
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး နောက်တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးမည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (ထန်တလန်) က ယမန်နေ့ (မတ် ၂၄) က ထုတ်ပြန်လိုက်သည်။
အသက် ၇၇ နှစ်အရွယ် ဒေါက်တာမှုထန်ပိုင်ဆိုင်သည့် ထန်တလန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ၎င်းအမည် ပေါက် နေအိမ် ၂ လုံး၊ မြေကွက် ၃ ကွက်နှင့် မြို့ပြင်ရှိ ၄ ဧကခွဲ နှင့် ၅ ဧကခန့်ရှိသည့် စိုက်ပျိုးရေးခြံများကို သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး အာဏာမသိမ်းမီက ကာလပေါက်ဈေး ခန့်မှန်းခြေ သိန်း ၆၀၀၀ ခန့် တန်ဖိုးရှိ သည်။
၎င်းသည် ထန်တလန်ကို မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်အား ထောက်ခံသူဖြစ်ပြီး စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်ပါ လုပ်ဆောင်နေသည့်အတွက် ပိုင်ဆိုင်မှုများသိမ်းဆည်းခြင်းဖြစ်ကြောင်း CDF ထန်တလန်ဘက်က ဆိုသည်။
“ သူ့ကို မုန်းလို့ဆန့်ကျင်တာ မဟုတ်ဘူး။ သူ့လုပ်ငန်းဆောင်ရွက်တာကို ဆန့်ကျင်တာဖြစ်တယ်”ဟု CDF ထန်တလန်၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူက ပြောသည်။
ဒေါက်တာမှုထန်ကို စောင့်ကြည့်ကာ အပြစ်ပေးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ထန်တလန်ပြည်သူပြည်သားများအတွက် သူက ကောင်းကျိုးလုပ်ခဲ့တာလည်းများတယ်။ သူ့ကိုလည်း ကျွန်တော်တို့ လေးစားတယ်။ အားကိုးအားထားတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းဖြ စ်တယ်။ အဲ့ဒါကြောင့် မလို့ ဒီလိုမျိုးလုပ်တဲ့အခါမှာ သူ့အခြေအနေကိုစောင့်ကြည့်နေတာ။ ဆက်လက်ပါဝင်နေရင် ပြစ်ဒဏ်လိုမျိုး ပေးရမယ်လို့ စီစဉ်ထားတာရှိတယ်” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ ၂၀၂၄ ၊ ၂၅ အထိ လုံးဝမထွက်ဘဲ စကစ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်။ ခုချိန်ထိ ထန်တလန်မြို့တွင်း မှာလည်း ထန်တလန်သားတွေ၊ တော်လှန်ရေး တပ်သားတွေလည်း အသက်ပေးသွားတာလည်း မနည်း တော့ဘူး။ အဲ့ဒါကို လုံးဝကို စိတ်မပြောင်းဘဲနဲ့ (စစ်ကောင်စီထံမှာ) ဆက်လက်ဆောင်ရွက်နေတဲ့အတွက် ကြောင့် လုံးဝကိုမဖြစ်တော့ဘူးဆိုပြီး ဒီလိုမျိုး ဆောင်ရွက်တာဖြစ်ပါတယ်”ဟု CDF ထန်တလန် ပြောရေး ဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထန်တလန်မြို့နယ်ဇာတိဖြစ်ပြီး ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဒေါက်တာမှုထန်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ခန့်အပ်ခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ ရွေးကောက်ခံ ရသည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကို စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ပြီးနှစ်ပတ်အကြာ ပြန်လည်ဖယ်ရှားပြီး ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ် ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မြို့တော်၊ ဟားခါးမြို့နယ်မှ ဒေါက်တာမှုထန်၏ နေအိမ်တစ်ခုကို CDF (ဟားခါး) က ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး တစ်လအကြာ ထန်တလန်မြို့နယ်ရှိ ပိုင်ဆိုင်မှုများ ထပ်မံသိမ်းဆည်းခံရခြင်းဖြစ်သည်။
ဒေါက်တာမှုထန်သည် လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တွင် အဓိကနေထိုင်ပြီး ချင်းအမျိုးသားနေ့ အပါဝင် အခမ်းအနားတချို့ တက်ရောက်ရန် ချင်းပြည်နယ်ကိုလာလေ့ရှိကြောင်း သိရသည်။
ဒေါက်တာမှုထန်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ထန်တလန်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်လုံး ထန်တလန် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင်သာ အနိုင်ရရှိခဲ့သည်။
စစ်ခေါင်းဆောင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီသစ် မှတ်ပုံတင်လျှောက်ထား သည့် ချင်းပြည်သစ်ပါတီကွန်ဂယက် တည်ထောင်သူများတွင် ဒေါက်တာမှုထန် ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းက ငြင်းဆန်ထားကြောင်း ချင်းဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။
စီမံအုပ်ချုပ်ရေးကောင်စီဝင် ကောင်စီ ဒေါက်တာမှုထန်ကို ဥရောပသမဂ္ဂ (EU) က ၂၀၂၃ နှစ်ကုန်ပိုင်းကပင် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားပြီး ခရီးသွားလာခွင့်ပိတ်ပင်ထားသည်။
ထန်တလန်မြို့နယ်မှာ မြို့လုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး ဒေသခံများ နှစ်ချီကာ စစ်ဘေးရှောင်တိမ်းနေ ရပြီး မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရန် စစ်တပ်နှင့်ချင်းတော်လှန်ရေးအင်အားစုများက အပြိုင်ဆိုင် ကြိုးပမ်းနေသည်။
လက်ရှိတွင် စစ်တပ်က ထန်တလန်မြို့ ရဲစခန်းနှင့် အမှတ် ၂၆၉ ခြေလျင်တပ်ရင်း စခန်းကုန်းတွင် အဓိက ခြေကုပ်ယူထားပြီး ကျန်နေရာ အများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား သည်ဟု ထိတွေ့ ပစ်ခတ်မှုများ မကြာခဏ ရှိနေသည်ဟု CDF ထန်တလန်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


