သတင်း

နောင်ချို၊မဲပုတ်ရွာ တိမ်ပင်လယ်စခန်းကို TNLA လက်ထဲမှ စစ်ကောင်စီပြန်သိမ်း

ကိုဗစ်ကပ်ရောဂါနှင့် အာဏာမသိမ်းခင်ကာလများက ခရီးသွားများသွားရောက်လေ့ရှိပြီး နောင်ချိုတိမ်ပင်လယ်ဟု နာမည်ကြီးသည့် မဲပုတ်ရွာကိုTNLA လက်ထဲမှ စစ်ကောင်စီပြန်လည် သိမ်းပိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အမြောက်တပ်များအခြေစိုက်ထားသည့် တောင်းခမ်းရွာနှင့် အနီးဝန်းကျင် ဒေသများကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၂၅ရက်)က တောင်းခမ်းရွာ အရှေ့မြောက်ဘက်ရှိ ၈မိုင်ခန့်အကွာမှ မဲပုတ်ရွာကို သိမ်းပိုက်ရရှိသွားသည်ဟု သိရသည်။


အဆိုပါကျေးရွာသည် တိမ်ပင်လယ်ဟုခေါ်သည့် ခရီးသွားရှုခင်းအတွက် နာမည်ကြီးပြီး ကိုဗစ်ကပ်ရောဂါနှင့် အာဏာမသိမ်းခင်ကာလများက ခရီးသွားများသွားရောက်လေ့ရှိသည်။

 ၂၀၂၄ ဩဂုတ်လနောက်ဆုံးပတ်က ရှေ့တန်းတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-TNLA ပြန်ကြားရေး)
၂၀၂၄ ဩဂုတ်လနောက်ဆုံးပတ်က ရှေ့တန်းတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-TNLA ပြန်ကြားရေး)

ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ စတင်ပြီး နောင်ချိုမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ တောင်းခမ်းရွာ အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် အမှတ်(၃၅၄),(၂၀၆),(၄၀၆) စသည့် အမြောက်တပ် များကို TNLA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

နောင်ချိုမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် စစ်ရေးအရ အရေးကြီးသည့် တောင်းခမ်းရွာကို လက်မလွှတ်ရရေး ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်နေရာ တောင်းခမ်းရွာအရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ကျေးရွာအချို့ကို ဖေဖေါ်ဝါရီ လကုန်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။


လက်ရှိတွင် တောင်းခမ်းဒေသပတ်လည်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေဆဲဖြစ်ပြီး TNLA ပူးပေါင်းတပ်ကလည်း အချို့နေရာများကို ပြန်လည်ထိုးစစ်ဆင်နေကာ အပြန်အလှန် တိုက်ခိုက်နေကြဆဲဖြစ်သည်ဟု TNLA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 


“လောလောဆယ် စစ်ရေးတိုက်ပွဲပြင်းထန်နေတယ်၊ အခြေအနေအရ ဗျူဟာအရ‌တော့ ဒီအချိန်မှာ ဆုတ်တဲ့နေရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တိုးတဲ့နေရာတွေလည်း ရှိပါတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တချို့အဓိက ဗျူဟာနေရာတွေကတော့ မကျသေးပါဘူး၊ စစ်ကောင်စီအနေနဲ့ အပြင်းအထန် ထိုးစစ်ဆင်တယ်၊ ဒါဟာ စိတ်ဓါတ်စစ်ဆင်ရေးတစ်ရပ်လို့ပဲ နားလည်တယ်”

တောင်းခမ်းရွာမှာ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့်  ကားလမ်းအတိုင်း မိုင် ၅၀ ခန့်သာဝေးပြီး အဖြောင့်တိုင်းလျှင် မိုင် ၂၀ ကျော်သာ ဝေးကာ ရှမ်းမြောက်နှင့် ရှမ်းတောင်ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိနေသည်။

TNLA လက်လွှတ်လိုက်ရသည့် မဲပုတ်ရွာမှာ တောင်းခမ်းရွာ၏ အရှေ့မြောက်ဘက်တွင်ရှိပြီး စစ်ကောင်စီက တောင်းခမ်းရွာ၏ မြောက်ဘက်တွင်ရှိသည့် နောင်ချိုမြို့ကို ဦးတည်ပြီး ထိုးစစ်ဆင်လာနိုင်သည်ဟု တောင်းခမ်းတိုက်ပွဲသို့ ရောက်ရှိနေသည့် မြေပြင် သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။

နောင်ချိုမြို့၏ အနောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ ဆမ္မဆယ်ရွာဘက်ရှိ စစ်ကောင်စီတပ်များကလည်း နောင်ချိုမြို့သို့ ဦးတည်သည့် ထိုးစစ်များ ပြုလုပ်နေသည့်အတွက် နောင်ချိုမြို့မှာ စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

ထို့အပြင် တောင်ခမ်း- ရပ်စောက်လမ်းမကြီးမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့တို့မှ စစ်ကူများကို တောင်းခမ်းရွာသို့ စစ်ကောင်စီတပ်က အဆက်မပြတ် ပို့ဆောင်နိုင်နေသည်ဟု သိရသည်။

စစ်ကောင်စီ၏ တောင်းခမ်းထိုးစစ်မှာ မနက်ဖြန်ကျရောက်မည့် တပ်မတော်နေ့အတွက် ပြင်းဦးလွင်မြို့နှင့် မန္တလေးတိုင်းရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်မခံရရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု TNLA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“လတ်တလောအနေအထားကတော့ ပုံမှန်တိုက်ပွဲကတော့ ရှိနေတယ်၊ နေ့တိုင်းကတော့ စစ်ကောင်စီထိုးစစ်တွေကို ကျွန်တော်တို့ဘက်က ဗျူဟာကျကျ တန်ပြန်နိုင်ဖို့အတွက်တော့ လှုပ်ရှားနေတာတွေတော့ ရှိပါတယ်” ဟု အဆိုပါ TNLA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button