သတင်း

ပုဏ္ဏားကျွန်းကို လေတပ် ဗုံးကြဲ၍ သုံးဦးသေ၊ ၁၅ ဦးဒဏ်ရာရ 

စစ်ရေးပြင်းထန်နေသော စစ်တွေမြို့မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရှောင်များ ရှိနေသော ဘုန်းကြီးကျောင်း ညအချိန် ဗုံးကြဲခံရပြီး ၃ ဦး သေဆုံးကာ ကလေးငယ်များအပါအဝင် ၁၅ ဦးခန့် ဒဏ်ရာ ရသွားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာတွင် စစ်ရှောင်များခိုလှုံနေသော ဘုန်းကြီးကျောင်း ကို စစ်ကောင်စီလေကြောင်းဖြင့် ယမန်နေ့(မတ် ၂၅ )ညက ဗုံးကြဲသဖြင့် သုံးဦးသေဆုံးကာ ကလေးများ အပါအဝင် ၁၅ ဦး ဒဏ်ရာရသည်ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ထုတ်ပြန်သည်။

ည ၇ နာရီခန့်က လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ရှောင်များဖြစ်သော ဦးသန်းမောင်( ၅၃ နှစ်)၊ ဒေါ်မယီ( ၄၅ နှစ်)နှင့် မောင်သက်ကျော် (၁၉ နှစ်)တို့ သေဆုံးသွားသည်။

အလားတူ  မရွှေယီ၀င်း(၂ နှစ်)၊ မောင်ဘိုနိုင်ငြိမ်း (၃ နှစ်)၊ မောင်မျိုးမြတ်ကျော် (၆ နှစ်)၊ ဦးဆန်းမေ ( ၉ နှစ်)၊ မအေးမြတ်ဝေ( ၁၅ နှစ်)၊ မမိမိုးချေ(၂၃ နှစ်)၊  ဦးလှနု(၄၈ နှစ်) ၊ ၊ ဒေါ်လှလှယီ(၅၃ နှစ်)၊ မဖြူဖြူ ကျော်(၁၉ နှစ်)၊ ကိုစောနိုင်သန်း(၂၉ နှစ်)၊ ကိုလှမြင့်ရွှေ (၂၇ နှစ်)၊ ကိုရဲလင်းစိုး( ၂၅ နှစ်) ၊ မဆန်းယီ (၃၅ နှစ်) ၊  မစိုးစိုးလှိုင် (၂၅ နှစ်)တို့ ဒဏ်ရာရသွားကြသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် တန်းခိုး၊ လိပ်ကုန်းပြင်ကျေးရွာတို့မှ ဒေသခံများက စစ်ဘေးရှောင် လာရောက်နေထိုင်နေကြခြင်းဖြစ်သည်။

ယမန်နေ့ညနေက ဗုံးကြဲသံအကျယ်ကြီးကြားလိုက်ရသဖြင့် စိုးရိမ်ကြောက်လန့်၍ အေးအေးဆေးဆေး မအိပ်လိုက်နိုင်ကြောင်း ထိုရွာအနီးမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဗုံးကြဲသံတစ်ကြိမ်ကြားလိုက်ရတယ်။ အသံအကျယ်ကြီးနဲ့ပေါ့။ အိမ်အောက်ထပ်မှာအိပ်ရတယ်။ စိုးရိမ် လို့ သိပ်မအိပ်လိုက်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

စစ်ရေးပစ်မှတ် မဟုတ်သလို စစ်မြေပြင်လည်းမဟုတ်ဘဲ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည် ဟု စစ်ဘေးရှောင်များကိုကူညီနေသည့်  ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုသည်။

“အခုလိုဘာသာ‌ရေး အဆောက်အအုံဖြစ်တဲ့ ရပ်ရွာတစ်ရွာရဲ့အမြင့်မြတ်ဆုံးဘုန်းကြီးကျောင်းကို ပစ်မှတ် ထားဗုံးကြဲတာဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံအတွက် အလွန်တရာလက်မခံနိုင်တဲ့ ယုတ်ညံ့ဖွယ်အောက် တန်းကျတဲ့ လုပ်ရပ် တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ၀င်လူငယ်တွေ စုပေါင်းထားတဲ့ မိမိတို့အသင်းအနေနဲ့လည်း အခုလုပ်ရပ်ကိုပြင်းထန်ကန့်ကွက်ရှုံ့ချပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် အောင်ဖြူပြင်ရွာဘုန်းကြီးကျောင်းမှ အဆောက်အဦ တစ်ခု။ (ဓာတ်ပုံ -ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

ပုဏ္ဏားကျွန်းမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း မြို့နယ်တောင်ဘက် ကပ်လျက် စစ်တွေ မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးဖြင့် အမြဲပစ်ခတ်နေသဖြင့် ဒေသခံများက မြို့ပေါ်တွင် ပြန်လည်မနေထိုင်ရဲကြသေးပေ။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက တစုံတရာမထုတ်ပြန်ထားဘဲ စစ်တပ်ဝါဒဖြန့် တယ်လီ ဂရမ်တချို့က အောင်ဖြူပြင်ကျေးရွာရှိ AA စခန်းကို ဗုံးကြဲရှင်းလင်းကြောင်း ဖော်ပြနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်အနီးရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA)တို့ အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် စစ်ရေးတင်းမာမှုအမြင့်ဆုံးအခြေအနေသို့ရောက်နေသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုအောင်းနေထိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ လူနေအဆောက်အဦများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

တော်လှန်ရေးဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ် ကြသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း ၄၅ ဦးသေဆုံးခဲ့ပြီးထိုထဲမှ၂၆ ဦး မှာ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၁၂ ဦးမှာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု သိရသည်။ ထိုသေဆုံး သူများအနက် ၃၀ ဦးသည် နိုင်ငံအလယ်ပိုင်း မကွေးတိုင်းမှ ဖြစ်ကြသည်။ 

မြို့နယ် ၁၇ မြို့နယ်နှင့်ဖွဲ့စည်းထားသော ရခိုင် ပြည်နယ်တွင် AA သည် မြို့နယ် ၁၄ မြို့ဖြစ်သည့် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။

ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းမည်ဟု ကြွေးကြော်ထားသော AA က သိမ်းရန်ကျန်သည့် စစ်တွေနှင့် ကျောက်ဖြူတွင်လည်း လတ်တလော တိုက်ပွဲများဖြစ်ပွားနေရာ မာန်အောင်မြို့နယ်တစ်ခုသာ တိုက်ပွဲ မဖြစ်ဘဲ ကျန်သည်။

ထို့အတူ ဖေဖော်ဝါရီ တတိယပတ်မှစ၍ တိုက်ပွဲများပြင်းထန်လာသော  ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်းပစ်ကူများ အများအပြား အသုံးပြုကာ  တိုက်ခိုက်နေသဖြင့် မတ်လ အတွင်း အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများများရှိသည်၊ နေအိမ်အများအပြားလည်း မီးလောင် ပျက်စီးခဲ့သည်။ 

AA သည် ထိုမြို့များအပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသော ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းထဲမှ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။

 ဒဏ်ရာရသူတစ်ဦးကို ယမန်နေ့ညက သယ်ယူလာစဉ်။ (ဓာတ်ပုံ -ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး)

Show More

Related Articles

Back to top button