ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ခလယ်ဒေးကျေးရွာအနီးရှိ ပိတ်ဆို့တိုက်ခိုက်နေသော စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ (မတ် ၂၅ ရက်) ညနေတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ထုတ်ပြန်သည်။
မတ်လ ၂၂ ရက်နေ့ကတည်းက KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ၏ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ (၂၂)၊ (၂၄) တို့ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ၃ ရက်အကြာတွင် စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း များလည်း သိမ်းဆည်းရမိခဲ့သည်။
ခလယ်ဒေးစစ်တပ်စခန်းသည် ရွာ၏အရှေ့မြောက်ဘက် တောင်ကုန်းပေါ်တွင် အခိုင်အမာတည်ရှိသော စခန်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်နိမိတ်သောင်ရင်းမြစ်နှင့် ၂ မိုင်ကျော်သာ ကွာဝေးပြီး KNU တပ်မဟာ (၇) နယ်မြေအတွင်း တည်ရှိ သည်။
၂၂ ရက်နေ့တွင် ဒရုန်းဖြင့် KNU ဘက်က စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ခဲ့ရာ မတ် ၂၄ ရက်နေ့ တွင် လေကြောင်းပစ်ကူအနေဖြင့် တိုက်ခိုက်ရေးလေယာဉ် ၂ စင်းဖြင့် ဗုံး ၄ လုံး၊ Y-12 ထောက်ပို့လေယာဉ် ဖြင့် ဗုံးအလုံး ၃၀ ကျော်ကို တိုက်ပွဲဖြစ်ရာနေရာသို့ ကြဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဆက်တောင့်ခံနိုင် ခြင်းမရှိတော့ဘဲ ယမန်နေ့တွင် စခန်းရှိလက်နက်ခဲယမ်းများ မီးရှို့ဖျက်ဆီးကာ စခန်းစွန့်ခွာထွက်ပြေးကြ ကြောင်း KNU ဘက်က ဆိုသည်။
အဆိုပါစခန်းအား တက်သိမ်းစဥ် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၂ ဦးနှင့် တပ်ခွဲမှူး ၁ ဦး အပါအဝင် ထွက် ပြေးလွတ်မြောက်သွားသူများရှိသည်ဟု KNLA တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒီကွယ်ထူးက ကရင်သတင်းဌာန KIC သို့ ပြောထားသည်။
“သေတာ ၂ ယောက် ထိတာ ၂ ယောက် ရိုးရိုးတပ်သားတွေပဲ။ စခန်းမှာက စုစုပေါင်း ၂၀ ကျော်ရှိတာ။ သူများတက်သိမ်းတော့ ထွက်ပြေးသွားတာရှိသေးတယ်။ အဲဒီထဲမှာ တပ်ရင်းမှူး ၂ ယောက်နဲ့ တပ်ခွဲမှူး ၁ ယောက်ပါတယ်။ ဘယ်ပြေးသွားလဲတော့မသိဘူး။ လိုက်ရှာနေတုန်းပဲ”
မတ် ၂၄ ရက်နေ့က မြန်မာဘက်မှ ပြင်းထန်နေသော တိုက်ပွဲကြောင့် ထိုင်းလေတပ်မှ လေယာဉ် ၂ စီး နယ်စပ်တွင် ကင်းလှည့်ပျံသန်းခဲ့ရကြောင်း ထိုင်းသတင်းဌာနတချို့ ဖော်ပြချက်အရ သိရသည်။

ခလယ်ဒေးစစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေးရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သောစခန်းတစ်ခုဖြစ်ပြီး ၎င်းစခန်း စတင်တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနေထိုင် လုပ်ကိုင်စားသောက်ခွင့်များ အကန့်သတ်ခံခဲ့ရကြောင်း KNU က ဆိုသည်။
ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ခလယ်ဒေးရွာအနီးရှိ အဆိုပါ စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်လျက်ရှိ သည်ဟု ဆိုသည်။
