမျှနဲ့ အတူတကွ နေထိုင်လာခဲ့ကြတယ်။ လူမျိုးရေး ပဋိပက္ခနဲ့ ဘာသာရေးပဋိပက္ခဆိုတာလည်း ရှမ်းမြောက်မှာ အရမ်းရှား တယ်။ အခုလို အေးအတူပူအမျှနေထိုင်လာတဲ့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့၊ လက်နက်ကိုင်ထားသူတွေရဲ့ ပဋိပက္ခနဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ လက်ရှိဖြစ်နေတဲ့ ဟာတွေကို ခွဲပြီးမြင်ဖို့လိုတယ်လို့ ကျွန်မအနေနဲ့ သတိပေးချင်တယ်။ 

လက်နက်ကိုင်ထားသူတွေ သူတို့ဘာသာ သူတို့ ဖြေရှင်းတာကိုပဲ စောင့်ကြည့်ပြီး ကျွန်မတို့ ပြည်သူတွေ ဝင်မပါဘဲနဲ့ အရင်လို စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် နေသွားကြဖို့။ ပြီးတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်တွေလည်း ရှိနေတော့ သတိ၊ ဝီရိယနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက သတိပေးတဲ့အတိုင်း ကာကွယ်ကြဖို့ ပြောချင်ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၂၆ ရက်ကတွေ့ရသော တောတောင်အတွင်း တိမ်းရှောင်နေကြသော ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဖတ်ကာဒေသခံများ။ (ဓာတ်ပုံ- မြတ်ပန်း)


နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button