ခလယ်ဒေးစခန်းအား ရှင်းလင်းစဉ်အတွင်းစစ်သား ၂ ဦး အလောင်း၊ ပွိုင့်ဖိုက် ၁ လက်၊ ပွိုင့်ဖိုက် ပြောင်း ၂ ခု၊ ၆၀ မမ အရှည် ၁ လက်၊ ၆၀ မမ အတို ၁ လက်၊ RPG-7 ၁ လက်၊ MA-2 ၃ လက်၊ Jammer ၁ လုံး၊ မိုင်းရှာ စက် ၁ ခု၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ၁၆ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ကျည် ၂၇ လုံး၊ ဗုံး ၁၀ လုံး၊ ၈၁ မမ ကျည် ၂ လုံး ၊ ၄၀ မမ ကျည် ၃၂ လုံး၊ RPG-7 ကျည် ၁၄ လုံး၊ ၇.၆၂ ကျည် နှစ်သောင်း၊ ၅.၅၆ ကျည် ရှစ်ထောင်၊ တိုက်မိုင်း ၆၀ လုံး အပါအဝင် အသုံးအဆောင် တချို့ သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီအခြေစိုက်ရာ ဘားအံမြို့နှင့်နီးကပ်သော တပ်မဟာ (၇) နယ်မြေတွင် ၂၀၂၄ ဒီဇင်ဘာ ၁၆ ရက် နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောအား တပ်မဟာ (၅) ဖာပွန်ခရိုင်တပ်များ နှင့် ပူးပေါင်းသိမ်းယူခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။
ယခင်က တပ်မဟာ (၇) တွင် တိုက်ပွဲများမရှိဘဲ KNU ၏ တပ်မဟာ (၁)၊ (၂)၊ (၃) နှင့် အထူးသဖြင့် တပ်မဟာ (၄) နှင့် (၆) တို့တွင်သာ တိုက်ပွဲများ ပိုပြင်းထန်ခဲ့သည်။
တပ်မဟာ (၇) ဘားအံခရိုင်တွင် KNU ဌာနချုပ်၊ တပ်မဟာ (၇) ဌာနချုပ်၊ KNU တပ်များဖြစ်သော ကရင် အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ဌာနချုပ်များအခြေစိုက်သည်။
မတ် ၁၄ ရက်နေ့က ကရင်ပြည်နယ် ပိုင်ကျုံမြို့ဝန်းကျင်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၃၁) အခြေစိုက်ရာ ပွိုင့် ၁၂၄၈ စခန်းခေါ် ပူးလူးတူတပ်စခန်းကို တပ်မဟာ (၇) တပ်များ က တိုက်ခိုက်သိမ်းပိုက် ထားသည်။
ပူးလူးတူစခန်းကို တိုက်ခိုက်ပြီးနောက်တွင် တပ်မဟာ (၇) လက်အောက်ခံတပ်များသည် ၎င်းတို့နယ်မြေ အတွင်းရှိ စစ်ကောင်စီခြေကုပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းလာသည်။
KNU အဆင့်မြင့်အရာရှိတစ်ဦးကမူ KNU အနေနှင့် ၎င်း၏ အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီ တပ်စခန်းများ မရှိစေရဆိုသည့်မူကို ချထားသဖြင့် တပ်မဟာ (၇) သည် စစ်ကောင်စီတပ်ကို တိုက်ခိုက် နေခြင်းဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ပြောသည်။
“အဲဒီမူက ချထားတာကြာပြီ။ အခြားတပ်မဟာတွေလည်း တိုက်နေတာတော့ကြာပြီ။ တပ်မဟာ (၇) ကတော့ အဲဒီမူကိုအကောင်အထည်ဖော်လာတာ ၃ လလောက်တော့ရှိပြီပေါ့” ဟု ၎င်းက ဆိုသည်။
KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ ၇ ခု ရှိကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ တနင်္သာရီတိုင်းနယ်မြေတချို့ ပါဝင်နေသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ တပ်မဟာ (၇) ခြေလှမ်းစိပ်စိပ်ကြဲကြဲ စောင့်ကြည့်ရမှာပေါ့ “ ဟု ပြောသည်။




